အကျဉ်းထောင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မြန်မာနိုင်ငံရှိ အင်းစိန်အကျဉ်းထောင်

အကျဉ်းထောင်[ပြင်ဆင်ရန်]

ဤလောကကြီးအတွင်း၌ လူကောင်းနှင့် လူဆိုးများ ရောနှော နေထိုင်လျက် ရှိကြသည်။ လူကောင်းများသည် သူတို့နေထိုင်ရာ နိုင်ငံ၏ ဥပဒေများ၊ လူမှုပေါင်းသင်းဆက်ဆံရေး စည်းကမ်းများ ကို လိုက်နာကြသူများ ဖြစ်ကြသဖြင့် သူတို့၏ အသက်စည်းစိမ အိုးအိမ်တို့ကို သက်ဆိုင်ရာ အစိုးရကကာကွယ် စောင့်ရှောက် ပေးရလေသည်။

လူဆိုးများမှာကား အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေများကို ကျူးလွန်ချိုးဖျက်ကာ နိုင်ငံ၏ ငြိမ်ဝပ် ပိပြားရေးနှင့် စည်ပင် သာယာရေးကို ဖျက်ဆီးသူများ ဖြစ်ကြသဖြင့် အစိုးရက သူတို့ အား နှိပ်ကွပ် အပြစ်ပေးရလေသည်။ အထူးသဖြင့် တရား ဥပဒေကို ရိုသေ လေးစားသော တိုင်းသူပြည်သား များအား ဥပဒေကို ချိုးဖောက်သည့် လူဆိုးသူဆိုးများ နှိပ်စက်ခြင်း မပြုနိုင်စေရန် အစိုးရတို့က တာဝန်ယူရလေသည်။ ဥပဒေ များကို ချိုးဖဲ့၍ လူကောင်းများအား အနှောင့်အယှက် ပေးလေ့ ရှိသော လူဆိုးများ၏ ခြေကို ချုပ်ထားရန် အစိုးရတို့သည် လေးဘက်လေးတန် တန်တိုင်းများ၊ အုတ်နံရံများကာရံ၍ အခိုင်အမာ တည်ဆောက်ထားသော အကျဉ်းထောင်များကို ထားရှိရလေသည်။

အရွယ်ရောက်၍ သာမန် အသိဉာဏ်နှင့် ပြည့်စုံသော လူတိုင်းသည် ရာဇဝတ်မှုကို မကောင်းသောအမှု၊ ပွင့်ပွင့် လင်းလင်း မဆောင်ရွက်နိုင်သော ကိစ္စဟု သိနားလည်ထားကြ သည်။ ကမ္ဘာပေါ်တွင် ခိုင်မြဲသော အစိုးရ တည်ထောင်ပြီးစ လွန်ခဲ့သည့် ရာစုပေါင်းများစွာကပင် ရာဇဝတ်မှုသည် နိုင်ငံ၏ အန္တရာယ်ဖြစ်သည်ဟု လူတို့ စိတ်ဝယ် သဘောပိုက်မိကြသည်။ သို့အတွက် နိုင်ငံတော်အား နိုင်ငံသားများက အာဏာနှင့် တာဝန်ကို ပေးအပ်ကြ၍ နိုင်ငံက တစ်ဖန် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်ပေးရလေသည်။ လူသတ်မှု ကျုးလွန်သူ၊ သူတစ်ပါး၏ ပစ္စည်းကို ခိုးယူသူ စသည်တို့သည် ပြည်သူ့ရန်သူဖြစ်၍ ယင်းတို့အား နိုင်ငံက အပြစ်ဒဏ် ခတ်ရလေသည်။

ရှေးခေတ်က ကိုယ်လုပ်လျှင် ကိုယ်ခံရမည်ဟူသော သဘောတရားကို လက်ကိုင်ထား၍ ရာဇဝတ်မှု ကျူးလွန်သူ များအား မိမိတို့၏ ပြစ်မှုများအတွက် ကာယကံမြောက် ခံစား စေသည်။ မျက်စိကို မျက်စိနှင့်သွားကို သွားနှင့် ဟူ သော စကားပုံများလည်း ရှိလေသည်။ အဓိပ္ပါယ်မှာ သူတစ်ပါး ၏ မျက်စိတစ်လုံးကို ဖောက်လျှင် မိမိ၏ မျက်စိတစ်လုံး အဖောက်ခံရမည်။ သူများ၏ သွားတစ်ချောင်းကို ချိုးလျှင် မိမိ၏ သွားတစ်ချောင်း အချိုးခံရမည်ဟု ဆိုလိုပေသည်။ အမှန်မှာကား ကလဲ့စားချေသည့်သဘောပင် ဖြစ်၏။ ယခုအခါတွင်ကား ကျွနု်ပ်တို့သည် ရှေးကကဲ့သို့ ကြမ်း ကြုတ်ရက်စက်သော သဘောတရားများကို လက်မခံကြတော့ ချေ။ ရာဇဝတ်မှုကို မကောင်းမှုမှန်းသိ၏။ လူတိုင်း ရှုတ်ချ၏။ ရာဇဝတ်မှု ကျူးလွန်သူအား အပြစ်ဒဏ်ခတ်ရမည်ကို လူတိုင်း နားလည်၏။ သို့ရာတွင် ရာဇဝတ်ကျူးလွန်သူများအား အပြစ် ပေးရာ၌ ကလဲ့စားချေသည့် သဘောကိုမူ လုံးဝ လက်မခံကြ တော့ပေ။

