အကြောက်လွန်ခြင်း

ဝီကီပီးဒီးယား မှ

အကြောက်လွန်ခြင်းဆိုသည်မှာ လူအများစုအား စိုးရွံ့ထိန့်လန့်မှု မဖြစ်စေသော ပစ္စည်းတစ်ခု၊ လှုပ်ရှားမှုတစ်ရပ်၊ အခြေအနေတစ်ရပ်စသည် တို့ကို ဝေဖန်ပိုင်းခြားမှု မရှိဘဲ ထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်သည်။ သာမန်ထက် အကြောက်လွန်သွားလျှင် သွေးအသွားအလာ ဖောက်ပြန်သည်အထိ သွေးပျက်ပြီး ရူးသွပ်သွားနိုင်သည်။[၁] ယင်းဝေဒနာသည် လူအနည်းငယ်မျှကိုသာ စွဲကပ်တတ်ပြီး ဆန်းကြယ်၍ ကုသမရနိုင်ဟု ဆယ်စုနှစ်ပေါင်းများစွာ ယူဆလာခဲ့ကြသည်။ အကြောက်လွန်၍ ဝေဒနာစွဲနေသော်လည်း များသောအားဖြင့် မိသားစုအပေါ်ကောင်းမွန်သူများ၊ ဝန်ထမ်းကောင်းများနှင့် မိတ်ဆွေကောင်းများဖြစ်ကြသည်။ ထို့ကြောင့် အချို့ကုထုံးပညာရှင်တို့က "အရည်အသွေးပြည့်သူတို့၏ဝေဒနာ" ဟုခေါ်ဝေါ်ကြသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

ကြောက်ရွံ့ခြင်းစိတ်ရောဂါ (phobic states) အကြောင်းရှင်းရလျှင် အကြောက်လွန်ခြင်းဆိုသည်မှာ အခြေအနေအပေါ်မူတည်ပြီး ကြောက်သင့်ကြောက်ထိုက်သည်ထက် လွန်ကဲစွာကြောက်ခြင်း၊ အများနားလည်အောင် အကျိုးအကြောင်းနှင့် မဖြေရှင်းနိုင်တော့ပဲ အဆမတန်ကြောက်ခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်၍မရလောက်အောင်ကြောက်ခြင်း၊ ကြောက်လန့်စရာဟုထင်သော အရာဝတ္ထု၊ အခြေအနေ၊ ပတ်ဝန်းကျင်တွေ့လျှင် ရှောင်ရှားခြင်းတို့ဖြစ်ကြသည်။[၁]

တစ်နည်းဆိုရသော် မြွေကိုမြင်လျှင်၊ အမြင့်သို့တက်လျှင်၊ တစ်ကိုယ်တည်းနေလျှင်၊ စက်လှေကား/ဓာတ်လှေကားကိုစီးလျှင်၊ လေယာဉ်စီးလျှင် ကြောက်လန့်သူများကိုတွေ့ရတတ်သည်။ လူစုလူဝေး၊ မှောင်မည်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ကို ကြောက်လန့်တတ်သူများလည်းရှိသည်။ သုတေသနပညာရှင်တို့သည် ယင်းဝေဒနာ၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ အငြင်းပွားနေကြဆဲဖြစ်သည်။ မျိုးဗီဇအရ ဖြစ်လွယ်ခြင်းလော၊ ပတ်ဝန်းကျင်ကြောင့်လော၊ နေထိုင်ကြီးပြင်းခဲ့ရသည့် ဘဝကြောင့်လော၊ ထိတ်လန့်စရာ ကြုံခဲ့ဖူး၍လော၊ စိတ်ဖိစီးခြင်းကြောင့်လော၊ ယင်းအကြောင်းတရားတို့ စုပေါင်းရိုက်ခတ်ခြင်းကြောင့်လောဟူ၍ တွေးဆနေကြဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်၌ စိတ်ဝေဒနာအားလုံးတို့တွင် အတွေ့ရအများဆုံး ဝေဒနာဖြစ်လာသည်ဟု ဆိုနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် ယင်းဝေဒနာ စွဲကပ်သူ ၁၃ သန်းကျော် ရှိနေ၍ အရက်စွဲရောဂါပြီးလျှင် ဒုတိယအများဆုံး တွေ့ရသည့် စိတ်ကျန်းမာရေးပြဿနာဖြစ်သည်။ သို့သော် အကြောက်လွန်ဝေဒနာသည် ဆိုက်ကိုစစ် (psychosis) ဆန်သောစိတ်ရောဂါမျိုးကားမဟုတ်ပါ။ လူနေမှုဘဝအမှန်နှင့် အဆက်ပြတ်ကာ ဆေးရုံတင်၍ ကုသခံရမည့် အဆင့်မျိုးမဟုတ်ပါ။

