အက်ဒွပ်ဘုရင်များ

ဝီကီပီးဒီးယား မှ

အက်ဒွပ်ဘုရင်များ[ပြင်ဆင်ရန်]

အင်္ဂလန်ပြည်ကို နော်မန်တို့ လာ ရောက်တိုက်ခိုက်ပြီးသော် စတင်စိုးမိုးသည့် ၁ဝ၆၆ ခုနှစ် မတိုင် မီက အက်ဒွပ်အမည်ခံ အင်္ဂလိပ်ဘုရင်သုံးပါး အုပ်စိုးခဲ့ကြသည်။ နော်မန်တို့ ရာက်လာပြီးနောက်တွင် အက်ဒွပ်အမည်ခံ ဘုရင် ပေါင်း ရှစ်ပါးရှိခဲ့သည်။ ၁ဝ၆၆ ခုနှစ်မတိုင်မီက အုပ်စိုးခဲ့သည့် အက်ဒွပ်ဘုရင်များမှာ အဲလဖရက်-သ-ဂရိတ်ဘုရင်၏ သား တော် အက်ဒွပ်-သ-အဲလဒါး (၈၉၉-၉၂၄)၊ အက်ဒွပ်-သ- မားတား (၉၇၅-၉၇၈) နှင့် အက်ဒွပ်-သ-ကွန်ဖက်ဆား (၁ဝ၄၂-၁ဝ၆၆)တို့ ဖြစ်သည်။

အက်ဒွပ်-သ-ကွန်ဖက်ဆား ဘုရင်သည် အယ်သယ် ရက်ဘုရင်၏ သားတော်ဖြစ်၍ အင်္ဂလန်ပြည်တွင် နောက်ဆုံး စိုးစံခဲ့သည့် အင်္ဂလိုဆက္ကဆွန်ဘုရင် ဖြစ်လေသည်။ အက်ဒွပ် နတ်ရွာစံပြီးသည့်နောက် ၁ဝ၆၆ ခုနှစ်တွင် နော်မန်ဒီနယ်စား ဝီလျံသည် အင်္ဂလန်ပြည်ကို ချဉ်းနင်းဝင်ရောက် သိမ်းပိုက်ခဲ့ သည်။

အက်ဒွပ်ဘုရင်သည် တိုင်းရေးပြည်မှုထက် အယူဝါဒ ရေးကို ပိုမိုလေးစား ဂရုတစိုက်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ အင်္ဂလန်ပြည်တွင် အထူးထင်ရှားကျော်စောသည့် ဝက်စမင်စတာ အက်ဗေးခေါ် ဘုရားရှိခိုးကျောင်းကြီး အပါအဝင် ဘုရားရှိခိုး ကျောင်း အများအပြား တည်ဆောက်ခဲ့လေသည်။

ပထမ အက်ဒွပ် (၁၂၃၉-၁၃ဝ၇)[ပြင်ဆင်ရန်]

နော်မန်တို့ရောက်ပြီး နောက် အုပ်စိုးခဲ့သည့် အက်ဒွပ်ဘုရင်များမှ ပထမအက်ဒွပ်သည် ၁၂၃၉ ခုနှစ်တွင် ဝက်စမင်စတာအရပ်၌ ဖွားမြင်ခဲ့သည်။ တတိယဟင်နရီဘုရင်၏ သားတော်ဖြစ်သည်။ အိမ်ရှေ့မင်းသား ဘဝကပင် အက်ဒွပ်သည် နိုင်ငံရေးနှင့် စစ်ရေးစစ်ရာတို့ကို ကောင်းစွာ လေ့လာခဲ့လေသည်။ သို့ဖြစ်၍ ၁၂၇၄ ခုနှစ်တွင် ဘုရင်အဖြစ်သို့ ရောက်သောအခါ နိုင်ငံအုပ်ချုပ်ရေးဘက်၌သော် လည်းကောင်း၊ စစ်ရေးစစ်ရာဘက်၌သော် လည်းကောင်း အထူး တလည် ကျွမ်းကျင်လျက် ရှိနေပေတော့သည်။

ခမည်းတော် တတိယဟင်နရီ ဘုရင်လက်ထက်တွင် ဖြစ်ပွားသော ဗယ်ရွန်စစ်ပွဲများတွင် ဘုရင့်တပ်များကို ဦးဆောင် ကာ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ၁၂၇ဝ ပြည့်နှစ်၌ အက်ဒွပ်သည် နောက်ဆုံး ကရူးဆိတ်စစ်ပွဲသို့ လိုက်ပါတိုက် ခိုက်ခဲ့သေးသည်။

