အင်းလေး သာလေးတောင်ကျောင်းဆရာတော်
ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံ ပရိယတ္တိစာပေလောကတွင် ထင်ရှား လှသော မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတအသင်း စာမေးပွဲ (သကျ သီဟ) စာသင်တန်းနှင့် စာချတန်းတို့ကို ရှမ်းပြည်နယ် သံဃာများထဲက ပထမဦးဆုံး အောင်မြင်ခဲ့သူ။ ရဟန်းပျို စာသင်သားဘဝက မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် စာချအကျော် ဇောတိကာရုံ အုတ်ကျောင်း ဆရာတော် ရှင်နာရဒ၏ လက်ရုံးတပည့်တစ်ပါးဖြစ်သည်။ ရဟန်း ၅ ဝါရတွင် သကျသီဟ စာမေးပွဲအောင်သည်။ ၈ ဝါရတွင် ဇာတိရပ်ရွာ ညောင်ရွှေ နယ် အင်းလေးဒေသ သာလေးတောင်ကျောင်းကို ပရိယတ္တိစာသင်တိုက် တည်ပြီး ပရိယတ္တိစာပေ ပို့ချသည်။ ၁၉၃၃ ခုနှစ်မှ ပျံလွန်သည်ထိ ၃၂-နှစ်တိုင်တိုင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲကြီး၏ အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ရှမ်းပြည်နယ် အင်းတိမ်ဂိုဏ်း ထောက်၊ ရှမ်းပြည်နယ် ညောင်ရွှေနယ်လေးရပ်ဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော်အဖြစ် တင်မြှောက်ခံရ၏။ ၁၉၅၄ ခုနှစ် ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ဝန်ဆောင်ဆရာတော်အဖြစ် ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် အင်းလေးကန် သမိုင်းဝင် တန်ခိုးကြီး ဖောင်တော်ဦးရုပ်ပွားတော်များစံရာ ဖောင်တော်ဦး ကျောင်းတော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး တာဝန်ပေးအပ်ခံရ၍ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
နေမိန္ဒ၊ ရှင်၊ သာလေးတောင်ကျောင်းဆရာတော်
[ပြင်ဆင်ရန်]၁၉၀၆ ခုနှစ် အောက်တိုဘာလ ၆-ရက် စနေနေ့တွင် အင်းလေး ဒေသ သာလေးရွာ၌ ဖွားသည်။ အဖ ကုန်သည် ဦးဘိုလုံ၊ အမိ ဒေါ်ဝေါ ဖြစ်သည်။ မွေးချင်း ၈-ယောက်တွင် ပဉ္စမမြောက် ဖြစ်သည်။ အမည် မောင်သန်းတင် ဖြစ်သည်။ ၇-နှစ်အရွယ်တွင် သာလေးရွာ မူလတန်းကျောင်း၌ စတင် ပညာ သင်သည်။ ထို့နောက် သာလေးရွာ တောင်ကျောင်း ရှင်ကေသရထံ ပြောင်း၍ ပရိယတ္တိစာပေသင်ယူသည်။ ၁၄-နှစ်တွင် ရှင်ဖြစ်သည်။ သာမဏေဘွဲ့ ရှင်နေမိန္ဒ။ ဥပဇ္ဈာယ်ဆရာမှာ ရှင်ကေသရ။ ရဟန်းဒါယကာမှာ မိဘနှစ်ပါးဖြစ်သည်။ သာမဏေဝတ်ဖြင့် ကစ္စည်းသဒ္ဒါ၊ ပုစ်စစ်၊ အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်ကျမ်း)၊ အဘိဓာန်ကျမ်းများ သင်ယူခဲ့သည်။ ဉာဏ်ထက်မြက်၍ သင်္ဂြိုဟ်တစ်ပိုင်းကို နှစ်ရက်ဖြင့် အာဂုံရသည်။ သာမဏေ ၂ ဝါရ ၁၉၂၂ ခုနှစ် ဟဲယာရွာမ၌ ကျင်းပသော စာပြန်ပွဲ (ပထမဆင့်) အောင်မြင်သည်။ ပထမဆင့်တွင် ပါတိမောက်၊ ကစ္စည်းသဒ္ဒါ၊ ပုဒ်စစ်၊ သင်္ဂြိုဟ်ကျမ်းများ အာဂုံပြန်ဆိုရသည်။
