အင်ဂ်ဗာ ကမ်ပရက်ဒ်

ဝီကီပီးဒီးယား မှ
အင်ဂ်ဗာ ကမ်ပရက်ဒ်
မွေးသက္ကရာဇ် ၃၀ မတ်လ၊ ၁၉၂၆ (၈၄နှစ်)
အယ်လ်မ်ဟော့တ် ၊ ခရိုနိုဘတ် နိုင်ငံ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၃ ဘီလျံ
ကြင်ဖော် မာဂရီသာ
သားသမီး ၄ယောက်

၁၉၆၂ မတ် ၃၀ တွင် မွေးဖွားသူ Ingvar Feodor ကမ်ပရက်ဒ် သည် ဆွီဒင်နိုင်ငံရှိ ကုန်စည်များကို လက်လီ ရောင်းချ သည့် ကုမ္ပဏီကြီးတခုဖြစ်သော IKEA ကိုတည်ထောင်ခဲ့သူ ဩဇာအာဏာရှိသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သည်။ ကမ္ဘာကျော် Forbes Magazine ၏ စာရင်းအရ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံခန့် ပိုင်ဆိုင်ပြီး ကမ္ဘာ့နံပါတ် ၁၁ အဆင့်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ် တယောက်ဖြစ်သည်။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

အင်ဂ်ဗာ ကမ်ပရက်ဒ် ကို Almhult Municipality ရှိ Pjatteryd တွင် မွေးဖွားခဲ့ပြီး Sweden နိုင်ငံ၊ Smaland ဒေသ၊ Ljungby အုပ်ချုပ်ရေးအဖွဲ့လက်အောက်ရှိ Agunnaryd ရွာအနီးမှ Elmataryd ( ယခု Almtaryd ဟုပြောင်း ) မွေးမြူရေးခြံတခုတွင် ကြီးပြင်းခဲ့သည်။ သူသည် ဆွီဒင်နိုင်ငံရှိ ဒုတိယ ဂျာမန်မျိုးဆက် ဖြစ်သည်။ သူ့အဘိုးဖြစ်သူမှာ သူ၏ ဂျာမန် မိသားစုကို ပထမဆုံး ဆွီဒင်နိုင်ငံ သို့ပြောင်းရွေ့ လာခဲ့သူ ဖြစ်သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

ကလေးဘဝကပင် အိမ်နီးနားခြင်းများကို စက်ဘီးတစ်စီးဖြင့် မီးခြစ်များ လိုက်လံရောင်းချခြင်းဖြင့် စီးပွားရှာခဲ့ သည်။ သူသည် Stockholm မှ မီးခြစ်များကို အမြောက်အမြားဝယ်ယူပြီး တခုချင်း ဈေးသက်သက်သာသာဖြင့် ရောင်းချခြင်းဖြင့်ပင် အမြတ်အစွန်းများစွာ ရရှိနိုင်သည်ဟု တွေ့ရှိခဲ့ရသည်။

နောက်ပိုင်းတွင် မီးခြစ်သာမက ငါး၊ ခရစ်စမတ် သစ်ပင်အလှဆင်သည့် ပစ္စည်းများ၊ မျိုးစေ့များ၊ စာရေးသည့် ဘောပင် နှင့် ခဲတံများ ကိုပါဝယ် ယူရောင်းချခဲ့သည်။ ကမ်ပရက်ဒ် အသက် ၁၇ နှစ်တွင် စာမေးပွဲအောင်မြင် သည့် အထိမ်းအမှတ်ဖြင့် မုန့်ဖိုးပိုက်ဆံများ ဆုချခဲ့သည်။ ထိုပိုက်ဆံများကို IKEA ဖြစ်မြောက်လာရန် အသုံးပြုခဲ့သည်။

IKEA ၏ အဓိပ္ပာယ်မှာ သူ့နာမည် ( Ingvar Kamprad ) ၏ အရှေ့စာလုံးများ၊ သူမွေးဖွားကြီးပြင်းခဲ့သည့် စိုက်ပျိုး မွေးမြူရေးခြံ ၏ အမည် Elmtaryd နှင့် ထို စိုက်ပျိုးရေးခြံတည်ရှိရာ ရွာနာမည် Agunnaryd တို့ကို ယူထားခြင်း ဖြစ်သည်။ ကမ်ပရက်ဒ် သည် Switzerland နိုင်ငံ Epalinges တွင် ၁၉၇၆ ခုနှစ်ကတည်းက နေထိုင်ခဲ့သည်။