၁၂၇၆ ခုနှစ်မှ အစပြု၍ ဝေလနယ်ကို အင်္ဂလန် ပြည်တွင်းသို့ သိမ်းသွင်းရန် ကြိုးပမ်းခဲ့သည်။ ၁ဝ နှစ်ပတ်လုံး ကြိုးပမ်းမှ အောင်မြင်သောဟူ၏။ အင်္ဂလိပ်ထီးနန်းကို ဆက်ခံ စိုးစံမည့် နန်းညွန့်နန်းလျာများကို ဝေလမင်းသားဟူသောဘွဲ့ဖြင့် ချီးမြှင့်သည့်အစဉ်အလာတစ်ရပ်မှာ ပထမအက်ဒွပ်ဘုရင် လက် ထက်မှ စတင်ခဲ့လေသည်။

၁၂၉၅ ခုနှစ်တွင် အက်ဒွပ်သည် နောင်အခါ စံပြပါလီ မန်ဟုတွင်သည့် ပါလီမန်အစည်းအဝေးတစ်ရပ်ကိုဆင့်ခေါ်လျက် နိုင်ငံအုပ်ချုပ်ရေး အခြေခံဥပဒေများကိုသော် လည်းကောင်း၊ ပါလီမန်ကိုသော် လည်းကောင်း တိုးတက်ကောင်းမွန်နေအောင် ပြုပြင်ဆောင်ရွက်လေသည်။ ပါလီမန်၏ သဘောတူညီချက် မရဘဲ အခွန်တော်သစ်များ ကောက်ခံခြင်းမပြုရဟူသောမူကို လက်ခံ၍ ဘုရင်၏အာဏာများကို လျှော့ချလိုက်လေသည်။ ထို့ ပြင် အင်္ဂလန်ပြည်တွင် ပြဋ္ဌာန်းထားရှိပြီးသော ဥပဒေများကို လည်း စနစ်တကျ ပြန်လည် ပြုပြင်စီစဉ်လိုက်သဖြင့် သူ့အား နောင်လာနောက်သားတို့က အင်္ဂလိပ် ဂျပ်စတီးနီးယန်း ဟူ၍ ပင် ခေါ်ဝေါ်ခဲ့ကြသည်။ အင်္ဂလိပ်ဥပဒေနှင့် တရားရုံး ကျင့်ထုံး များမှာလည်း စနစ်တကျ ဖြစ်လာသည်။

ပထမအက်ဒွပ်ဘုရင်သည် သူ၏နန်းသက်တစ်ချိန်လုံး၌ လိုလိုပင် စကော့တလန်ပြည်ကို သိမ်းသွင်းရန် ကြိုးပမ်းခဲ့သော် လည်း မအောင်မြင်ခဲ့ပေ။

ဒုတိယအက်ဒွပ်(၁၂၈၄-၁၃၂၇)[ပြင်ဆင်ရန်]

ဒုတိယအက်ဒွပ်ကား ပထမအက်ဒွပ်၏ သားတော်ပီပီ အရပ်မြင့်၍ ရုပ်ရည်ခန့်ညား သည်။ ၁၂၈၄ ခုနှစ်တွင် ဖွားမြင်၍ ၁၃ဝ၁ ခုနှစ်တွင် ဝေလ မင်းသား ဘွဲ့ကို ပထမဦးဆုံး ရရှိခဲ့သော အင်္ဂလိပ်နန်းညွန့် နန်းလျာ ဖြစ်သည်။ ၁၃ဝ၇ ခုနှစ်တွင် ခမည်းတော်၏ အရိုက် အရာကို ဆက်ခံခဲ့ရသည်။ သို့သော် အက်ဒွပ်သည် အဆင်းသာ ရှိ၍ အချင်းမရှိသော ဘုရင်တစ်ပါးဖြစ်သဖြင့် ပြည်တွင်း၌ ဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့သည်။

