မာတိကာသို့ ခုန်သွားရန်

အချိုးကျ ဗဟုကိုယ်စားလှယ်ရွေးချယ်ခြင်း

ဝီကီပီးဒီးယား မှ

ပီအာဆိုသည်မှာ Proportional Representation ဆိုသည်ကို အတိုကောက်ယူထားခြင်းဖြစ်သည်။ အနီးစပ်ဆုံး မြန်မာမှုပြုရလျှင် အချိုးကျကိုယ်စားပြုစနစ် ဟုဆိုနိုင်ပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျခွဲဝေယူရမည့်- စနစ်ဟု နားလည်ရသည်။ အဘိဓာန်ဖွင့်ဆိုချက်အတိုင်း အတိအကျဖော်ပြရလျှင် ‘electoral system designed to produce legislative bodies in which the number of seats held by each group or party is proportional to the number of votes cast for….’

အချိုးကျကိုယ်စားလှယ် ရွေး‌ကောက်တင်‌မြှောက်ခြင်းကို ပီအာ (PR) ဟုခေါ်သည်။ []

ပီအာစနစ်မှာ မဲဆန္ဒနယ်ကြီးတခုစီမှနေ၍ လွှတ်တော်ဆီသို့စေလွှတ်ရန် ကိုယ်စားလှယ်ကို တစ်ဦးထက်ပို၍ ရွေးကောက်စေကာ ပါတီများကလည်း ထိုဒေသကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များစာရင်းကို အသီးသီး ပြည်သူထံတင်ပြပြီး လူထုကလည်း ရွေးကောက်ပွဲတွင် မိမိတို့ဆန္ဒရှိသည့်ပါတီ၏ ကိုယ်စားလှယ်စာရင်းကို မဲပေးရွေးချယ်သော စနစ်ပင်ဖြစ်သည်။ ဥပမာအားဖြင့် မဲဆန္ဒနယ်တခုတွင် အမတ်ဆယ်ယောက်ရွေးမည်ဆိုလျှင် ပါတီများက တစ်ပါတီလျှင် ဆယ်ဦးစီပါသော စာရင်းတင်ပြီး ထိုဒေသ၌ ရွေးကောက်ပွဲဝင်သည့်အခါတွင် ၃၀% ထောက်ခံမဲ ရရှိပါက ၃၀% ၏အချိုးကျအဖြစ် အမတ်ဆယ်နေရာတွင် သုံးနေရာ ပါဝင်ခွင့်ရမည်ဖြစ်သည်။ အချို့နယ်မြေမကျယ်ဝန်းလွန်းသော နိုင်ငံများတွင်တော့ တနိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတခုအဖြစ်သတ်မှတ်ကာ အထက်ပါအတိုင်းရွေးကောက်တင်မြှောက်ကြလေ့ရှိသည်။ (ဥပမာ နယ်သာလန်၊အစ္စရေး)