အကြောက်လွန်ခြင်း လက္ခဏာများနှင့် ဖြေရှင်းချက်[ပြင်ဆင်ရန်]

မည်သည်ကိုတွေ့တွေ့ “ဒုက္ခပဲ” ဟု ကြိုတွေးကာ အင်အားနုံးချိသည့်ပုံစံမျိုးသည် အကြောက်လွန်ခြင်းဝေဒနာတစ်ခုပေါ်လာခြင်းပင်ဖြစ်သည်။ နမူနာတစ်ခုဆိုရသော် "ဆရာဝန်ရဲ့အခန်းက ပဉ္စမထပ်မှာ ဆိုရင်တော့ ဒုက္ခပဲ။ ဓာတ်လှေကားနဲ့ တက်ရတော့မယ်ဆိုတော့ ဓာတ်လှေကားသာ လမ်းမှာပျက်ရင် သွားပြီ။" စသည်ဖြင့် မီးခိုးကြွက်လျှောက် စဉ်းစားမိတတ်သည်။ ထိုအခါ အကြောက်လွန်ခြင်း ရောဂါလက္ခဏာစုတို့ ပေါ်လာတော့သည်။

ကုထုံးပညာရှင်တို့၏ လေ့လာတွေ့ရှိချက်အရ အကြောက်လွန်ရောဂါ စွဲကပ်သူတို့သည် အလွန်အကြူး စိတ်ကူးယဉ်တတ်ကြောင်း၊ ခြောက်ပြစ်ကင်းသဲလဲစင် အခြေအနေမျိုးကို မျှော်မှန်းတတ်ကြောင်း၊ သာယာမှုကို မက်မောလွန်းကြောင်း၊ ဝေဖန်မှုကို ဆတ်ဆတ်ထိမခံတတ်ကြောင်း၊ တစ်ဖက်သား၏ ခံစားချက်များကို အထအနကောက်တက်ကြောင်းတို့ကို တွေ့ရှိရသည်။ အကြောက်လွန်ဝေဒနာရှိသူ အများအပြား၏ ဆွေမျိုးသားချင်းများထဲတွင် အကြောက်လွန်ဝေဒနာစွဲသူ၊ စိတ်ကျရောဂါစွဲသူတို့ရှိတတ်ကြောင်း တွေ့ရှိရသည်။

အကြောက်လွန်စေသော အခြေအနေနှင့် ကြုံသောအချိန် သို့မဟုတ်ကြုံရမည်ဟု မတွေးမိသော အချိန်တွင် စိတ်အခြေအနေသည် ပုံမှန်အတိုင်းပင် စီမံလျက်ရှိသည်။ အကြောက်လွန်စေသော အခြေအနေနှင့် ကြုံသည့် အချိန်အတွင်း ယင်းအခြေအနေမှာ လွတ်ရာလွတ်ကြောင်း ကြိုးပမ်းခိုက်မှတစ်ပါး ဝေဒနာရှင်သည် ပုံမှန်အတိုင်းဖြစ်သည်။ အတွေ့ရများသော စရိုက်လက္ခဏာမှာ ယင်းအခြေအနေသို့ မသက်ဆင်းမိအောင် တတ်နိုင်သမျှ ရှောင်ခြင်းဖြစ်သည်။