ခမည်းတော် ပထမအက်ဒွပ်သည် အပင်ပန်းခံ၍ သူ့ အားစစ်ရေးစစ်ရာကိုလည်းကောင်း၊ အုပ်ချုပ်ရေးရာကိုလည်း ကောင်း သွန်သင်ပြသပေးခဲ့သည်။ သို့သော် သူသည် စစ်ပွဲများ ၌လည်းကောင်း၊ နိုင်ငံအုပ်ချုပ်ရေး၌လည်းကောင်း၊ နိုင်နင်းစွာ စီမံအုပ်ချုပ်နိုင်သူမဟုတ်ချေ။ ထို့ပြင် စိတ်ပျော့ညံ့သူဖြစ်သဖြင့် ခင်မင်သူအပေါင်းအဖော်များ၏ အလိုသို့လိုက်၍ တိုင်းပြည်ကို အုပ်ချုပ်လေ့ရှိ၏။ သို့ဖြင့် မှူးမျိုးမတ်နွယ်များနှင့် မကြာခဏ ပဋိပက္ခဖြစ်ခဲ့ရပြိးနောက် ပါလီမန်က ၁၃၂၇ ခုနှစ် ဇန်နဝါရီလ တွင် ဒုတိယအက်ဒွပ်ဘုရင်အား နန်းချကြောင်းကြေညာပြီးလျှင် သူ၏သားတော်ကို တတိယအက်ဒွပ်ဘုရင်ဖြစ်ဖြင့် နန်းတင်ကြ လေသည်။

ရှစ်လခန့်အကြာတွင် နန်းကျဘုရင် အက်ဒွပ်သည် ဗာကလေးရဲတိုက်အတွင်း၌ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း ကို ခံရလေသည်။

တတိယအက်ဒွပ်(၁၃၁၂-၁၃၇၇)[ပြင်ဆင်ရန်]

တတိယအက်ဒွပ်သည် ဒုတိယအက်ဒွပ်၏ သားတော်ဖြစ်၍ ၁၃၁၂ ခုနှစ်တွင် ဖွား မြင်ခဲ့သည်။ အင်္ဂလန်ပြည်၏ ထီးနန်းကို ၁၃၂၇ ခုနှစ်မှ ၁၃၇၇ ခုနှစ်အထိ နှစ်ပေါင်း ၅ဝ တိုင်တိုင် စိုးစံခဲ့သည်။ နန်းတက်စက အသက် ၁၅ နှစ်အရွယ်မျှသာ ရှိသေး ရာ ရင်ခွင်ပိုက်အဖွဲ့က သူ့ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ခဲ့ ၏။ ၁၃၂၈ ခုနှစ်တွင် ဟေးနော့မြို့စား၏ သမီးတော် ဖိလစ်ပ မင်းသမီး နှင့် လက်ထပ်ခဲ့သည်။

တတိယ အက်ဒွပ်ဘုရင်သည် စကော့တလန်ပြည်ကို သိမ်းသွင်းရန် ဆက်လက်ကြိုးစားခဲ့သည်။ သို့ရာတွင် စကော့ တို့၏ လွပ်လပ်ရေးစိတ်ဓာတ်ကို မချိုးနှိမ်နိုင်သဖြင့် ထမြောက် အောင်မြင်ခြင်းမရှိခဲ့ချေ။ သို့ဖြစ်ရကား တတိယအက်ဒွပ်ဘုရင် သည် တိုင်းပြည်ရေးရာ၌ ကျွမ်းကျင်လိမ္မာသော ဘုရင်အဖြစ်ဖြင့် ကျော်စောသည်ထက် စစ်သူရဲကောင်းအနေဖြင့် ပိုမိုထင်ရှားလေ သည်။ ၁၃၃၇ ခုနှစ်မှအစပြု၍ ပြင်သစ်တို့နှင့် အင်္ဂလိပ်တို့ နှစ်တစ်ရာစစ်ပွဲ ဆင်နွှဲခဲ့ကြလေသည်။ ၁၃၄၆ ခုနှစ်တွင် ဖြစ်ပွား၍ အင်္ဂလိပ်တို့ အနိုင်ရလိုက်သော ကရေဆီးတိုက်ပွဲမှာ နှစ်တစ်ရာစစ်ပွဲတွင် ပွဲဦးထွက်တိုက်ပွဲကြီးတစ်ခု ဖြစ်ပေသည်။ တတိယ အက်ဒွပ်ဘုရင်သည် ကဲလေးမြို့ ဝိုင်းရာတွင် (၁၃၄၇ ခုနှစ်) လည်းကောင်း၊ အခြားတိုက်ပွဲများတွင်လည်းကောင်း၊ သူ၏သားတော် ဗလက်ပရင့်မင်းသား အက်ဒွပ်က ကူညီခဲ့လေ သည်။ ပွားတျေးတိုက်ပွဲတွင် လည်းကောင်း၊ စလွီးရေကြောင်း တိုက်ပွဲတွင်လည်းကောင်း အောင်မြင်ခဲ့သော်လည်း အက်ဒွပ် ဘုရင်သည် နောင်အခါများတွင် စစ်ပွဲ၌ပါဝင်တိုက်ခိုက်ခြင်း မပြုနိုင်တော့ချေ။ ပြင်သစ်ပြည်ရှိ အင်္ဂလိပ်ပိုင် နယ်ပယ် အတော်များများ ဆုံးရှုံးသွားသည့်အပြင် နိုင်ငံမှာလည်း အတော် ပန်းသွားလေသည်။