ပြင်သစ်ဘာသာဖြင့် ပြောသော ဆွစ်ဇာလန် ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်း တခုတွင် ကမ်ပရက်ဒ် သည် ၁၅ နှစ်ခန့်သက်တမ်းရှိပြီဖြစ်သော Volvo 240 ကားကိုစီးသည်၊ လေယာဉ်ပျံကို Economy Class က စီးသည်။ IKEA မှ အလုပ်သမားများကို စာရွက်၏ စာမျက်နှာ ၂ မျက်နှာလုံးတွင်ရေးရန် အမြဲတိုက်တွန်းသည်ဟု ဖော်ပြခဲ့သည်။

ထိုမျှသာမက ဈေးသက်သာသည့် အစားအသောက်များ အတွက် IKEA သို့သွားရန် ပြောစမှတ် ပြုကြသည်။ သူသည် ခရစ်စမတ် စက္ကူများနှင့် လက်ဆောင်ပစ္စည်းများကို ခရစ်စမတ် လွန်ကာလ၌ ရောင်းချသည့် ဈေးရောင်းပွဲများမှသာ ဝယ်ယူသည်ဟုလဲ နာမည်ကြီးသည်။ ကမ်ပရက်ဒ် ၏ ခြိုးခြံချွေတာမှုသည် မှတ်တမ်းတင်ထိုက်ပြီး IKEA အလုပ်သမားများနှင့် အများပြည်သူ များအတွက် စီမံခန့်ခွဲမှု၏ အရေးကြီးသည့်ပုံရိပ်တခု အဖြစ် ပြသခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ၏ အဆင့်မြင့်နေရာ တစ်ခုတွင် ဥယျာဉ်နှင့် ကျယ်ဝန်းသည့် အိမ်တလုံး၊ ဆွီဒင်တွင် ကျယ်ပြန့်သည့် ကိုယ်ပိုင် အိမ်ရာမြေကွက်တခု၊ France, Provence တွင် စပျစ်ခြံ တခြံ၊ (သို့မဟုတ် ) နှစ်ပေါင်းများစွာ သူစီးခဲ့သော ပိုရှေး ကား စသည်တို့သည် သူပိုင်ဆိုင်သည်ဟု မကြာမကြာ ထုတ်ဖော်ပြောလေ့ရှိသည့် အရာများဖြစ်ကြသည်။

အသားတင်ကြွယ်ဝချမ်းသာမှု[ပြင်ဆင်ရန်]

ဆွီဒင်စီးပွားရေး မဂ္ဂဇင်းတစောင်ဖြစ်သော Veckans Affarer ဖော်ပြချက်အရ ကမ်ပရက်ဒ် သည် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တယောက် ဖြစ်သည်။ ထိုဖော်ပြချက်သည် ကမ်ပရက်ဒ် သည် IKEA ကုမ္ပဏီ တခုလုံးကို ပိုင်ဆိုင်သည်ဟူသော ယူဆချက်မှ အခြေခံထားပြီး ထိုယူဆချက်ကို IKEA နှင့် ကမ်ပရက်ဒ် ၏ မိသားစု က ငြင်းဆို ထားသည်။

တရားဝင် အခွန်ကာကွယ်သည့် အစီအစဉ် အရ ကမ်ပရက်ဒ် သည် IKEA တွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ထားရှိပြီး Stichting INGKA နှင့် INGKA Holding တို့တွင် တစိတ်တပိုင်းစီ ခွဲ၍ လွဲပြောင်းထားရှိသည်။ သူ၏ ရူပ်ထွေးနေသော တရားဝင် အခွန်ကာကွယ်သည့် အစီအစဉ် အရ သူ အမှန်တကယ်ပိုင်ဆိုင်သည့် ပမာဏကိုလည်း အတိအကျ မသိနိုင်အောင် ထိန်းချုပ်ထားသည်။

အခြားသတင်းတစ်ခုတွင် ၂၀၀၅ အမေရိကန် ဒေါ်လာတန်ဖိုးအပြောင်းအလဲကြောင့် ကမ်ပရက်ဒ် အား ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် ဦးဆောင်ဖော်ပြထားသည်။ ၂၀၁၀ မတ်လ Forbes Magazine တွင် သူ ၏ ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁၁ အဆင့်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်ဟု ဖော်ပြထားသည်။

Stichting INGKA Foundation[ပြင်ဆင်ရန်]