သာမဏေ ၃ ဝါရ ၁၉၂၃ ခုနှစ် သာလေးရွာ၌ ကျင်းပသော စာပြန်ပွဲ ဒုတိယဆင့် ဋီကာကျော် အာဂုံပြန်တွင် ရဟန်း ၄-ပါးနှင့်အတူ ဝင်ရောက်ပြန်ဆိုရာ အကောင်းဆုံး ပြန်ဆိုနိုင်၍ သာမဏေကျော်အဖြစ် ထင်ရှားခဲ့သည်။ စာပြန်ပွဲပြီးနောက် ရန်အောင်ခေါ် ရနောင်မြို့ ဇေယု တောရကျောင်း ပိဋကတ်အကျော် ရှင်ခန္တီဝရ (၁၈၇၀-၁၉၄၇)ထံ ပြောင်း၍ ပိဋကတ်စာပေများ သင်ယူသည်။ ရှင်ခန္တီဝရမှာ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ပင်းသာကျောင်းဆရာတော် ဖြစ်သည်။ ၂-နှစ်ခန့်အကြာ မန္တလေးမြို့ ဘုရားကြီးတိုက် ပြန်လည်သီတင်းသုံးရာ ရှင်ခန္တီဝရနှင့်အတူ လိုက်ပါခဲ့၏။ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ပင်းသာကျောင်း ဆရာတော် ရှင်ခန္တီဝရနှင့် တပည့်ကြီး သာသနဇောတိကာရုံ အုတ်ကျောင်း ဆရာတော် ရှင်နာရဒ (၁၈၈၈-၁၉၆၅)ထံ သာမဏေဝတ်ဖြင့် ပိဋကတ် စာပေ ဆက်လက်သင်ယူသည်။
၁၉၂၆ ခုနှစ် မတ်လ ၁-ရက် တနင်္လာနေ့တွင် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက်သိမ်၌ ရဟန်းဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ ရွှေရေး ဆောင်တိုက်နာယက ရှင်အာဒိစ္စရံသီ (ဦးကြည် ၁၈၅၇-၁၉၁၅) ဖြစ်သည်။ ဆရာရင်း ရှင်ခန္တီဝရ၊ ညောင်ကန်တိုက်အုပ် ရှင်က္ကန္ဒာဘိဝံသ၊ ဇောတိကာရုံ အုတ်ကျောင်းဆရာတော် ရှင်နာရဒတို့က ကမ္မဝါစာဆရာပြုသည်။ ရဟန်း ဒါယကာမှာ အင်းလေးကန် သာလေးရွာ ဘုရားဒါယကာ သူဌေး ဦးကြုတ်၊ ဒေါ်အိမ် မိသားစုဖြစ်သည်။ ရဟန်းဘွဲ့မှာ ရှင်နေမိန္ဒ ဖြစ်သည်။
ရဟန်းဖြစ်ပြီး ပင်းသာဆရာတော်၊ ဇောတိကာရုံ အုတ်ကျောင်း ဆရာတော်၊ ရွှေရေးဆောင်ဆရာတော်၊ ညောင်ကန်တိုက်အုပ်ဆရာတော်၊ မိုးကောင်းတိုက် ညောင်ရမ်းဆရာတော် ရှင်ရေဝတ၊ မစိုးရိမ် နာယက ဆရာတော်၊ စံကျောင်း ရှင်စန္ဒိမာနှင့် ဘုရားကြီးတိုက် စတုတ္ထဆရာတော် ရှင်အာစရ၊ ရှင်ဇာဂရ၊ ရှင်ဝိစာရ (ဦးပခန်း)၊ ဆဋ္ဌမ သံဃာ့နာယက ရှင်ဥက္ကံသမာလာ (ဦးငြိမ်း)၊ ရှင်သံဝရ၊ ရှင်နန္ဒိယ (ကဗျာနန်)၊ ဟံသာဝတီ ဆရာတော် ရှင်ဣန္ဒာသဘ၊ ရွှေဘုန်းရှိန်ဆရာတော် (ဦးကြယ်)တို့ထံ နည်းခံ သင်ယူ၍ ရဟန်း ၁ ဝါရတွင် အစိုးရ ပထမပြန်စာမေးပွဲ ပထမလတ်တန်း၊ ရဟန်း ၂ ဝါရတွင် သကျသီဟစာမေးပွဲ စာသင်တန်း၊ ရဟန်း ၅ ဝါရတွင် သကျသီဟ စာမေးပွဲစာချတန်းကို ပထမဆင့်မှ အောင်မြင်ခဲ့သည်။ အလွန် ခက်ခဲ၍ အောင်ချက်နည်းလှသော သကျသီဟစာမေးပွဲစာသင်တန်း၊ စာချ တန်းများကို ရှမ်းပြည်နယ် သံဃာများထဲက ပထမဦးဆုံး အောင်မြင်ခဲ့သူ အဖြစ် မှတ်တမ်းတင်ခံရသည်။