စစ်အတွက်ကုန်ကျစရိတ်ကို တောင်းဆိုရန် ပါလီမန်ကို မကြာခဏ ဆင့်ခေါ်ရသည့်ပြင် ပါလီမန်နှင့်လည်း ထိုငွေရေး ကြေးရေးကိစ္စနှင့် စပ်လျဉ်း၍ မကြာမကြာ အချင်းများခဲ့ရ လေသည်။ ပါလီမန်၏ တန်ခိုးအာဏာလည်း တိုးတက်လာလေ သည်။

တတိယ အက်ဒွပ်ဘုရင်၏ လက်ထက်တွင် အမျိုး သားစိတ်ဓာတ်မှာ တက်ကြွလာသဖြင့် အစိုးရဌာနများနှင့် တိုင်း သူပြည်သားတို့သည် အင်္ဂလိပ်စာကို အသုံးများလာကြ၏။ အင်္ဂလိပ်စာပေကို အရေးထားလာကြလေသည်။ ထို့ပြင် သူ၏လက် ထက်တွင်ပင် အလွန်ကြောက်မက်ဖွယ်ကောင်း၍ ကူးစက်တတ် သော ကပ်ရောဂါဆိုးကြီး ဆိုက်ရောက်လာရာ အင်္ဂလန်ပြည်ရှိ လူဦးရေထက်ဝက်ခန့်မှာ သေကြေပျက်စီးကုန် လေသည်။ ထိုရော ဂါဆိုးကြီး ဆိုက်ရောက်လာသဖြင့် တိုင်းသူ ပြည်သားတို့၏ နေထိုင်မှုနှင့် စီးပွားရေးတို့မှာ နောင်နှစ်ပေါင်း များစွာ နာလန်မထူ နိုင်အောင် အခြေပျက်ခဲ့ရလေသည်။ ၁၃၇၆ ခုနှစ်တွင် လက်ရုံးတစ်ဆူအားကိုးရသော သား တော်ကြီး ဗလက်ပရင့်မင်းသား ကွယ်လွန်သည်။ တတိယ အက်ဒွပ်ဘုရင်၏ သားတော်သမီးတော်ပေါင်း ၁၂ ယောက် ထွန်းကားသည်တွင် သားတော်ခုနစ်ယောက်စလုံးမှာ ဘုရင်ကြီး နတ်ရွာမစံမီကပင် ကွယ်လွန်ကုန်ကြလေသည်။ တတိယ အက်ဒွပ်ဘုရင်သည် ၁၃၇၇ ခုနှစ်ဇွန်လ ၂၁ ရက်နေ့တွင်ကွယ်လွန်သည်။

စတုတ္ထအက်ဒွပ်ဘုရင် (၁၄၄၂-၁၄၈၃)[ပြင်ဆင်ရန်]

နှစ်တရာစစ်ပွဲ ကြီး ပြီးဆုံးသောအခါ အင်္ဂလန်နိုင်ငံတွင် လန်ကက်စတာ ဆွေမျိုးစုနှင့် ယော့ဆွေမျိုးစုတို့ ထီးနန်းလုကြရာ ပြည်တွင်းစစ် ဖြစ်ပွားလေသည်။ ယင်းမှာ နှင်းဆီစစ်ပွဲဟု တွင်သည်။ စတုတ္ထအက်ဒွပ်သည် ယော့နယ်စား ရစ်ချတ်၏သား တော်ဖြစ်၍ ၁၄၆ဝ ပြည့်နှစ် ဝိတ်ကဖီး တိုက်ပွဲတွင် သူ၏ ခမည်းတော် ကျဆုံးပြီးသည့်နောက် ယော့ဆွေမျိုးစု၏ ခေါင်း ဆောင်ဖြစ်လာလေသည်။၁၄၆၁ ခုနှစ်တွင် အက်ဒွပ်သည် လန်ကက်စတာစစ်တပ်များကို တောင်တွန်တိုက်ပွဲတွင် အနိုင်ရခဲ့ သည်။ လန်ကက်စတာဘုရင်ဖြစ်သော ဆဋ္ဌဟင်နရီဘုရင်ကို လည်း လက်ရဖမ်းမိခဲ့လေသည်။

