အစားအစာအုပ်စု (၃)စု

ဝီကီပီးဒီးယား မှ

လူသားများသည်နေ့စဥ်ဘဝတွင်စားသုံးသောအစားအစာများတွင်ခန္ဓာကိုယ်ကျန်းမာကြံခိုင်သန်စွမ်းဖို့အတွက်အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအစာများကိုနေ့စဥ်စားသုံးဖို့လိုပါသည်။လူသားများနေ့စဥ်စားသုံးသောအစားအစာများတွင်အခြေခံအာဟာရအုပ်စု (၃) စုခွဲခြားနိုင်ပါသည်။

  1. ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု
  2. အင်အားဖြစ်ထွန်းစေသော အစာအုပ်စု
  3. ရောဂါအမျိုးမျိုးတွေ့ကိုကာကွယ်ပေးတဲ့ အစာအုပ်စုတွေပဲဖြစ်ပါသည်။


ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စုဖြစ်ပြီး ပရိုတင်း(ခေါ်) အသားဓါတ် ပါဝင်တဲ့အစားအစာများဖြစ်ပါသည်။ လူသားများရဲ့ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ဉာဏ်ရည်ဖွံ့ ဖြိုးရန်အတွက် အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်တာကြောင့် မျှတတဲ့ အဟာရကိုရရှိဖို့ ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာတွေ တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်နေဖို့ လိုအပ်ပါသည်။အသားဓာတ်ကို တိရစ္ဆာန်မှရတဲ့ အသားတွေက ရနိုင်သလို၊ ပဲအမျိုးမျိုးမှလည်း ရနိုင်ပါတယ်။ အသားဓာတ်လို့ပြောတဲ့အခါမှာ ကျွန်တော်တို့ နေ့စဉ် ဈေးမှာ ဝယ်လို့ရတဲ့ ဝက်သား၊ အမဲသား၊ ကြက်သား၊ ဘဲသား၊ ဆိတ်သား၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ပုဇွန်၊ သွေးအမျိုး၊ အသည်း၊ နို့ စတဲ့အရာတွေ အားလုံးပါဝင်သလို ပဲအမျိုးမျိုးကနေလည်းအသားဓာတ်ကို ရနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ပဲအားလုံး (ပဲကြီး၊ ပဲနောက်၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲထောပတ်၊ မြေပဲ အစရှိတဲ့ ပါဝင်ပါတယ်။ ဒါ့အပြင် အထက်ပါ ပဲတွေနဲ့ပြုလုပ်ထားတဲ့ မုန့်ပဲသွားရေစာတွေနဲ့ ပဲပြား၊ တို့ဟူး စသည်အရာတွေ အားလုံးပါဝင်ပါတယ်။ နို့နှင့် နို့ထွက် အစားအစာတွေကနေ အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေလည်း ပေါများစွာ ရရှိပါသည်။

အင်အားဖြစ်ထွန်းစေသော အစာအုပ်စု

အင်အားဖြစ်ထွန်းစေသော အစာအုပ်စုဖြစ်ပြီး ကာဗွန်ဟိုက်ဒြိတ်ဓါတ် (သို့မဟုတ်) ကစီဓါတ်ပါဝင်တဲ့ အစားအစာတွေဖြစ်ပါသည်။။ အဲဒီဓာတ်ဟာ လူသားတွေရဲ့ လှုပ်ရှားသွားလာရာမှာလိုအပ်တဲ့ စွမ်းအင်ကို ပေးနေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာ တွေဟာလည်း တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်ဖို့လိုအပ်ပါတယ်။ အဲဒီဓာတ်ကို ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင် ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကောက်ညှင်းမှုန့်၊ ဂျုံမှုန့်တို့နှင့် ပြုလုပ်ထားတဲ့ အစားအစားတွေ၊ မုန့်တွေအပြင် ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား စတာတွေကနေလည်း ရနိုင်ပါတယ်။ ဆီ၊ ထောပတ်၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ထန်းလျက်ခဲ၊ ကြံသကာ၊ သကြား စတဲ့ အစားအစာတွေကနေလည်း ရနိုင်ပါသည်။

ရောဂါအမျိုးမျိုးတွေ့ကိုကာကွယ်ပေးတဲ့ အစာအုပ်စု

ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စု ဖြစ်ပါတယ်။ လူတွေကို ရောဂါဘယတွေ မကျရောက်စေဖို့နဲ့ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့အတွက် လိုအပ်တဲ့ဓါတ်ကတော့ ဗီတာမင်နှင့် သတ္တုဓါတ်ပဲ ဖြစ်ပါသည်။ အဲဒီဓါတ်ပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းသီးဟင်း ရွက်မျိုးစုံနဲ့ အသီးအနှံမျိုးစုံပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဟာ ရောဂါကာကွယ်နိုင်စွမ်းရှိသလို ကူးစက်တတ်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်နိုင်စွမ်း ရှိပါသည်။ အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေဟာ ဟင်းသီးဟင်းရွက်တွေမှာလည်း များများစားစား ကြွယ်ဝစွာပါဝင်သည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Department of Food and Drug Administration
  2. https://www.nios.ac.in/media/documents/SecHmscicour/english/Home%20Science%20(Eng)%20Ch-3.pdf