အကြောက်လွန်ရောဂါသည် တို့သည် ယင်းဝေဒနာကြောင့် စိတ်ကျဉ်းကျပ်သည့်အခါ သူတို့ရှောင်လွှဲနိုင်ရေးအတွက် ဖုံးဖုံးဖိဖိပြောတတ်ကြသည်။ ဥပမာ- “စားသောက်ဆိုင်အတွင်းသို့ဝင်လျှင် ကြောက်စိတ်ဝင်ကာ မည်သူကိုမျှစကားမပြောနိုင်တော့ဘဲ မွမ်းကျပ်လာမည်ဖြစ်၍ မဝင်လိုပါ” ဟု ရင်ထဲမှာရှိသည့်အတိုင်း မပြောနိုင်ဘဲ “ထိုစားသောက်ဆိုင်ကို မကြိုက်ပါ” ဟူ၍ လွှဲပြောတတ်သည်။ အကြောက်လွန်ဝေဒနောကြောင့် ရှက်စိတ်ဝင်နေသည့်အပြင် အကြောင်းသင့် အကျိုးသင့် ရှင်းပြ၍ရသော ဝေဒနာမဟုတ်သဖြင့် အခြားသူများအား နားလည်အောင် ရှင်းပြနိုင်ခြင်းမရှိချေ။

သို့သော် အကြောက်လွန်ခြင်းဝေဒနာရှိသူတို့သည် ကျွမ်းကျင်သော စိတ်ရောဂါကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူပါက လူမှုဆက်ဆံရေးနယ်ပယ်တွင် မျှော်လင့်ချက်များရှင်သန်နိုင်ပြီဖြစ်သည်။

အကြောက်လွန်ခြင်း အမျိုးအစားများ[ပြင်ဆင်ရန်]

အကြောက်လွန်ဝေဒနာ များစွာရှိသည့်အနက် ခွဲခြားကြည့်လျှင် အဓိကအုပ်စုကြီး ငါးမျိုးကို တွေ့ရသည်။