ဒတ်(ခ်ျ) နိုင်ငံတွင် မှတ်ပုံတင်ထားသော Stichting INGKA Foundation ကို ကမ်ပရက်ဒ် ကနောက် ပိုင်းတွင် အမည်ပေးခဲ့ပြီး IKEA စတိုးဆိုင်များအားလုံး ၏ မိခင်ကုမ္ပဏီ ဖြစ်သော INGKA Holding က ပိုင်ဆိုင်သည်။ စီးပွားရေး သတင်းစာတစောင်ဖြစ်သော The Economist မှ” ကမ်ပရက်ဒ် ၏ ကုသိုလ်ဖြစ် ပရဟိတပြု လုပ်သည့် အဖွဲ့အစည်းသည် ခန့်မှန်းတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ ( Bill & Melinda Gates Foundation ထက်ပိုများသည်) လှူဒါန်းခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး အလှူဒါနတစ်ခု ဖြစ်သည်” ဟု ကြေညာ ခဲ့သည်။ သို့သော် အချို့က ထိုသို့လှူဒါန်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လုပ်ငန်းအားလုံး၏ အခွန် ရှောင်ရန်နှင့် IKEA ၏ ခေါင်းဆောင်နေရာကို လွှဲပြောင်းရယူခြင်းမှ ကာကွယ်ရန် အတွက် ဖြစ်သည် ဟုယုံကြည်ကြသည်။ ကမ်ပရက်ဒ် သည် ထိုအဖွဲ့အစည်း ၏ ဥက္ကဋ္ဌ ဖြစ်သည်။

အလုပ်များ[ပြင်ဆင်ရန်]

များသောအားဖြင့် သိုသိုသိပ်သိပ်နေတက်သော ကမ်ပရက်ဒ် သည် ထင်ရှားသော အလုပ်တချို့ ကို ပြုလုပ်ခဲ့သည်။ A Testament of a Furniture Dealer ဟု အမည်ပေးထားသော ကြေညာစာတမ်း တွင် IKEA ၏ အယူအဆ သဘောထား ဖြစ်သည့် စိတ်ပါဝင်စားမှုနှင့် ခြိုးခြံ ချွေတာမှု အကြောင်း ကို သူကအသေးစိတ် ဖော်ပြထားခဲ့သည်။ သူသည် IKEA ပရိဘောဂလက်လီရောင်းချသည့်အယူအဆ အခြေခံသဘောတရား အကြောင်းကို ၁၉၇၆ ကတည်းက စဉ်းစားရေးသားထားခဲ့သည်။ သူသည် Leading by Design: The IKEA Story စာအုပ်ကို ဆွီဒင်သတင်းထောက် Bertil Torekull နှင့် အတူ လုပ်ကိုင်ခဲ့သည်။ သူ၏ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိဆန် သော ဖော်ပြချက်တခုတွင် သူ၏ ခံယူချက် သဘောတရားများ၊ သူ၏ IKEA ကို စမ်းသပ် တည်ထောင်ခဲ့မှုများနှင့် အောင်မြင်ခဲ့သည့် အကြောင်းများကို ထည့်သွင်းဖော်ပြခဲ့သည်။

နာဇီပါဝင်ပတ်သက်မှု[ပြင်ဆင်ရန်]

ဆွီဒင် ဖက်ဆစ်ဝါဒပြောင်းလဲရေးလှုပ်ရှားသူ Per Engdahl သေဆုံးပြီးနောက်တွင် သူ၏ စာများကို လူသိရှင်ကြားဖော်ပြခဲ့ရာတွင် ၁၉၄၂ တွင် နာဇီဝါဒ ထောက်ခံသည့် ဆွီဒင် အစိုးရပေါ်ပေါက်ရေး အတွက် လှုပ်ရှားမှု ပြုလုပ်ရန် ကမ်ပရက်ဒ် သည် Engdahl နှင့် ဆက်သွယ်ခဲ့ကြောင်း ထွက်ပေါ် လာခဲ့သည်။

ကမ်ပရက်ဒ် သည် နောက်ဆုံး ၁၉၄၅ စက်တင်ဘာလလောက်အထိ အဆိုပါအဖွဲ့အစည်းအတွက် ထောက်ပံ့ငွေ ကို တိုးမြှင့်ထောက်ပံ့ခဲ့ပြီး အဖွဲ့ဝင်အသစ်များကို စည်းရုံးစုဆောင်းပေးခဲ့သည်။ မည်သူမျှမသိအောင် ထိုအဖွဲ့မှနုတ်ထွက်ခဲ့သည်။ သို့သော် ၁၉၅၀ အစပိုင်းနှစ်များတိုင်အောင် ကမ်ပရက်ဒ် နှင့် Engdahl သူငယ်ချင်းများအဖြစ် ရှိနေဆဲပင် ဖြစ် သည်။

သူ၏ Leading By Design: The IKEA Story စာအုပ်တွင် Nysvenska Rorelsen တွင် ရှိစဉ်က အကြောင်း ကို အခန်းနှစ်ခန်း ထည့်သွင်းရေးသား ထားခဲ့သည်။ ၁၉၉၄ IKEA အလုပ်သမားများသို့ ပေးစာတွင် အဖွဲ့အစည်းနှင့် ပေါင်းစည်းခြင်းကို “သူ့ဘဝ၏ အကြီးဆုံးအမှား” ဟုရေးသားခဲ့ သည်။