ခေတ်မီ၍ ယဉ်ကျေးသော နိုင်ငံများ၌ အပြစ်ကျူးလွန်သူ တို့အား ဆုံးမရာတွင် ယေဘုယျအားဖြင့် အလားတူ ပြစ်မှုများ နောက်ထပ် မကျူးလွန် မပေါ်ပေါက်ရန် အဓိကထားလေသည်။ ရာဇဝတ်မှုပြုသောသူများအား အဆုံးစီရင်ခြင်းဖြင့်လည်းကောင်း၊ ထောင်သွင်း အကျဉ်းချခြင်းဖြင့်လည်းကောင်း ပြည်သူလူထုကြီး အား ရာဇဝတ်မှု ကျူးလွန်သူများ၏ ဘေးဆိုးရန်စွယ်မှ ထိ ရောက်စွာ ကာကွယ်ပေးသည်။ ပြည်သူပြည်သားများအားလည်း ရာဇဝတ်မှုကျူးလွန်ပါက မလွဲမေသွေ တွေ့ဆုံရမည့် ဘေးဆိုး ဒုက္ခအမျိုးမျိုးကို ပြသ၍ ရာဇဝတ်မှု ပြုလိုသောစိတ် ကုန်ခမ်း အောင် ဆောင်ရွက်ပေးသည်။ ထို့အပြင် ရာဇဝတ်မှုကျူးလွန်၍ ထောင်ကျနေသော သူများ၏ အကျင့်စာရိတ္တ စိတ်နေစိတ်ထား များကိုလည်း ပြုပြင်ပေးလေသည်။

ကိုယ်လုပ်လျှင် ကိုယ်ခံရမည်ဟူသော စကားအတိုင်း နိုင်ငံ၏ ဥပဒေကို ချိုးဖောက်သူများ၊ ရာဇဝတ်မှုကို ကျူးလွန် သူများ၊ သူတစ်ပါးအား မတော်မတရား စော်ကားသူများသည် မည်သို့ပင် ရှောင်တိမ်း နေစေကာမူ နောက်ဆုံးတစ်နေ့တွင် ဖမ်းဆီးခြင်း ခံရ၍ ထိုင်သင့်သော အပြစ်ဒဏ်ကို ရရှိလေသည်။ ရှေးကမူ ရာဇဝတ်မှု ကျူးလွန်သူများအား မှတ်လောက်သား လောက်အောင် ရက်ရက်စက်စက် အပြစ်ဒဏ်ပေးလေသည်။ သေဒဏ် စီရင်ချက်ချမှတ်ခံရသူများကိုလည်း စိတ်ကူးထဲ၌ မထည့်ဝံ့လောက်အောင် ဝေဒနာခံစားရသော နည်းများဖြင့် အဆုံးစီရင်လေသည်။ ၁၈ ရာစုခေတ်တိုင်အောင်ပင် အချို့ ပြစ်မှုများအတွက် တိုင်တွင် တုတ်နှောင်၍ မီးရှို့သတ်ခြင်း ခံကြ ရသည်။ အကျဉ်းသမားတို့အားလည်း မသတ်မီ အမျိုးမျိုး ည|ဉ်းပန်း နှိပ်စက်လေသည်။

