အင်တာနက်အနိုင်ကျင့်စော်ကားမှု

ဝီကီပီးဒီးယား မှ

.

အင်တာနက်အနိုင်ကျင့်စော်ကားမှု (ဂျပန်: ネットいじめ) သည် အီလက်ထရွန်းနစ်ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုကာ အနိုင်ကျင့် စော်ကား နှောက်ယှက်မှု ပုံစံတစ်မျိုးဖြစ်သည်။ အွန်လိုင်း အနိုင်ကျင့်စော်ကားမှု ဟုလည်း ခေါ်ပြီး နည်းပညာတိုးတက်လာပြီး အသုံးပြုမှုတွင်ကျယ်လာခြင်းနှင့်အတူ အထူးသဖြင့် ဆယ်ကျော်သက်များအကြားတွင် အတွေ့ရများလာသည်။[၁]

ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ကွန်ပျူတာများကို ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို အသုံးပြုပြီး သတင်း အချက်အလက်များ ထုတ်လွှင့်ခြင်း ၊ ပေးပို့ခြင်း ၊ ရယူခြင်းများတို့ကို လုပ်ဆောင်ပေးနိုင်တဲ့ အင်တာနက် internet ဆိုတဲ့ စနစ်တစ်ခုပေါ်ပေါက်လာခဲ့ခြင်းဟာ လူ့ဘောင်လောကအတွက် အလွန်ကျေးဇူးများလှပါတယ်။

အခုဆိုရင် အင်တာနက်ဟာ တစ်ကမ္ဘာလုံးရှိ အိမ်များ ၊ စီးပွားရေး လုပ်ငန်းများ ၊ ကျောင်းများ ၊ ရုံးများ ၊ စာကြည့်တိုက်များကို ရောက်ရှိ နေပြီဖြစ်သော်လည်း မူလအစကမူ ရိုးရှင်းလှတဲ့ ကွန်ပျူတာကွန်ယက် ARPANET နဲ့စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများနဲ့ စစ်ဘက်ရေးရာ ကာကွယ်ရေးလုပ်ငန်းများအတွက်သာ အသုံးပြုရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖိုင်လ်များလွှဲပြောင်းခြင်း ၊ e-mail များပို့ခြင်းနဲ USENET လို့ခေါ်တဲ့ Forum မှတဆင့် သတင်း အချက်အလက်များ ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီ နောက်မှာ တော့ HTTP (hypertext transfer protocol) တိုးတက် ကျယ်ပြန့် လာမှုကြောင့် စာသား ၊ ရုပ်ပုံ ၊ အသံဖိုင်လ်များကိုပို့ဆောင်နိုင်သော webpages လို့ခေါ်တဲ့ hyperlinked electronic documents မှတဆင့် အင်တာနက်ကို အသုံးပြုသူများက အချင်းချင်း ဖိုင်လ်များကို ပို့ဆောင်ခဲ့ကြပါတယ်။

မူလအစက စစ်ဘက်ရေးရာ ကာကွယ်ရေး ၊ လုံခြုံရေးနဲ့ ပညာရေး ဆိုင်ရာ သုတေသန လုပ်ငန်းများအတွက်သာ အသုံးပြုရန် ရည်ရွယ် တည်ထောင်ခြင်း ဖြစ်ပေမယ့်လည်း အခုဆိုရင် ရုပ်ပုံ ၊ အသံဖိုင်လ် ၊ ရုပ်ရှင်ကားများကိုပါ ပေးပို့နိုင်ပြီး ကမ္ဘာပေါ်ရှိ လူများ အချင်းချင်း ဆက်သွယ်ရေး ၊ ဖျော်ဖြေရေးအတွက်ပါအသုံးပြုလာကြပါပြီ။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ သိလိုသမျှကိုလည်း အင်တာနက် စာမျက်နှာပေါ်မှာ ရှာဖွေပြီး လေ့လာနိုင်သဖြင့် ကျောင်းသား လူငယ်များအတွက် အလွန် အကျိုးကျေးဇူး ဖြစ်ထွန်းလှပါတယ်။ ဒါပေမယ့်လည်း အင်တာနက်ကြောင့် ဆယ်ကျော်သက် လူငယ်အများ ၊ လူငယ် လူရွယ်များ မိမိကိုယ်မိမိ သတ်သေသွားကြတယ်ဆိုတာ ဝမ်းနည်းစွာ သိရှိရပါတယ်။