ရွေးကောက်ပုံမှာ ဥပမာအားဖြင့် ရှင်းလင်းနေသော်လည်း လက်တွေ့တွင်မူ ကိုယ်စားလှယ် ၁၁ ယောက်ရွေးသော မဲဆန္ဒနယ်မှ ပါတီတခုက ၄၂% ထောက်ခံမဲများရရှိခဲ့မည်ဆိုလျှင် အချိုးကျပြန်တွက်သောအခါ ကိုယ်စားလှယ် ၄.၆၂ ယောက်ကိုယ်စားပြုခွင့်ရသည်ဟု အဖြေထွက်နေပြီး အခက်တွေ့ရနိုင်သည်။ ထိုအခြေအနေကို ဖြေရှင်းပုံမှာ ဒေသအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်၏ အမတ်အရေအတွက်အပြင် အစွန်းထွက်လာမည့် ကိန်းပြည့်မဟုတ်သည့် အမတ်အရေအတွက်များကို ကာမိစေရန် နှင့် ပါတီများအသီးသီးအတွက် အစွန်းထွက် မဲများကို ထပ်မံခွဲဝေရန်အတွက် အမတ်နေရာအချို့ကို သီးသန့်ချန်ထားခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် ဆွီဒင်နိုင်ငံတွင် မဲဆန္ဒနယ် ၂၈နယ်ရှိရာ၌ တစ်နယ်စီတွင်ရွေးချယ်သော လွှတ်တော်အမတ်များ၏ စုစုပေါင်းအရေအတွက်မှာ ၃၁၀ ဖြစ်သော်လည်း လွှတ်တော်ရှိအမတ်နေရာစုစုပေါင်းကို ၃၄၉ နေရာအဖြစ် သတ်မှတ်ထားကာ ၃၉ နေရာကို အစွန်းထွက်ဖြစ်လာမည့် ရာနှုန်းများကို ပြန်ညှိရန် သီးသန့်သတ်မှတ်ပေးထား၏။ အစွန်းထွက်ရာနှုန်းများ ရှုပ်ထွေးမှုအလွန်အကျွံ မဖြစ်စေရေးအတွက် ဂျာမဏီနှင့် ပိုလန်ကဲ့သို့သော နိုင်ငံများတွင် အမတ်နေရာ ရရေးအတွက် မဲအရေအတွက်စုစုပေါင်း၏ အနည်းဆုံး ၅% ရ,ရမည်ဟု သတ်မှတ်ထားကြပြီး ဆွီဒင်နှင့် အီတလီနိုင်ငံတို့တွင်လည်း အနည်းဆုံး မဲ ၄% ရ,ရမည်ဟု အသီးသီးသတ်မှတ်ထားကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လက်လှမ်းမီသမျှ သမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ်အကြောင်း စတင်စဉ်းစားခဲ့ကြသည်ဟု သိရသည်။ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတုရပ် မီး(လ)က၊ စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ်အသားရှိသည်။ စံတော်ဝင် ရွေးကောက်ပွဲစနစ်ဟု ဆိုနိုင်သော၊ မဲအများဆုံးရသူကအနိုင်ရသည့်စနစ် (First Past the Post)- အတိုကောက် FPTP စနစ်၏ အားနည်းချက်များကို ဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ FPTP စနစ်မှာ၊ ပေါက်သူအကုန်ယူ(Winner takes all) သဘောဖြစ်ရာ၊အများစုနှင့် ဗိုလ်ကျသည်မျိုး (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ၊ ဘေးရောက်သွားနိုင် (marginalized)သောကြောင့်၊ ပီအာစနစ်ကို အဆိုပြုလာသည် ဟုဆိုသည်။


ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ၊ ဒိန်းမတ်နိုင်ငံဖြစ်သည်။ (၁၈၅၅) ထိုသည်၏နောက်တွင်မူ၊ လူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဌာန်စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန် (၁၈၉၁) ၊ ဘယ်(လ်)ဂျီယံ (၁၈၉၉) ၊ ဖင်လန် (၁၉၀၆) စသည်တို့ဖြစ်သည်။ လူမျိုးစု- လူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသော နိုင်ငံများအတွက်၊ ပိုမို ဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု ပညာရှင်များက အမှတ်ပေးကြသည်။ သို့နှင့်တိုင်၊ ၁၉၂၀ ပြည့်လွန်နှစ်များက ပေါ်ထွက်လာခဲ့သော ဂျာမန် ဝိုင်မာ သမ္မတနိုင်ငံတွင်၊ ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှ၊ ဟစ်တလာ၏ နာဇီပါတီအာဏာရလာသော သမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကို အကြောင်းခံ၍ ပီအာစနစ်၏ အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည် ဆိုသော ဝေဖန်ထောက်ပြချက်များလည်း ရှိသည်။ သို့နှင့်အမျှ၊ နောက်ပိုင်းတွင် FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (Semi-Proportional System) ဟုခေါ်ပါသည်။

အကျိုးကျေးဇူးများ

[ပြင်ဆင်ရန်]