ယခုခေတ်တွင်ကား သေဒဏ်ရရှိသူများကို ကြိုးပေး၍ သတ် သည်။ တချို့နိုင်ငံတွင်မူ လျှပ်စစ်ဓာတ်ဖြင့် သတ်သည်။ထိုပြင် စက်ဖြင့် ခေါင်းဖြတ်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ် ခြင်းများကိုလည်း အသုံးပြုကြသည်။ အဂ‡လန်နှင့် မြန်မာနိုင်ငံ တို့တွင် ကြိုးပေး၍ သတ်နည်းကို အများဆုံး အသုံးပြုသည်။ လျှပ်စစ်ဓာတ်ဖြင့် သတ်ခြင်းကို အမေရိကန်ပြည်ထောင်စု နိုင်ငံ ရှိ အချို့ပြည်နယ်များတွင် အသုံးပြုသည်။ စက်ဖြင့် ခေါင်း ဖြတ်သောနည်းကို ပြင်သစ်နိုင်ငံတွင် သုံးလေ့ရှိသည်။ သေနတ် ဖြင့် ပစ်ခတ်ခြင်းကိုကား လက်တင် အမေရိကန်နိုင်ငံများတွင် အသုံးပြုကြလေသည်။

လူတို့၏ ယဉ်ကျေးမှုနှင့် အသိဉာဏ် တိုးတက်နေသော ယခုခေတ်တွင် ရာဇဝတ်မှုများမှာ တစ်နေ့တစ်ခြား ယုတ်လျော့ လာသည်။ အသက်နှင့်လဲ၍ အပြစ်ဒဏ်ခံရမည့် ရာဇဝတ်မှုမျိုး နည်းပါးလာသည်။ ယဉ်ကျေးသော ခေတ်မီနိုင်ငံများ အားလုံး၌ လိုလိုပင် နိုင်ငံတော်သစ္စာဖောက်မှုနှင့် လူသတ်မှုနှစ်ခုတွင်သာ သေဒဏ်ပေးလေသည်။

ရာဇဝတ်မှုကြီးများအပြင် အသေးအဖွဲ့ အမှုကလေးများကို လည်း ထိုက်သင့်သလို အရေးယူသည်။ ရှေးကမူ ရိုက်နှက် ခြင်း၊ သံပူဖြင့်ကပ်ခြင်း၊ အသားကိုဖြတ်လှီးခြင်းများဖြင့် အပြစ် ဒဏ် ပေးလေသည်။ ဆူဆူပူပူ လုပ်တတ်သော မိန်းမများကို ကား ထုတ်ပေါ်တွင် ဆွဲထားသော ကုလားထိုင်တွင် ချည်၍ ရေတွင် နှစ်လေသည်။

လူတစ်ယောက်၏ ဂုဏ်သရေကို ထိခိုက်အောင် သွားပုပ် လေလွင့် ပြောဆိုခြင်း၊ အလေးတင်းတောင်း ခိုးခြင်း၊ ရန်ဖြစ် ခြင်းများကိုလည်း အရေးယူသည်။ အင်္ဂလန်တွင် ထိုပြစ်မှုမျိုး ကျူးလွန်သူများအား လည်ပင်းနှင့် လက်ကောက်ဝတ်များကို မတ်တက် ထိတ်ခတ်တိုင်တွင် ချည်ထား၍ တွေ့ရှိသော လမ်း သွားလမ်းလာ များက ကဲ့ရဲ့ပြောင်လှောင်ကြလေသည်။ သေး ငယ်သော အမှုများအတွက်လည်း ထိပ်ခတ်တိုင်ကို အသုံးပြု လေသည်။

တစ်ဆဲ့ရှစ်ရာစုနှစ် မတိုင်မီက အင်္ဂလန်နိုင်ငံတွင် ပြစ်မှု ကျူးလွန်းသူတို့ကို များသောအားဖြင့် ကြိုးဒဏ်ပေးခြင်း၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းအောင် ပြုလုပ်ခြင်း၊ တစ်ကျွန်းသို့ ပို့ခြင်းစသော အပြစ်ဒဏ်များကိုသာ ပေးလေ့ရှိ၏။ ထောင်သွင်း အကျဉ်းချထားသည့် အလေ့မှာ ခေတ်မစားလှသေးချေ။ ထိုစဉ်က အကျဉ်းထောင်များမှာ ပြစ်မှုကျူးလွန်သူများအား အမှု စစ်ဆေးနေစဉ် ခေတ္တချုပ်နှောင်ထားရာ ဌာနများလောက်သာ ဖြစ်ခဲ့သည်။ အကျဉ်းထောင်များ၏ အခြေအနေမှာ အလွန်တရာ စိတ်ပျက်ဖွယ်ရာ ကောင်းလှပေသည်။ အကျဉ်းထောင်များမှာ အလင်းရောင်နှင့် လေကောင်းကောင်း မဝင်နိုင်သော အခန် ကျဉ်းကလေးများသာ ဖြစ်၏။ ညစ်ပတ်ပေရေနေသောကြောင့် အကျဉ်းသမားများမှာ အနာရောဂါ ထူပြောလှ၏။ ထိုသို့သော အခန်း ကျဉ်းကလေးများထဲတွင် မိန်းမ-ယောက်ျား ကလေး အားလုံးကို ရောနှော ပြွတ်သိပ်၍ ထားလေ့ရှိသည်။ အစား အစာကိုလည်း စနစ်တကျ ကျွေးမွေးခြင်း မရှိချေ။ အကျဉ်း သားများသည် အပြင်မှ မိတ်ဆွေများက ပေးကမ်းသည့်အစာနှင့် လာဘ်စားသော ထောင်မှူးများက ပေးသွင်းသည့် အစာများ ကိုသာ မဝရေစာ စားရလေသည်။ အချုပ်ဆိုရသော် ထိုခေတ်က အကျဉ်းထောင်များမှာ လောကငရဲခန်းကလေးနှင့် အသွင်တူလေ တော့သည်။