အမေရိကန်ပြည်တောင်စုမှ ၁၃ နှစ်အရွယ် Ryan Halligan အမည်ရှိတဲ့ ကျောင်းသားလေးမှာ အတန်းဖော်သူငယ်ချင်းများက သူ့ကို ဂေး (gay) ဖြစ်တယ်လို့ instant message များနဲ့ သတင်းမှားဖြန့်ဝေတာကြောင့် စိတ်ဆင်းရဲပြီး ကျောင်းမှာလည်း မပျော်ပိုက်တော့ပါဘူး။ တစ်တန်းတည်းသား ကျောင်းသူတစ်ဦးက သူ့ကို ခင်မင်ချင်ဟန်ဆောင်ကာ သူနဲ့ အွန်လိုင်း ချက်တင်းလုပ်ပြီး အဲဒီ ချက်တင်းလုပ်ထားသမျှတွေကို အင်တာနက်မှာ ပြန်လည် ဖြန့်ဝေပါတယ်။ အဲဒီလိုနဲ့ ကျောင်းမှာ နောက်ပြောင်ခံရတဲ့ Ryan က နောက်ဆုံးမှာတော့ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသူ Gail Jones ကတော့ သူမရဲ့ မိုဘိုင်းလ်ဖုန်းကို နာရီဝက်တစ်ခါ ခေါ်ဆို ခြိမ်းခြောက် နောက်ပြောင်မှုတွေ ၂၀ ခန့် ရရှိအပြီးမှာတော့ သူမကိုယ်သူမ သတ်သေသွားခဲ့ပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူက ညသန်းခေါင်ယံမှာ လာတဲ့ဖုန်းကြောင့် သူမကိုယ်သူမ သတ်သေသွားခဲ့တာလို့ သံသယ ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်များ အင်တာနက်သုံးစွဲမှုက ပိုမိုမြင့်မားလာသလို ခြိမ်းခြောက်သော အီးမေးလ်များ ၊ ဓာတ်ပုံများ ၊ဗီဒီယိုဖိုင်လ်များကို အင်တာနက်မှာ ဖြန့်ဝေသော ခြိမ်းခြောက်မှုများကြောင့် သူတို့ကိုယ်သူတို့ သတ်သေသွားကြတဲ့ ဆယ်ကျော်သက်လူငယ်များလည်း အများအပြား ဖြစ်လာပါတယ်။

၂၀၀၇ ခုနှစ် မှာ လေ့လာမှုအရ အမေရိကန် ဆယ်ကျော်သက်အရွယ် အင်တာနက်သုံးစွဲသူ ၃ ပုံ ၁ပုံဟာ အင်တာနက်မှာ အနိုင်ကျင့်စော်ကားသူတို့ရဲ့ ပစ်မှတ် ဖြစ်နေတယ်လို့ သိရပါတယ်။ online communication က ကြီးထွားလာတာနဲ့ အမျှ လူငယ် လူရွယ်များကို အနိုင်ကျင့်စော်ကားမှုက အင်တာနက်မှသည် ပြည်သူလူထု အတွင်းကို ရောက်ရှိလာပါတယ်။

