အဂ္ဂဆီးသားအဖ

ဝီကီပီးဒီးယား မှ

လူဝီနှင့် အယ်လက်ဇန္ဒာ အဂ္ဂဆီးတို့သည် ကျော်ကြားသောသိပ္ပံပညာရှင် သားအဖဖြစ်လေသည်။ အဂ္ဂဆီးယ လူဝီ (ခရစ် ၁၈ဝ၇-၇၃) သည် ဆွစ်လူမျိုး သဘာဝပညာရှင်တစ်ဦးဖြစ်၍ ဆွစ်ဇာလန်နိုင်ငံ နျူးချတယ်အိုင် ကြီးအနီးရှိ မိုတိယေးရွာကလေးတွင် ဖွားမြင်သည်။ သူသည် ဇူးရစ်၊ ဟိုင်ဒယ်ဗတ်နှင့် မြူးနစ်တက္ကသိုလ်များတွင် ပညာသင် ကြားကာ ဆေးပညာဘွဲ့ကို ၁၈၃ဝ ပြည့်နှစ်တွင် ဆွတ်ခူးသည်။ သို့သော်လည်း ငယ်ရွယ်စဉ်ကပင် ပါဏဗေဒဘက်တွင် စိတ် အဝင်စားဆုံးဖြစ်ခဲ့သဖြင့် တက္ကသိုလ်မှဘွဲ့မရမီကပင် ဘရာဇီး နိုင်ငံ ငါးများအကြောင်း ရေးသားထားသည်ကို တည်းဖြတ်ပေး ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ၁၈၃၁ ခုနှင့် ၁၈၃၂ ခုနှစ်တွင် ပါရစ်မြို့ သဘာဝသမိုင်းပြတိုက်၌ အလုပ် လုပ်ကိုင်ခဲ့ သည်။ ထိုနောက် နျူးချတယ်တက္ကသိုလ်တွင် ပါမောက္ခရာထူး ကို လက်ခံဆောင်ရွက်သည်။ ၁၈၃၃ခုနှစ်တွင် ကျေက်ဖြစ်ရုပ် ကြွင်းငါးများအကြောင်း သုတေသနပြုချက်များ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၈၃၆ ခုနှစ်တွင် အဲ့လပတောင်တန်း ရှိရေခဲမြစ်ကြီးများကို လေ့လာခဲ့ပြီးနောက် ရေခဲမြစ်များနှင့်ပါတ် သက်၍ သူ၏သဘောတရားကို ဖော်ပြသောစာအုပ်များကို ရေး သားထုတ်ဝေခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် ဥရောပအလယ်ပိုင်း ရေချိုငါးများ၏သဘာဝသမိုင်းခေါ် စာအုပ်ကို ရေးသားထုတ်ဝေ ခဲ့သည်။


၁၈၄၆ ခုနှစ်တွင် အဂ္ဂဆီးသည် အမေရိကန်ပြည် ထောင်စုနိုင်ငံသို့ သွားရောက်ရာ နောက်နှစ်တွင် ဟားဗတ် တက္ကသိုလ်၌ ဘူမိဗေဒနှင့် ပါဏဗေဒပါမောက္ခအဖြစ် ခန့်ထား ခြင်းခံရသည်။ ဟားဗတ်တက္ကသိုလ်တွင် စာပေသင်ကြားပို့ချ ခြင်းအပြင်၊ စာတမ်းအမြောက်အမြားရေးသားခြင်း၊ လူထု အတွက် သိပ္ပံပညာဟောပြောပွဲများပြုလုပ်ခြင်း၊ အမေရိကန်ပြည် ထောင်စုနှင့် ဘရာဇီးနိုင်ငံများတွင် ခရီးလှည့်လည်သွားလာခြင်း စသည်တို့ကိုပြုလုပ်ခဲ့သည်။ သူသည် အဂ္ဂဆီးပြတိုက်ဟုခေါ် ကြသော သဘာဝသမိုင်းပြတိုက်ကို ဟားဗတ်တက္ကသိုလ်တွင် စတင်တည်ထောင်ခဲ့၏။ ထို့ပြင် မက်ဆချူးဆက်ကမ်းခြေလွန် ဗက်ဇတ်ပင်လယ်အော်အတွင်းရှိ ပင်နီကီးကျွန်းကလေးတွင် နွေ ရာသီပါဏဗေဒကျောင်းကိုလည်း ဖွင့်လှစ်ခဲ့ရာ ထိုကျောင်းသည် ရေသတ္တဝါများကို ယင်းတို့၏သဘာဝပတ်ဝန်းကျင် အခြေအနေ နှင့်တစ်ကွလေ့လာနိုင်သော ပထမဆုံးပေါ်ပေါက်ခဲ့သည့်ကျောင်း ပင်ဖြစ်သည်။ အဂ္ဂဆီးသည် ပါဏဗေဒပညာကိုတိရစ္ဆာန်များ မိမိတို့ဘာသာဘာဝ သွားလာနေထိုင်စားသောက်ပုံကို ကြည့်ရှု လေ့လာနိုင်သည့်နေရာတွင် သင်ကြားပေးသင့်သည်ဟု ယုံကြည် သူ ဖြစ်လေသည်။