ထိုသို့ အင်္ဂလိပ် အကျဉ်းထောင်များ၏ ဆိုးရွားလှသော အခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ အင်္ဂလန်နိုင်ငံ ဗက်ဖို့ရှိုင်ယာနယ်မှ ဂျွန်ဟောင်းဝပ် (၁၇၂၆-၉ဝ)သည် အကျဉ်းသမားများ၊ အကျဉ်းထောင် ပြုပြင်ရေး၊ သက်သာ ချောင်ချိရေးတို့ကို မနားမနေ လုံးပန်းခဲ့ပေသည်။ သူသည် အကျဉ်းသမားများ၏ လောက ငရဲခန်းများကို ကွက်ကွက် ကွင်းကွင်း ဖော်ပြကာ လူထု၏ ကရုဏာစိတ်ကို အုံကြွလာ အောင် လှုံ့ဆော် ပေးခဲ့သည်။ သူကြောင့်ပင်လျှင် တပြည်လုံး အကျဉ်းထောင်ပြုပြင်ရေးတွင် စိတ်ဝင်စားလာခဲ့လေသည်။ ထိုမျှမကသေး ပါလီမန်ကလည်း ၁၇၈၈ ခုနှစ်တွင် အကျဉ်း ထောင်ဆိုင်ရာ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း ခဲ့၏။ ထိုအက် ဥပဒေအရ အကျဉ်းသားများကို တစ်ခြားစီ နေရာချထားပေး၍ အလုပ်များလည်း လုပ်ကိုင်စေသည်။ အကျင့်စာရိတ္တကောင်းမွန် လာစေရန်နှင့် အယူဝါဒတွင် စိတ်ဝင်စားလာစေရန်အတွက် လည်း သင်တန်းများ ဖွင့်လှစ်ပေးစေသည်။

အယ်လစ်ဇဗက်ဖရိုင်း (၁၇၈ဝ-၁၈၄၅)ဆိုသူ အင်္ဂလိပ် အမျိုးသမီးတစ်ဦးသည်လည်း ဟောင်းဝပ်ကဲ့သို့ပင် အကျဉ်း ထောင်ပြုပြင်ရေး လုပ်ငန်းများကို စိတ်ရောကိုယ်ပါ ဆောင်ရွက် ခဲ့လေသည်။


ဂျွန်ဟောင်းဝပ်နှင့် အယ်လစ်ဇဗက်ခရိုင်းတို့ကဲ့သို့သော ပြုပြင်ရေးသမားများ၏ ကြိုးပမ်းမှုကြောင့် အကျဉ်းထောင် များ၏ အခြေအနေမှာ တဖြည်းဖြည်း ကောင်းမွန်လာလေသည်။ ပြစ်မှု ကျူးလွန်သူများကို ထောင်သွင်း အကျဉ်းချထားခြင်းမှာ ထိုက်သင့်သော အပြစ်ဒဏ်ကို ခံရန်သာ မဟုတ်ပဲ ပြစ်မှုများ နောက်ထပ် မကျူးလွန်ရအောင် ပြုပြင်ပေးရန်အတွက်လည်း ဖြစ်သည်ဟု သဘောပေါက်လာကြ၏။ သို့ဖြစ်၍ အကျဉ်း သားများ၏ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကို ပြုပြင်ပေးရန် ရည်ရွယ်လျက် အကျဉ်းထောင်စံနစ်ကို အနည်းနည်း အဖုံဖုံ ပြုပြင်ခဲ့လေသည်။ အချုပ်ဆိုရသော် လူကောင်းသူကောင်းများ နှင့် ရောနှောနေထိုင်ရန် မသင့်လျော်ဟု ယူဆခြင်း ခံရသူများ ကို လူကောင်းသူကောင်းများထဲတွင် ဝင်ဆန့်အောင် ပြုပြင် ပေးခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)