ဤစနစ်ကြောင့် ရွေးကောက်ခံဥပဒေပြုအမတ်များသည် လူထု၏ရွေးချယ်မှုရာနှုန်းနှင့် ပါတီ၏လူထုထောက်ခံမှုအတိုင်းအတာကို တိတိကျကျကိုယ်စားပြုနေပြီး ဒီမိုကရေစီ၏ အနှစ်သာရကို တိုက်ရိုက်ထင်ဟပ်နိုင်သည်ဟု ယူဆနိုင်၏။ ပါတီများအသီးသီးမှာလည်း မိမိတို့ယုံကြည်ကြသည့်မူဝါဒများအသီးသီးကို လွတ်လွတ်လပ်လပ်ကျင့်သုံး၍ မိမိ၏မူဝါဒကို ထောက်ခံမှုရှိလျှင်ရှိသလောက် လွှတ်တော်တွင်း အမတ်နေရာရနိုင်ပြီး တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်မှာကဲ့သို့ အမတ်နေရာရရှိရေး သေချာစေရန်အတွက် အဓိကပါတီကြီးတခုခုနှင့် ပေါင်းစည်းကာ မိမိတို့ယုံကြည်ရာဝါဒကို ဈေးလျှော့ပေးရန် မလိုတော့ပေ။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံတွင် အချို့ပါတီငယ်များမှာ အစ္စရေးလူဦးရေ၏ နှစ်ရာခိုင်နှုန်းမျှသာ ထောက်ခံမှုရရှိသော်လည်း ပါလီမန်ထဲတွင် အမတ်နေရာရရှိကာ မိမိတို့ကိုထောက်ခံသည့် နှစ်ရာခိုင်နှုန်းမျှသော လူဦးရေ၏ဆန္ဒကို တတ်စွမ်းသမျှ ဖြည့်ဆည်းခွင့်ရကြသည်။


ဆိုးကျိုးများ

[ပြင်ဆင်ရန်]

ဤစနစ်မှာ တိုင်းပြည်၏ ကွဲပြားများပြားနေသော အမြင်အမျိုးမျိုးများကြောင့် ပါတီငယ်များ အဆမတန်ကွဲပြားနေမှုဖြစ်နိုင်ပြီး နိုင်ငံတနိုင်၏ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာစေနိုင်၏။(ဥပမာ – အစ္စရေး) ဆန့်ကျင်ဘက်အားဖြင့် တခါတရံတွင် ဤစနစ်အသုံးပြုသောနိုင်ငံများအတွင်း၌ပင် အဓိကနှစ်ပါတီကြီးစိုးပြီး ကျန်ပါတီးငယ်လေးများကလည်း ဆက်လက်ရုန်းကန်နေရသော အနေအထားရောက်သွားသည့် နိုင်ငံများလည်းရှိသည်။(ဥပမာ – ဆွီဒင်၊စပိန်) ဤပီအာစနစ်တွင် အင်အားအကြီးဆုံးပါတီတခုသည် ယေဘုယျအားဖြင့် ထောက်ခံမှု ၅၀% ပတ်ဝန်းကျင်အထိ ရရှိရန်မစွမ်းဆောင်နိုင်သောအခါတွင် ထိုပါတီသည် ပါတီငယ်သေးသေးမွှားမွှားလေးများနှင့်ပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို စည်းရုံးရကာ အစိုးရအဖြစ် တက်လာသည့်အခါတွင် ညွန့်ပေါင်းအစိုးရဖြစ်နေသောကြောင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသားမချနိုင်ပဲ နိုင်ငံရေးဖြစ်စဉ်နှောင့်နှေးမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ကြုံတွေ့လာရနိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးမျိုးညွန့်(ခ)မိုက်ကယ်ညွန့် ရ​ေး၊ ပီအာ (PR) စနစ်ဆိုတာဘာလဲ...?စာအုပ်၊ စာ-၁၊ ပထမအကြိမ်၊ ၂၀၁၄ နိုဝင်ဘာလ