ထို့နောက် လူသူအင်အားကောင်းလှသော ဝါဝစ်မြို့စား ၏အကူအညီဖြင့် အက်ဒွပ်သည် အင်္ဂလိပ် ထီးနန်းကိုရလေ သည်။ သို့သော် ထီးနန်းကိုသိမ်းပိုက်ပြီးနောက် မကြာမီ လက် ထပ်ထိမ်းမြားရေးနှင့် စပ်လျဉ်း၍ ဝါဝစ်မြို့စားနှင့် သဘောကွဲ လွဲကြလေသည်။

ထိုအခါ ဝါဝစ်မြို့စားသည် လန်ကက်စတာဖက်သား များနှင့် ပူးပေါင်းကာ ၁၄၇၁ ခုနှစ်တွင် အက်ဒွပ်ကို အင်္ဂလန် ပြည်မှ စွန့်ခွာသွားစေ၍ ဆဋ္ဌဟင်နရီဘုရင်ကိုနန်းတင်ခဲ့ပြန်၏။ အက်ဒွပ်ဘုရင်လည်း ဖလန်းဒါးနယ်သို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ရသည်။

သို့သော် နောက်တစ်နှစ်တွင် အက်ဒွပ်ဘုရင်သည် အင်္ဂလန်ပြည်သို့ ချီတက်တိုက်ခိုက်ရာ ဝါဝစ်သည် တိုက်ပွဲ၌ ကျဆုံးလေသည်။ ဟင်နရီဘုရင်ကိုလည်း အဆုံးစီရင်စေသည်။ စတုတ္ထအက်ဒွပ်ဘုရင်သည် ပျော်ပျော်ရွှင်ရွှင်နေတတ်၍ အပေါင်းအသင်းဆံ့သော ဘုရင်တစ်ပါး ဖြစ်သည်။ အုပ်ချုပ် ရေးတွင် ကျွမ်းကျင်သူလည်းဖြစ်သည်။ လန်ကက်စတာဘုရင် များကြောင့် ဆုံးရှုံးခဲ့ရသော ဘုရင်၏ တန်ခိုးအာဏာများကို ပါလီမန်လက်မှ ပြန်ရအောင် စွမ်းဆောင်ပေးခဲ့၏။

သူ့လက်ထက်တွင် အင်္ဂလန်နိုင်ငံ၌ ၁၃ နှစ်မျှ စစ်မက် မဖြစ်ပွားဘဲရှိသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်လာ သည်။ သူကိုယ်တိုင် သူပိုင်ငွေပင်ငွေရင်းများကို စိုက်ထုတ်ကာ ကုန်သွယ်မှုကို အားပေးခဲ့သည်။ ၁၄၈၃ ခုနှစ် ဧပြီလ ၉ ရက် နေ့တွင် ကွယ်လွန်သည်။

ပဉ္စမအက်ဒွပ် (၁၄၇ဝ-၁၄၈၃)[ပြင်ဆင်ရန်]

ပဉ္စမအက်ဒွပ်မှာ စတုတ္ထ အက်ဒွပ်၏သားတော်ဖြစ်၍ အင်္ဂလိပ်ထီးနန်းကို ၁၄၈၃ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလမျှသာအုပ်စိုးရလေသည်။ ခမည်းတော် စတုတ္ထအက်ဒွပ်ဘုရင် နတ်ရွာစံသည့် အချိန်တွင် ပဉ္စမအက်ဒွပ်မှာ ၁၃ နှစ်အရွယ်မျှသာ ရှိသေး၍ သူ၏ ဦးရီးတော် ဂလော့စတားမြို့စား ရစ်ချတ်က ရင်ခွင်ပိုက် မင်းသားကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၈၄၃ ခုနှစ် ဇွန်လသို့ရောက်သောအခါ ရစ်ချတ်သည် ဘုရင်ကလေးနှင့် သူ၏ညီတော် ရစ်ချတ်တို့ကို လန်ဒန်မျှော်စင် ကြီး၌ အကျဉ်းချထားခဲ့သည်။

ထိုအချိန်မှစ၍ ပဉ္စမအက်ဒွပ်နှင့် ညီတော်တို့၏ ကံကြမ္မာ ကို မည်သူမျှမသိရတော့ချေ။ သူတို့၏ ဦးရီးတော်ရစ်ချတ်၏ အမိန့်ဖြင့် လုပ်ကြံခြင်း ခံရဟန်တူသည်။ ထို့နောက် ရစ်ချတ် သည်လည်း တတိယ ရစ်ချတ်ဘွဲ့ကိုခံယူ၍ နန်းတက်လေသည်။

ဆဋ္ဌမ အက်ဒွပ် (၁၅၃၇-၁၅၅၃)[ပြင်ဆင်ရန်]