  • အတွေ့ရ အများဆုံးမှာ သာမန်အကြောက်လွန်ခြင်း (specific phobia) ဖြစ်သည်။ အခြေအနေ သို့မဟုတ် အတွေ့အကြုံတစ်မျိုး၊ နှစ်မျိုးကို ကြောက်ခြင်းဖြစ်သည်။ အမြင့်မတက်ရဲခြင်းနှင့် စက်လှေကားကိုမစီးရဲခြင်း စသည်တို့ဖြစ်သည်။ အမြင့်ကြောက်သူများတချို့ လှေကားအထစ်ပေါ်များမှ အောက်သို့ငုံ့ကြည့်မိလျှင်ပင် ဒူးတုန်၊ ရင်ခုန်ဖြစ်ရသည့်အထိ ခံစားလာရသည်။ တချို့ဆို ရေပြင်ကျယ်ကိုကြောက်သဖြင့် ပင်လယ်ကမ်းခြေ အပန်းဖြေခရီးထွက်သည့်မိသားစုနှင့်ပင် မလိုက်တော့ပဲ တစ်ယောက်တည်းကျန်ရစ်နေတတ်သည်။[၁]
  • တိရစ္ဆာန်အကြောက်လွန်ခြင်း (animal phobia) များသောအားဖြင့် မြွေနှင့်ပင့်ကူတို့ကို လန့်ကြသည်။ အချို့က ခွေး၊ ကြောင်နှင့် ငှက်ကိုပင် ကြောက်တတ်ကြသည်။ အချို့ဆို ပိုးဟပ်မြင်၍ မေ့လဲသွားသည်လည်းကောင်း၊ တီကောင်ကိုင်မိ၍ ဆွေ့ဆွေ့ခုန်နေသည်လည်းကောင်း ဖြစ်တတ်သည်။[၁] တိရစ္ဆာန်အကြောက်လွန်ခြင်းမှာမူ ကလေးဘဝကပင် စွဲကပ်တတ်သည့် သဘောရှိသည်။
  • လူမှုရေးအကြောက်လွန်ခြင်း (social phobia) သည် စိတ်ကျဉ်းကျပ်ခြင်း၊ ရှက်ရွံ့ခြင်းတို့ကြောင့် ထိတ်လန့်နေခြင်း ဖြစ်သည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း (လူကြောက်ခြင်း)၊ ပရိသတ်ရှေ့၌ စကားမပြောရဲခြင်းမျိုး ဖြစ်သည်။ အချို့က လူအများရှေ့၌ မစားရဲကြချေ။ အချို့ကမူ တစ်စုံတစ်ယောက်၏ ရှေ့မှောက်၌ လက်မှတ်မထိုးရဲချေ။
  • ရောဂါကြောက်ခြင်း (illness phobia) ဆိုသည်မှာ ရောဂါတစ်ခုအကြောင်း သိမှတ်ဖတ်ရှုခြင်း များလာသောအခါ မိမိမှာ ထိုရောဂါရှိနေပြီလားဟူ၍ ရောဂါအကြောင်းတွေးရင်း အကြောက်လွန်သည်ကို ဆိုလိုသည်။
  • စွဲလမ်းလွန်ကြောက်ခြင်း (obsessional phobia) ဆိုသည်မှာ ပစ္စည်း အရာဝတ္ထုကို တိုက်ရိုက်ကြောက်ရွံ့ခြင်းမဟုတ်ပဲ ၎င်းမှတစ်ဆင့် နောက်ဆက်တွဲဖြစ်နိုင်သောအကျိုးဆက်ကိုသာ ကြောက်ရွံ့ခြင်းဖြစ်သည်။ ဥပမာတစ်ခုပြရသော် ခွေးကို မကြောက်လန့်ပဲ ခွေး (သို့မဟုတ်) ခွေးသွားရည်နှင့်ထိ၍ ရောဂါကူးစက်ခံရနိုင်သည်ဟု တွေးရင်း ခွေးကိုရှောင်ကြဉ်သည်ကို ဆိုလိုသည်။[၁]
  • သွေးထွက်သံယိုအကြောက်လွန်ခြင်းတွင် သွေးမြင်လျှင် လန့်ခြင်း၊ နာမည်ကိုတွေး၍ လန့်ခြင်း၊ ဆေးကုသခံရမည့်အရေး၊ ခံတွင်းနှင့်သွားဆရာဝန်ထံ ပြသရမည့်အရေးကို ထိတ်လန့်ခြင်းတို့ပါ အကျုံးဝင်သည်။
  • အရှုပ်အထွေးဆုံး ကြောက်လွန်ဝေဒနာပုံသဏ္ဌာန်ဖြစ်သည့် လေဟာကြောက်လွန်ခြင်း (agoraphobia) ဖြစ်သည်။ အန္တရာယ်မရှိသော လူတစ်ဦး (သို့မဟုတ်) နေရာတစ်နေရာမှ ခွဲခွာ၍သွားရမည်ကို စိုးရွံ့ခြင်းဖြစ်သည်။ ဗလာဟင်းလင်းပြင်ကွက်လပ်ကြီးထဲတွင် ကြောက်လန့်နေတတ်သည်။ အချို့သည် နှစ်ပေါင်းများစွာ အိမ်တွင်းအောင်းနေတတ်သည်။ အချို့သည် ကျောင်းသို့ စတင်ပို့ခံရသည့် ပထမဆုံးနေ့က သူငယ်တန်းကလေးငယ်ပမာ ခင်ပွန်းသည်ကိုဖြစ်စေ၊ အားထားစရာ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ တွယ်ကပ်နေတတ်သည်။ အကြောက်လွန်ခြင်းအားလုံးတို့နှင့် ဆက်စပ်နေသော ဝေဒနာတစ်မျိုးမှာ ပိတ်လှောင်ကြောက်လွန်ခြင်းဖြစ်သည်။

လူမှုရေး အကြောက်လွန်ခြင်းမှအပ အခြားအကြောက်လွန် ဝေဒနာအားလုံးတို့သည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုစွဲကပ်တတ်သည်။ အကြောက်လွန်ဝေဒနာတို့သည် အရွယ်မရွေး စွဲကပ်တတ်သော်လည်း အများစုသည် အသက် ၁၅ နှစ်မှ ၃ဝ ထိ အပိုင်းအခြား၌ စတင်စွဲကပ်တတ်သည်။

ကုသနည်းများ[ပြင်ဆင်ရန်]