သကျသီဟ စာမေးပွဲပြီးနောက် ပင်းသာဆရာတော်နှင့် အုတ်ကျောင်း ဆရာတော်တို့က စာချတာဝန်ပေးအပ်၍ ပရိယတ္တိစာပေ ပြန်လည်ပို့ချသည်။ အရပ်ရပ်မှ မေးလျှောက်သော ပုစ္ဆာများ၊ ဝိနိစ္ဆယများကို ဆရာတော် နှစ်ပါးကိုယ်စား ဖြေဆိုရသည်။ ၁၉၃၄ ခုနှစ် ၈ ဝါရတွင် ရဟန်းဒါယကာ များ၏ ဆန္ဒ၊ ဆရာနှစ်ပါး၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ သာလေးတောင်ကျောင်း၌ ပရိယတ္တိစာသင်တိုက် ဖွင့်လှစ်သည်။ ရှင်မေဓာဝီ၊ ရှင်ကဝိန္ဒတို့နှင့်အတူ တစ်နှစ်ခန့် စာသင်တိုက်ဖွင့်လှစ်ပြီး ၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့ ဘုရားကြီးတိုက် ဆရာတော်နှစ်ပါးထံ ပြန်လည် သီတင်းသုံး စာပေပို့ချသည်။ ထိုသို့ စာပေပို့ချနေစဉ် ညောင်ရွှေနယ် ဝိနယာဒိနုဂ္ဂဟ အာဂုံစာပြန်ပွဲကြီး၏ အဝေးရောက် အကျိုးတော် ဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြောင့် ၁၉၄၂ ခုနှစ်တွင် ဆရာတော်နှစ်ပါး၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ် အင်းလေးကန် သာလေးတောင်ကျောင်းပြန်၍ သီတင်းသုံးသည်။ စစ်အတွင်းမှာပင် နောက်ပါသံဃာများကို ပရိယတ္တိ စာပေပို့ချသည်။ ဂျပန်ခေတ် ဂျပန်အာဏာပိုင်များ၏ ဆန္ဒအရ ညောင်ရွှေ စော်ဘွားကြီး ဦးဆောင်၍ ရှမ်းပြည်နယ် သံဃာများ တစ်ဂိုဏ်းတစ်ဖွဲ့တည်း ဖြစ်မြောက်ရေး၊ ဝိနည်းတရားနှင့်အညီ ကျင့်ကြံသီတင်းသုံးနိုင်ရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ညောင်ရွှေမြို့ ရန်ကုန်ကျောင်း သာသနဝိဇ္ဇောဒယ စာသင်တိုက်တွင် ဝိနည်းမဟာဝါ ပါဠိတော်ကို ပို့ချခဲ့သည်။ ရှမ်းပြည်နယ် သံဃာများ တစ်ဖွဲ့တည်းဖြစ်မြောက်ရေး အထိမ်းအမှတ်အဖြစ် သဒ္ဓမ္မဌိတိခဏ္ဍသိမ် သမုတ်ရာတွင် ဦးဆောင်တာဝန်ယူရန် ညောင်ရွှေနယ်လေးရပ်လုံးဆိုင်ရာ ဂိုဏ်းချုပ် လင်းကင်းဆရာတော်၏ တာဝန်ပေးအပ်ခံရသည်။ သဒ္ဓမ္မဋ္ဌိတိ သိမ်နှင့် အခြားသိမ်ပေါင်း ၂၀ကို တာဝန်ယူ သမုတ်ပေးခဲ့သည်။
၁၉၄၃ ခုနှစ်တွင် သာလေးတောင်ကျောင်း၌ စာချတာဝန်အဖြစ် သီတင်းသုံးနေရာစဉ် ကျောင်းထိုင် ရှင်မေဓာဝီက သာလေးတောင်ကျောင်းကို ရှင်နေမိန္ဒအား နှစ်ဦးပိုင် ဒွိသန္တက လှူဒါန်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ရှင်မေဓာဝီ သာသနာ့ဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားရာ သာလေး တောင်ကျောင်း ကျောင်းထိုင်ဆရာတော် ဖြစ်လာသည်။ သာလေးတောင် ကျောင်း၌ စာသင်သံဃာ ၄၀ ကျော်ရှိ၍ နေ့ဝါ ညဝါများကို တစ်ပါးတည်း တာဝန်ယူ ပို့ချခဲ့သည်။ စာပေပို့ချရုံမျှမက စာသင်သားများတွက် ရည်ရွယ်၍ ကစ္စာယနဓာတုမဉ္ဇူသာ နိဿယသစ်ကျမ်း၊ ဒါယကာ ဒါယိကာမများအတွက် သိင်္ဂါလောဝါဒသုတ် ဆောင်ပုဒ်လင်္ကာ အဓိပ္ပာယ်ကျမ်းတို့ ပြုစု ခဲ့သည်။ ယင်းကျမ်း ၂ ကျမ်းသည် ညောင်ရွှေမြို့ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲအတွက် ပြဋ္ဌာန်းခံရသည်။