ဆဋ္ဌမ အက်ဒွပ်သည် အဋ္ဌမ ဟင်နရီဘုရင်နှင့် တတိယမိဖုရား ဂျိန်း ဆေးမိုး တို့မှ ဖွားမြင်သော သားတော်ဖြစ်၍၊ ၁၅၄၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင်နန်းတက်ခဲ့သည်။

အက်ဒွပ်သည် ထီးနန်းကိုဆက်ခံချိန်တွင် အသက် ၁ဝ နှစ်မျှသာရှိသေး၏။ သို့ဖြစ်၍ ပထမ ဦးရီးတော် ဆမ္မားဆက် မြို့စားနှင့် နောင်တွင် နော့သမ်ဗာလန်မြို့စားတို့က ဘုရင် ကလေးကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ခဲ့ရလေသည်။ ဆဋ္ဌအက်ဒွပ်ဘုရင်၏ နန်းသက်ခြောက်နှစ်အတွင်း ထူးခြားချက်တစ်ရပ်မှာ အင်္ဂလန်နိုင်ငံ၌ ပရိုတက်စတန့် ဘာ သာရေးဂိုဏ်း အခြေခိုင်မြဲလာခြင်းဖြစ်သည်။ ထို့ပြင် ၁၅၄၇ ခုနှစ်တွင် ပင်ကီတိုက်ပွဲ၌ စကော့တို့ကို အနိုင်ရလိုက်သည်။ ၁၅၅၃ ခုနှစ်ဇူလိုင်လ ၆ ရက်နေ့တွင် ဆဋ္ဌ အက်ဒွပ်ဘုရင် သည် အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။

သတ္တမအက်ဒွပ် (၁၈၄၁-၁၉၁ဝ)[ပြင်ဆင်ရန်]

သတ္တမအက်ဒွပ်သည် ၁၈၄၁ ခုနှစ်တွင်ဖွားမြင်၍ ဝိတိုရိယဘုရင်မကြီး၏ သားတော် အကြီးဆုံးဖြစ်သည်။ ၁၉ဝ၁ ခုနှစ်ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မယ်တော်ဘုရင်မကြီး နတ်ရွာစံသဖြင့် ထီးနန်းကိုဆက်ခံရသည်။ ထိုအခါ သတ္တမအက်ဒွပ်သည် သက်တော် ၅၉ နှစ်အရွယ်မျှ ရှိပြီဖြစ်၏။

၁၈၆၃ ခုနှစ်မတ်လ ၁ဝ ရက်နေ့တွင် ဒိန်းမတ်ပြည့် ရှင် နဝမ ခရစ္စတီယန်ဘုရင်၏ သမီးတော် အကြီးဆုံး အယ်လက် ဇန္ဒရား မင်းသမီးနှင့် စုံဖက်ခဲ့သည်။ မယ်တော်ဘုရင်မကြီး အသက်အရွယ်ကြီးရင့် လာသောအခါ၊ ဝေလမင်းသား အက်ဒွပ် တို့ ဇနီးမောင်နှံနှစ်ဦးသာလျှင် တိုင်းသူပြည်သားများနှင့် ပွန်းတီးစွာ ဆက်ဆံခဲ့ရလေသည်။

သတ္တမအက်ဒွပ်ဘုရင်သည် အပေါင်းအသင်းဆံ့သူဖြစ် ၏။ နိုင်ငံရေးပရိယာယ်ကိုလည်း ကောင်းစွာ တတ်ကျွမ်းနား လည်သဖြင့် ဥရောပတိုက်တွင် အင်္ဂလန်နိုင်ငံ၏ အခြေကို တောင့်တင်းစေခဲ့သည်။ နိုင်ငံတကာတို့နှင့် သင့်မြတ်အောင်ကြိုး စားဆောင်ရွက်ခဲ့လေသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံလိုသဖြင့် ၁၈ဝ၃ ခုနှစ်တွင် ပြင်သစ်သမ္မတ လူဗတ်ထံသို့ အလည်အပတ် သွားရောက်ခဲ့လေသည်။ ဝေလ မင်းသားဘဝနှင့်လည်း ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု နှင့် အိန္ဒိယနိုင်ငံတို့သို့ ရောက်ခဲ့ဖူး၏။