ယနေ့ခေတ်တွင် အကြောက်လွန်ခြင်းသည် ကုသနိုင်သော ဝေဒနာဖြစ်ကြောင်း သိရှိထားပေပြီ။ ကုထုံးသစ်များကိုလည်း တွေ့ထားပြီးဖြစ်သည်။ ၇ဝ မှ ၈ဝ ရာခိုင်နှုန်းအထိ အောင်မြင်စွာ ကုသနိုင်ပြီဖြစ်သည်။ အထိရောက်ဆုံးသော ကုထုံး (behavior therapy) တချို့မှာ-

ရင်ဆိုင်ထိတွေ့စေခြင်း (implosion (or) flooding)[ပြင်ဆင်ရန်]

ကြောက်စိတ်လျှော့ပါးစေသော နည်းနာများကို လက်တွေ့အသုံးချလျက် ရင်ဆိုင်ကြည့်စေခြင်းဖြစ်သည်။ လူနာ ကြောက်လန့်နေသောပစ္စည်းအရာဝတ္ထု၊ အခြေအနေကို လက်တွေ့ဖြစ်စေ၊ စိတ်ကူးဖြင့်ဖြစ်စေ ထိတွေ့ခိုင်းခြင်းပင်ဖြစ်သည်။// ကုထုံးယင်းကုထုံးတွင် အခြားသူများ၊ ကုထုံးပညာရှင်နှင့် အခြားလူနာများ၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် အကျိုးဖြစ်ထွန်းစေသည်။ ပံ့ပိုးသူတို့သည် အကြောက်လွန်ခြင်း၏ သဘာဝကို နားလည်နေဖို့လိုသည်။ တကယ့်ဘဝအခြေအနေ အရပ်ရပ်တွင် အကြောက်လွန်ခြင်းကို ထိန်းနိုင်မည့် သီးခြားနည်းလမ်းများကို သိထားဖို့လည်း လိုသည်။ အကြောက်လွန်ခြင်းကိုဖြစ်စေသော အတွေ့အကြုံများကို ရင်ဆိုင်ဝံ့သည့် အစွမ်းသတ္တိဖွံ့ဖြိုးလာစေရန် အကြောက်လွန်ဝေဒနာရှင်အချင်းချင်း ကူညီယိုင်းပင်းစေမည်ဖြစ်သည်။ ယင်းသို့ အုပ်စုလိုက်လုပ်ဆောင်စေသော ကုထုံးအဆင့်သည် များသောအားဖြင့် နှစ်လမှ ခြောက်လအထိ ကြာတတ်သည်။ ထို့နောက် လူနာသည် ကုထုံးပညာရှင်ဖြစ်စေ၊ အခြားပံ့ပိုးကူညီသူဖြစ်စေ အတူလိုက်ပါလျက် တကယ့်ဘဝအကြောက်လွန်အခြေအနေကို ရင်ဆိုင်ကြည့်စေရမည်။ ထိုသို့ ရင်ဆိုင်နေချိန်တွင် လူနာသည် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ် တိုးပွားလာမည်ဆိုသော်လည်း အကြိမ်ကြိမ်အခါခါ ရင်ဆိုင်ရသောအခါ ကြောက်ရွံ့စိတ်နည်းပါးလာပြီး မကြာမီ ကြောက်ရွံ့စိတ် ပျောက်ကင်းသွားမည်ဖြစ်သည်။[၁]

ရေရွတ်ခြင်း[ပြင်ဆင်ရန်]

အကြောက်လွန်စရာကြုံနေခိုက် ၁ဝဝ မှ သုံးခုခြားစီ နောက်ပြန်ရေတွက်ခြင်းနည်း (သို့မဟုတ်) သီချင်းတစ်ပုဒ်ကိုဖြစ်စေ၊ ကဗျာတစ်ပုဒ်ကိုဖြစ်စေ ပြန်လည်ရွတ်ဆိုကြည့်နေခြင်းနည်းတို့ဖြစ်ကြသည်။ ကြောက်စိတ်ပျောက် ကွယ်သွားသည်အထိစောင့်ဆိုင်း၍ အချိန်ကို ကုန်လွန်စေသောနည်း (အာရုံလွှဲနည်း) ဖြစ်သည်။