အင်တာနက်မှာ အနိုင်ကျင့် စော်ကားခြင်းinternet abuse ကို သုတေသနများ ပြုလုပ်တဲ့အခါမှာ online communication က လူတွေကို ပြင်ပလောကမှာ မလုပ်ရဲတာတွေကို လုပ်ဖို့ အတွက် အားပေး အားမြှောက်ပြုနေသလိုဖြစ်ပြီး လူတွေဟာ ပြင်ပလောကမှာ အနိုင်ကျင့် မစော်ကားရဲသမျှ အင်တာနက်က online communication မှာအတိုးချ အနိုင်ကျင့် စော်ကားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အင်တာနက်မှာ အနိုင်ကျင့်စော်ကားခြင်းဟာ ကျောင်းဝန်း အတွင်းမှာ ကျောင်းသားချင်း အနိုင်ကျင့် စော်ကားခြင်းရဲ့ နောက်တစ်ဆင့်ပဲ ဖြစ်လာပါတယ်။ အင်တာနက်မှာ အနိုင်ကျင့် စော်ကားခြင်းက ပြင်ပမှာ အနိုင်ကျင့် စော်ကားခြင်းထက် ခံရသူ အပေါ်မှာပိုလို့ ထိခိုက်စေတယ်လို့ လေလ့ာမှုများက ဆိုပါတယ်။ ၂၀၀၆ ခုနှစ် ဗြိတိန်နိုင်ငံမှ အင်တာနက် သုတေသန အဖွဲ့ YouGov ရဲ့ တွေ့ရှိချက်အရ လူငယ် ၈ ယောက်မှာ ၁ ယောက်ဟာ အင်တာနက် အနိုင်ကျင့်စော်ကားခြင်းခံရပြီး ပြင်ပမှာ အနိုင်ကျင့် စော်ကားခံရခြင်းထက် ပိုလို့ ဆိုးရွားတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံမှာ အင်တာနက် အနိုင်ကျင့်စော်ကားခံရသူများဟာ ကျောင်းသား ၊ ကျောင်းသူများတင်မကဘဲ အနုပညာရှင်များပါ ပါဝင်နေပါတယ်။ ရုပ်မြင်သံကြား သရုပ်ဆောင်မင်းသမီးဖြစ်သူ Jeong Da Bin နှင့် ပေါ့ပ်အဆိုတော် Yuni တို့သည်လည်း အင်တာနက် အနိုင်ကျင့် စော်ကားမှုများကြောင့် မိမိကိုယ်မိမိ သတ်သေသွားခဲ့ကြသူများဖြစ်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ဘယ်သူမှ မသိနိုင်တဲ့ ၊ မသိတဲ့ အကြောင်းအရာများကို ဗီဒီယိုဖိုင်လ်အဖြစ်နဲ့ အင်တာနက်မှာ လူပေါင်းများစွာက ကြည့်ရှုနိုင်ခြင်းကြောင့် ဖြစ်တယ်လို့ South Carolina ပြည်နယ်Clemson University မှ စိတ်ပညာရှင်လည်း ဖြစ်သူ ၊ Cyber Bullying: Bullying in the Digital Age စာအုပ် ၏ စာရေးသူတစ်ဦးလည်းဖြစ်သူ် Robin Kowalski ကဆိုပါတယ်။ Children’s Charities’ Coalition for Internet Safety မှ ဥက္ကဋ္ဌ John Carr က အင်တာနက် အနိုင်ကျင့်စော်ကားခြင်းဟာ ဘာကြောင့် လူငယ်များကို ပိုထိခိုက်စေတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျောင်းကစားကွင်းမှာ လူကောင်ပိုထွားတဲ့ ကျောင်းသားတွေရဲ့ အနိုင်ကျင့် စော်ကားတာကိုခံခဲ့ရတယ်။ ဒါပေမယ့် ကျောင်းတက် ခေါင်းလောင်းထိုးတဲ့အခါမှာ အနိုင်ကျင့် စော်ကားမှုတွေက ရပ်သွားတယ်။ အင်တာနက်မှာကျတော့ အနိုင်ကျင့်စော်ကားမှုဟာ နေ့စဉ် ၂၄ နာရီလုံးလုံး ဖြစ်နေတော့ လွတ်မြောက်ဖို့လမ်းက မရှိဘူး လို့ ဆိုပါတယ်။

အရွယ်ရောက်ပြီးသူတစ်ယောက်ကတော့ ကွန်ပျူတာကို ပိတ်လိုက် နိုင်ပေမယ့် ဆယ်ကျော်သက်တွေအတွက်ကျတော့ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အမြဲ အဆက်အသွယ်ဖြစ်နေဖို့ကို အင်တာနက်ကို အားကိုးမှီတည်နေတယ်။ ဒါက လူငယ်တွေကြားမှာ အမြဲဖြစ်နေမှာပဲ။ ၂၀၀၇ ခုနှစ် လေ့လာချက်များအရ အမေရိကန် ဆယ်ကျော်သက် ၉၃ ရာခိုင်နှုန်းက အင်တာနက်ကို အသုံးပြုကြပြီး ၆၁ ရာခိုင်နှုန်းက နေ့စဉ် အွန်လိုင်း ဖြစ်နေကြပါတယ်။

အင်တာနက် အသုံးပြူသူများဟာ မိမိရဲ့ ကိုယ်ပိုင်နာမည် ၊ အွန်လိုင်းအိုင်ဒီ များကို ဖော်ပြဖို့ သတ္တိမရှိတဲ့အခါမှာ အမည်မသိ တစ်ယောက်အနေနဲ့ ရေးနေနိုင်တဲ့ အတွက် အင်တာနက်မှာ အနိုင်ကျင့် စော်ကားဖို့ လွယ်ကူ လှပါတယ်။ စိတ်ပညာအရ ကိုယ့်ကို အနိုင်ကျင့် စော်ကားနေသူကို မသိရခြင်းဟာ အနိုင်ကျင့်စော်ကားခံရသူကို စိတ်ရှုပ်ထွေး ရူးစေပါတယ်လို့ ဆိုပါတယ်။ အနိုင်ကျင့်စော်ကားသူဟာ ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ၊ မောင်နှမ သားချင်းလည်းဖြစ်နိုင်သလို ၊ ကျောင်းက ကျောင်းသူ ကျောင်းသား တဝက်လောက်လည်း ဖြစ်နိုင်ပါတယ် လို့ Kolwaski ကဆိုပါတယ်။ သူအင်တာဗျူးခဲ့တဲ့ အနိုင်ကျင့်စော်ကားမှုရဲ့ သားကောင်ဖြစ်သူ လူငယ် ထက်ဝက်လောက်က သူတို့ကို ဘယ်သူတွေက အနိုင်ကျင့် စော်ကား နေတယ်ဆိုတာကို မသိရပါဘူး။