ထို့ပြင် ၁၉ဝ၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အင်္ဂလိပ်-ရုရှ စာချုပ်ကို ပိုမိုခိုင်မြဲစေရန် အက်ဒွပ်ဘုရင်သည် ၁၉ဝ၈ ခုနှစ်၌ ရုရှနိုင်ငံသို့ သွားရောက်ခဲ့လေသည်။ ဂျာမနီနိုင်ငံ ကိုင်ဇာဘုရင် ထံသို့လည်း ၁၉ဝ၉ ခုနှစ်တွင် အလည်အပတ် ရောက်ခဲ့ခြင်း အားဖြင့် အင်္ဂလိပ်-ဂျာမန်ဆက်ဆံရေးကို ယာယီမျှသော်လည်း ပြေပြစ်စေခဲ့၏။

အမြော်အမြင်နှင့်ပြည့်စုံသော ဘုရင်ဖြစ်သည့်အလျောက် ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပေါ်တူဂီ စသော တိုင်းနိုင်ငံအသီးသီးတို့နှင့် အနုညာတ စီရင်ဆုံးဖြတ်ရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုနိုင်အောင်လည်း ဆောင်ရွက်ခဲ့လေသည်။ သတ္တမ အက်ဒွပ်ဘုရင်ကြီးသည် ဥရောပတိုက်၏ ငြိမ်းချမ်းရေးအတွက် အားခွန်စိုက်ထုတ် ကြိုးပမ်းခဲ့သောကြောင့် သူ့အား ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူ အက်ဒွပ်ဟူ၍ပင် ခေါ်စမှတ်ပြုကြလေသည်။ သတ္တမအက်ဒွပ်ဘုရင်သည် ၁၉၁ဝ ပြည့်နှစ် မေလ ၆ ရက်နေ့တွင်လွန်သည်။

သတ္တမအက်ဒွပ်ဘုရင်နှင့် အယ်လက်ဇန္ဒရားမိဖုရားတို့ တွင် သားတော်နှစ်ပါးနှင့် သမီးတော် သုံးပါး ထွန်းကားသည်။ သားတော်အကြီး ကလားရင့်မြိုစား အဲလဗတ်မှာ ၁၈၉၂ ခုနှစ် တွင် ကွယ်လွန်သည်။ သားတော်အငယ် ဂျော့မင်းသားသည် ပဉ္စမဂျော့ဘုရင်အဖြစ် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံခဲ့ လေသည်။

အဋ္ဌမအက်ဒွပ် (၁၈၉၄·၁၉၇၂)[ပြင်ဆင်ရန်]

အဋ္ဌမအက်ဒွပ်ဘုရင်သည် ပဉ္စမဂျော့ဘုရင်နှင့် မေရီမိဖုရားကြီးတို့၏ သားတော်အကြီးဆုံး ဖြစ်၏။ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်လေ သည်။

၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ခမည်း တော် ပဉ္စမဂျော့ဘုရင်၏ အရိုက်အရာကို ဆက်ခံရလေသည်။ ထိုအခါတွင် သက်တော် ၄၂ နှစ်ခန့် ရှိနေပြီဖြစ်၏။ ၁၉၁၁ ခုနှစ်တွင် ဝေလမင်းသားဘွဲ့ကို ခံယူခဲ့သည်။ သူ၏နာမည်အပြည့်အစုံမှာ အက်ဒွပ် အဲလဗတ် ခရစ် စတီယန်ဂျော့ အင်ဒရူးပက်ထရစ် ဒေးဗစ် ဟူ၍ ဖြစ်လေသည်။ မင်းသားဘဝနှင့် အော့စဗွန်းနှင့် ဒါ့တမတ်ရေကြောင်း အတတ်သင် ကောလိပ်ကျောင်းများတွင် ရေကြောင်းအတတ်ကို လေ့လာဆည်းပူးခဲ့သည်။

၁၉၁၂ ခုနှစ်တွင် ရေကြောင်းအတတ်သင် ကောလိပ် ကျောင်းမှထွက်၍ အောက်စဖို့တက္ကသိုလ် မော့ဒလင်းကောလိပ် တွင် နှစ်နှစ်ခန့်မျှ ပညာဆက်လက်သင်ကြားခဲ့သည်။ ဘိုးတော် သတ္တမ အက်ဒွပ်ဘုရင်ကဲ့သို့ နိုင်ငံတကာသို့ ခရီးထွက်လိုသူဖြစ်သည်။ ထို့ကြောင့် ပထမကမ္ဘာစစ် ပြီးဆုံးပြီးသည့်နောက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗြိတိသျှတို့၏ ကုန်သွယ် ရေးကိုရှေးရှုကာ ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ တောင်အမေရိကတိုက်၊ အိန္ဒိယ၊ မြန်မာ၊ ဩစတြေးလီး ယားတိုက်နှင့် နယူးဇီလန်ကျွန်းများသို့ အလည်အပတ် သွား ရောက်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ဗြိတိန်ကျွန်းရှိ စက်မှု လက်မှုထွန်းကားရာနှင့် သတ္တုတွင်းများရှိရာ အရပ်ဒေသများသို့ လှည့်လည်ကြည့်ရှုခဲ့လေသည်။