အဂ္ဂဆီးသည် နျူးချတယ်ရေအိုင်အနီးတွင် မွေးဖွား ခဲ့သူဖြစ်ရာ၊ ငယ်စဉ်ကပင် ရေသတ္တဝါများအကြောင်းကောင်းစွာ လေ့လာနိုင်ခဲ့၏။ ထိုရေသတ္တဝါများကို စုဆောင်း၍ သူ၏ အခန်းထဲ၌ ထားလေ့ရှိသဖြင့် သူ့အခန်းသည် ပြတိုက်ငယ်တစ်ခု နှင့် တူလှသည်ဟုဆိုလေသည်။ ထို့ပြင် ငယ်ရွယ်စဉ်က ဖခင် ထံသို့ သူသည် သဘာဝပညာကျော်ကြီးတစ်ဦး ဖြစ်လိုသည် ဟုပင် စာရေးခဲ့ဘူးရာ သူ၏ဆန္ဒကား နောက်ဆုံးတွင် ပြည့်ဝခဲ့ ပေသည်။


အဂ္ဂဆီးယအယ်လက်ဇန္ဒာ ( ခရစ် ၁၈၃၅ - ၁၉၁ဝ ) သည် လူဝီအဂ္ဂဆီး၏ သားဖြစ်၏။ သတ္တုတွင်းများနှင့် သတ္တုတွင်း များမည်ကဲ့သို့ တိုးတက်ကောင်းမွန်လာစေနိုင်ပုံ အကြောင်းများ ကို လေ့လာသူဖြစ်၍ လူသိများလာသည်။ သူ၏ဖခင် ဟားဗတ် တက္ကသိုလ်သို့ ဝင်ရောက်သင်ကြားပြီးနောက် နှစ်နှစ်အကြာ ၁၈၄၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံသို့ ရောက်ရှိ လာသည်။ သူ၏ဖခင်က ပါဏဗေဒနှင့် ဘူမိ ဗေဒပညာရပ်များ သည် စိတ်ဝင်စားဖွယ်ကောင်းသော ဘာသာရပ်များဖြစ်သည်ဟု အပြောကောင်းသဖြင့် အယ်လက်ဇန္ဒာသည် ဟားဗတ်တက္ကသိုလ် တွင်ဝင်ရောက်ကာ ထိုဘာသာရပ်များကို သင်ကြားလေ့လာ သည်။ အယ်လက်ဇန္ဒာသည် ငါးများနှင့်စပ်လျဉ်း၍ အားကိုး လောက်အောင် ဗဟုသုတကြွယ်ဝသူတစ်ယောက် ဖြစ်လာသော် လည်း သူသည်သတ္တုတွင်းဘက်တွင် ပို၍အားသွန်ကြိုးပမ်းခဲ့ လေသည်။ မစ်ရှီှဂန်ပြည်နယ်၊ ကယ်လူမက်နှင့် ဟက်တလာ နယ်များရှိ သတ္တုတွင်းများတွင် ဝင်၍အမှုထမ်းသဖြင့် ထိုသတ္တု တွင်းများသည် ကမ္ဘာတွင် ကြေးနီအထွက်ဆုံး သတ္တုတွင်းများ၌ အပါအဝင်ဖြစ်လာလေသည်။ အယ်လက်ဇန္ဒာသည် သူ၏ဖခင် အစပျိုးပေးခဲ့သော ပါဏဗေဒပညာရပ်ကို ဆက်လက်၍သင်ကြား ပေးနိုင်စေရန် ဟားဗတ်တက္ကသိုလ်သို့ ဒေါ်လာတစ်သန်း လှူ ဒါန်းခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)