ကြောက်စိတ်ဖြေ ဆေးဝါးသုံးကုထုံး[ပြင်ဆင်ရန်]

အထူးသဖြင့် စိတ်ကျဝေဒနာကိုဖြေသော ဆေးဝါးများသုံးစွဲ၍ ကုသခြင်းဖြစ်သည်။

အထူးသဖြင့် အိပ်ရာဝင်ချိန်တွင် ယင်းဆေးဝါးကို တစ်နေ့လျှင် တစ်ကြိမ်နှုန်းဖြင့် ၆ လမှ ၁၂ လ အထိ စွဲ၍ စားသုံးစေခြင်းဖြစ်သည်။ အကြောက်လွန်ဖွယ်အခြေအနေကိုကြုံရသည့်အခါ ယင်းဆေးဝါးအာနိသင်ကြောင့် ကြောက်စိတ်မရှိဘဲ 'ထင်သလောက် မဆိုးပါလား' ဟူသော အသိဝင်လာစေသည်။ ထိုသို့ကြုံပြီး လပေါင်းများစွာကြာသောအခါ လူနာ၏ အာရုံကြောစနစ်တွင်ကုသပျောက်ကင်းပြီးသော လက္ခဏာမျိုးပေါ်လာမည်ဖြစ်သည်။ ကြောက်စိတ်ထပ်မံပေါ်ပေါက်ခြင်း မရှိတော့လျှင် ကြောက်စိတ်ဖြေဆေးဝါးသုံးစွဲမှုကို ရပ်ဆိုင်းနိုင်ပြီဖြစ်သည်။ ထပ်မံပေါ်ပေါက်လျှင် နောက်ထပ်စမ်းသပ်ကာလတစ်ရပ် သက်မှတ်၍ ယင်းဆေးဝါးကို သုံးစွဲစေရဦးမည်ဖြစ်သည်။

သို့မဟုတ် အချို့လူနာတို့အား စိုးရိမ်စိတ်လျှော့ပါးစေသော ဆေးဝါးပေး၍လည်း ကုသနိုင်သည်။ လူနာကြောက်ရွံ့သောအရာ၊ အခြေအနေနှင့် မတွေ့ကြုံမီ မိနစ် ၃၀ (သို့မဟုတ်) ၁ နာရီခန့် စိုးရိမ်စိတ်ပျောက်ဆေး ကြိုတင်သောက်ထားမည်ဆိုလျှင် ကြောက်ရွံ့စိတ်သက်သာနိုင်မည်ဖြစ်သည်။

လေဟာကြောက်လွန်ခြင်း လူနာများအတွက်ဆိုလျှင် စိတ်ကျပျောက်ဆေးများ သုံးစွဲခြင်းဖြင့် ရောဂါသက်သာနိုင်သည်ဟု ဆိုသည်။[၁]

သီးခြားအကြောက်လွန်ခြင်းအမျိုးအစားဖြစ်သော လူအများရှေ့မှောက် စကားပြောဟောရမည်ကိုကြောက်ခြင်းနှင့် လေယာဉ်စီးရမည်ကိုကြောက်ခြင်းတို့ကိုမူ နှလုံးခုန်နှုန်းနှေးစေသော ဆေးဝါးဖြင့် သက်သာရာရစေနိုင်သည်။

များသောအားဖြင့် ရင်ဆိုင်တွေ့ထိခြင်းကုထုံးက အကြောက်လွန်၍ နေ့စဉ်ဘဝကို ရှောင်လွှဲသည့် အခြေအနေ ဆိုက်ရောက်နေသူများအတွက် အထိရောက်ဆုံးဖြစ်သည်။ ဆေးဝါးသုံးကုထုံးမှာမူ အကြောက်လွန်အခြေအနေ မကြုံရဘဲ အလိုလိုတွေး၍ ကြောက်စိတ်ဝင်နေသူများအတွက် အထိရောက်ဆုံးဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ်. "စိတ္တဇနွံမှာ အကြောက်လွန်ရောဂါ" (ဆောင်းပါး). မြန်မာတိုင်းမ်နေ့စဉ်: စာမျက်နှာ ၉. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)