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၉-ရက် အင်္ဂါနေ့တွင် ညောင်ရွှေ နယ်လေးရပ်လုံးဆိုင်ရာ သံဃရာဇာ (ဂိုဏ်းချုပ်) ရွှေဂူဆရာတော်နှင့် သာသနာ့ဒါယကာ ညောင်ရွှေစော်ဘွားကြီးတို့၏ အင်းတိမ်ဂိုဏ်းထောက်အဖြစ် စာချွန်တော် ဆက်ကပ်ခံရသည်။ ၁၉၅၂ ခုနှစ်တွင် အင်းလေးကန် ဖောင်တော်ဦးကျောင်းတော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေးအတွက် အဖွဲ့ သဘာပတိ မိုင်းပျိုးဆရာတော်၏ တာဝန်လွှဲအပ်ခံရ၍ တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၅၄ ခုနှစ် ဆဋ္ဌသင်္ဂါယနာသဘင်တွင် ညောင်ရွှေမြို့ ပါဠိဝိသောဓက အဖွဲ့ဝင်အဖြစ် မိလိန္ဒပဉှာပါဠိတော် သုတ်သင်တည်းဖြတ်ရေး၊ ပဋိဝိသော ဓက အဖွဲ့ဝင်အဖြစ် သံယုတ်ပါဠိတော် သုတ်သင်တည်းဖြတ်ရေး၊ ဆဋ္ဌ သင်္ဂါယနာ ဝန်ဆောင်ဆရာတော်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ် ညောင်ရွှေစာပြန်ပွဲ ကျင်းပနေစဉ် ဂိုဏ်းအုပ်၊ ဂိုဏ်းထောက် ဆရာတော်များ စည်းဝေး၍ သာလေးတောင်ကျောင်း ဆရာတော်အား ညောင်ရွှေနယ် လေးရပ်လုံးဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ဆန္ဒပြုကြသည်။ သာလေးတောင်ကျောင်းဆရာတော်က အကြောင်းအမျိုးမျိုးပြ၍ သက်တော်၊ ဝါတော်ကြီးသော မိုင်းပျိုးဂိုဏ်းထောက်ဆရာတော်အား သံဃသမ္မုတိ ဂိုဏ်းချုပ် ဆရာတော်အဖြစ် တင်မြှောက်စေခဲ့သည်။ မိုင်းပျိုးဆရာတော်မှာ သက်တော် ဝါတော်ကြီး၊ ဂိလာနပုဂ္ဂိုလ်ဖြစ်၍ ဂိုဏ်းတာဝန်များ ကိုယ်စားဆောင်ရွက်ရန် သာလေးတောင်ကျောင်းဆရာတော်အား ပြန်လည်လွှဲအပ်ရာ ဟဲယာရွာမဂိုဏ်းအုပ် ကျောင်းနီကျောင်းဆရာတော်နှင့်အတူ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။
၁၉၆၅ ခုနှစ်တွင် ဂိုဏ်းချုပ် မိုင်းပျိုးဆရာတော် ပျံလွန်ရာ ကျောင်းနီ ကျောင်းဆရာတော်နှင့်အတူ ဂိုဏ်းချုပ်တာဝန်ကို ပူးတွဲတာဝန်ယူခဲ့သည်။ နှစ်ပေါင်းများစွာ နေ့ဝါညဝါ စာချလာ၍ လေနာရောဂါ စွဲကပ်ခံစားနေရသော်လည်း ဂိုဏ်းချုပ်တာဝန်၊ ဖောင်တော်ဦးကျောင်းဆောင်ကြီး အသစ် ပြန်လည်ဆောက်လုပ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ဘုရားကြီးတိုက် ပင်းသာကျောင်းဆရာတော် ရှင်ခန္တီဝရနှင့် စာချအကျော် အုတ်ကျောင်းဆရာတော် ရှင်နာရဒတို့၏ တပည့်ကောင်းပီသစွာ ဂုဏ် ပကာသန၊ အကျော်အစော၊ လာဘ်လာဘကို အလေးမမူ၊ စွန့်လွှတ်မှုကို လက်ကိုင်ထား၍ ပရဟိတစိတ်ပြည့်ဝရာ ညောင်ရွှေနယ်သံဃာများ၏ ယုံကြည်လေးစားမှုခံရသည်။
သက်တော် ၆၀ သိက္ခာ ၄၀ အရ လေနာ၊ ဆီးချို၊ နှလုံးရောဂါ ဝေဒနာဖြင့် ၁၉၆၅ ခု အောက်တိုဘာလ ၃၁-ရက် စနေနေ့ည ၇းဝဝ နာရီအချိန်တွင် သာလေးတောင်ကျောင်း၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်း ခဲပါသည်။ [၁]