အပေါင်းအသင်းဆံ့သူ တစ်ယောက်ဖြစ်သည့်အလျောက် မင်းသားသည် လူချစ်လူခင်ပေါ၏။ သာမန်လူတန်းစားတို့နှင့် ပွန်းပွန်းတီးတီး ပေါင်းသင်းဆက်ဆံတတ်သူလည်း ဖြစ်သဖြင့်၊ လူတိုင်း၏ ချစ်ကြည်ညိုခြင်းကို ခံရလေသည်။ သူသည် အထူး သဖြင့် စစ်ပြန်ရဲဘော်များနှင့် လူငယ်များအရေးတွင် ပိုမိုစိတ်ဝင် စားခဲ့လေသည်။

၁၉၃၆ ခုနှစ်ဦးတွင် ခမည်းတော်ဂျော့ဘုရင် ကွယ်လွန် သည့်အခါ အဋ္ဌမအက်ဒွပ်ဘွဲ့ကိုခံယူလျက် နန်းတက်ခဲ့သည်။ သို့သော် ထိုနှစ်မလွန်မီ အမေရိကန်သူ မစ္စစ်ဝေါလစ် ဝါဖီး ဆင်မဆင်ကို တွေ့ရှိမေတ္တာသက်ဝင်ခဲ့သဖြင့် မိဖုရားမြေ|ာက်လို သောဆန္ဒ ပြင်းပြခဲ့သည်။ သို့ရာတွင် အင်္ဂလန်နိုင်ငံ အစိုးရအဖွဲ့ နှင့်တကွ ဒိုမီနီယန်နိုင်ငံများကပါ ဘုရင်၏အလိုသို့ မလိုက် လျောနိုင်ကြပေ။ မစ္စစ်ဆင်မဆင်မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးရုံမျှမက၊ ဒုတိယအိမ်ထောင်သည် ခင်ပွန်းနှင့်လည်း ပြတ် စဲသည်ဟု မဆိုသာသေးသဖြင့်၊ အင်္ဂလန်ထီးနန်း အသရေနှင့် ထုံးတမ်းစဉ်လာကိုငဲ့ကွက်ကာ ဘုရင်အလိုသို့ မလိုက်လျောနိုင် ခြင်း ဖြစ်လေသည်။ သို့သော် အဋ္ဌမအက်ဒွပ်ဘုရင်သည် အမေ ရိကန်သူကိုမစွန့်နိုင်သဖြင့် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အင်္ဂလိပ်ထီးနန်းကို စွန့်လွှတ်လိုက်လေသည်။

ထိုအခါ ညီတော် ယော့နယ်စားသည် ဆဋ္ဌမ ဂျော့ဘွဲ့ ကိုခံလျက် နန်းတက်လေသည်။ ထီးနန်းကို ဆက်ခံသိမ်းပိုက်ရ သည်နှင့် တစ်ပြိုင်နက် နောင်တော်အား ဝင်ဆာမြို့စားရာထူးကို ချီးမြှင့်ခဲ့လေသည်။

ဝင်ဆာမြို့စားသည် ၁၉၃၇ ခုနှစ်ဇွန်လ ၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မစ္စစ် ဆင်မဆင်နှင့် လက်ထပ်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝင်ဆာ မြို့စားသည် ဗဟားမားကျွန်းစုတွင် ဘုရင်ခံအဖြစ်ဖြင့် ဆောင် ရွက်ခဲ့သည်။ ဘုရင်ခံအဖြစ်ဖြင့် ဆောင်ရွက်နေစဉ် ဝင်ဆာမြို့ စားသည် ကျွန်းသူကျွန်းသားတို့၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထူးတလည် ကြိုးပမ်းခဲ့လေသည်။၁၉၄၆ ခုနှစ် အောက်တိုဘာလတွင်မြို့စား နှင့် မြို့စားကတော်တို့သည် အင်္ဂလန်နိုင်ငံသို့ နန်းစွန့်ပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြလေသည်။

ထို့နောက်တွင် ဝင်ဆာမြို့စား ဇနီးမောင်နှံတို့သည် ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ အခြေချနေထိုင်ခဲ့သည်။ ၁၉၇၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်ရှိ ဝင်ဆာ မြို့စားသည် ပါရစ်မြို့ရှိ မိမိစံအိမ်၌ ကွယ်လွန်သွားသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)