မျက်နှာချင်းဆိုင် ဆုံတွေ့ ဖြေရှင်းမှု မရှိတဲ့ အင်တာနက် စော်ကားမှုတွေက အင်မတန် ကောက်ကျစ် ဆိုးရွားလှပါတယ်။ ကစားကွင်းမှာ အနိုင်ကျင့် စော်ကားတယ်ဆိုရင် စော်ကားခံရသူရဲ့ မျက်နှာ အပြောင်းအလဲ နဲ့ စိတ်ခံစားမှုကို သိမြင်နိုင်တဲ့အခါမှာ စော်ကားသူဟာလည်း ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘဲ ထိန်းသိမ်းနိုင်ပေမယ့် အင်တာနက်မှာကျတော့ စိတ်ခံစားမှု ၊ မျက်နှာ အပြောင်းအလဲကို မမြင်ရတဲ့အတွက် အနိုင်ကျင့်စော်ကားသူတွေက အဆုံးစွန် ပြုမူနိုင်ပါတယ်။ ပြင်ပလောကမှာကျတော့ ဒီဟာကို လုပ်တဲ့သူ သင်ကိုယ်တိုင်က တုံ့ပြန်လာမှုတွေကို မြင်ရပြီး သိရပြီးတော့ ဆင်ခြင်နိုင်ပေမယ့် ကွန်ပျူတာပေါ်မှာကျတော့ မိမိကိုယ်တိုင်က မိမိကိုယ်တိုင် မဟုတ်တော့သလို ခံစားရတဲ့အတွက် လူတွေဟာ အနိုင်ကျင့် စော်ကားဖို့ ဝန်မလေး တတ်ကြတာဖြစ်တယ်လို့ Kowalski ကဆိုပါတယ်။

Edinburgh မြို့ ၊ Heriot Watt University မှ Ruth Aylett ရဲ့ ဦးဆောင်မှုဖြင့် FearNot! အမည်ရှိတဲ့ ဆော့ဖ်ဝဲ တစ်ခုကို ဆယ်ကျော်သက်များ အတွက်တီထွင်ပြီး စာသင်ကျောင်းများမှာ စမ်းသပ်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံအချို့က အုပ်ချုပ်သူ အစိုးရများက ဒီလို အင်တာနက် အနိုင်ကျင် ့ စော်ကားမှုများကို အရေးယူဆောင်ရွက်လျက်ရှိနေပါတယ်။ အမေရိကန် ပြည်တောင်စု၊ တောင်ကိုရီးယားနိုင်ငံတို့မှာ အင်တာနက် အနိုင်ကျင့် စော်ကားမှု ဆိုင်ရာ ဥပဒေများထုတ်ထားပြီး အရေးယူ ဆောင်ရွက် နေပါတယ်။

သေဆုံးကွယ်လွန်သွားခဲ့ ပြီးသော ဆယ်ကျော်သက် ကလေးများကို ပြန်လည် မရရှိနိုင်တော့ပေမယ့်လည်း လက်ရှိ အင်တာနက် အသုံးပြုနေသော ၊ ရှိနေသော ဆယ်ကျော်သက်များကို ကာကွယ်ဖို့ အတွက် ၊ အသက်ဆက်လက် ရှင်သန်နေဖို့ အတွက် အင်တာနက်ဆိုင်ရာ ဥပဒေများ တင်းကြပ် သင့်လှပါ ပေတယ်။

အင်တာနက်မှာ အနိုင်ကျင့်စော်ကားခံရသူ ဆယ်ကျော်သက်များကို ကူညီပေးနေတဲ့ www.rdasia.com ကိုဆက်သွယ် စာရေး အကူညီတောင်းနိုင်ပြီး helpful tips များကိုလည်း ဒေါင်းလုတ်ဒ် ရယူနိုင်ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]