အက်ဇတက်လူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုနိုင်ငံကို ရှေးကစပိန်လူမျိုးများ အုပ်ချုပ်ခဲ့ဖူး၍ စပိန်လူမျိုးများ မရောက်မီက ထိုပြည်ကို နာဝါအဆက်အနွယ်ဖြစ်သော လူမျိုးများက အုပ်ချုပ်ခဲ့၏။ နာဝါဆိုသည့်အမည်မှာ မြောက်ပိုင်းမှ ရောက်လာသူများအားလုံးကို ပေါင်းစပ်ခေါ်ဝေါ်သော အမည် ဖြစ်၍ သူတို့အထဲတွင် အထင်ရှားဆုံးလူမျိုးမှာ အက်ဇတက် လူမျိုးဖြစ်၏။အက်ဇတက်လူမျိုး၏ အဆက်အနွယ်များကို မက္ကဆီကိုမြို့၌ ယခုတွေ့မြင်နိုင်သေး၏။ အက်ဇတက်တို့ ဘာသာ စကားမှာ အယ်ရီဇိုးနားနှင့် နယူးမက္ကဆီကိုပြည်နယ်တို့ရှိ တိုင်း ရင်းသားများ၏ စကားများနှင့် ဆက်သွယ်နေသဖြင့် အက်ဇ တက်တို့သည် ထိုတိုင်းရင်းသားများနှင့် သွေးသားတော်စပ်ဟန် လက္ခဏာရှိ၏။ ယင်းတို့သည် ပထမ၌အခြားနာဝါလူမျိုးများနှင့် သင့်မြတ်စွာနေထိုင်ခဲ့သော်လည်း နောင်အခါ တန်ခိုးကြီးလာ၍ အခြားလူမျိုးများကို နိုင်ထက်စီးနင်း ပြုကျင့်ကြ၏။ ၁၃၂၅ ခုနှစ်၌ တေနော့တီး တလန်းမြို့ကို တည်ကြ၏။ သူတို့၏ နိုင်ငံသည် မက္ကဆီကိုကွေ့မှ အတွင်းပိုင်းရှိ တောင်တန်းများ အထိ၊ တောင်ဘက်တွင် ဂွာတီမားလပြည်ဟု ယခုခေါ်သော ပြည်အထိ ကျယ်ဝန်း၏၊၊


အက်ဇတက်လူမျိုးသည် ထိုအခါက ကမ္ဘာသစ်ဟုခေါ် သော မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့၌ အယဉ်ကျေးဆုံးလူမျိုးဖြစ်၏။ ထိုလူမျိုး၏နိုင်ငံ၌ နိုင်ငံသူ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ပြုလုပ်ထားသော တရားဥပဒေများ၊ တရားရုံးများရှိ၏။ ကျွန်များကိုပင် မတရား မပြုလုပ်ရချေ။ ရာဇဝတ်မှုကျူးလွန်သူများသည် ကြီးလေးသော အပြစ်ဒဏ်ကို ခံကြရ၏။ အရက်သေစာ သောက်စားသော လူငယ်များ၊ မိဘပိုက်ဆံကို ဖြုန်းတီးသောလူငယ်များသည် သေဒဏ်ခံကြရ၏။ ကလေးသူငယ်များကို ပုခက်တွင်း၌ရှိစဉ်က စ၍ လိမ္မာယဉ်ကျေးအောင် မိဘများကသွန်သင်ဆုံးမကြရ၏။ လူကြီးမိဘကို ရိုသေရမည်၊ ဆင်းရဲသားဒုက္ခသည်များကိုကြင်နာ ရမည်၊ စကားပြောလောဘမကြီးနှင့်၊ သူများပြောနေစဉ် ဖြတ် မပြောနှင့်၊ စကားကို ချဲ့ထွင်မပြောနှင့်၊ သူတစ်ပါး၏အပြစ်ကို မရှုနှင့် စသည်ဖြင့် ဩဝါဒပေးထား၏။


မိန်းမများသည် အလုပ်အကိုင်များ၌ များသောအားဖြင့် ယောကျာ်းများနှင့်တန်းတူ လုပ်ဆောင်ကြရ၏။ အချို့အမျိုးသမီး များသည် စာရေးစာဖတ် အဆိုအကပညာကို သင်ကြားကြ၏။ ဗေဒင်ပညာ၊ နက္ခတ်ပညာများကိုပင် လေ့လာကြ၏။ အက်ဇတက်လူမျိုးတို့၏ နက္ခတ်ပညာသည် အကြမ်းစား မဟုတ်ချေ။ သူတို့သည် ရာသီခွင်များကိုညိ|၍ သူတို့၌ ခုနှစ်ရာစုနှစ်မှ စတင်ရေတွက်သော ပြက္ခဒိန်ပင် ရှိလေသည်။ ထို ပြက္ခဒိန်ကို ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထွင်း၍ ထားသည်။ ကျောက်တုံး ကြီးမှာသုံးပေထူ၍ အချင်းပေ ၂ဝ ရှိပြီးလျှင် အလေးချိန် အားဖြင့် တန် ၂ဝ စီးသည်။ ထိုပညာ ကို အက်ဇတက်လူမျိုး သည် တော်လတက်လူမျိုးထံမှ ရယူကောင်းရယူပေမည်။ ထို တော်လတက်လူမျိုးသည် အက်ဇတက်လူမျိုး မနေထိုင်မီက နေထိုင်သွားသော လူမျိုးဖြစ်သည်။ တစ်ဖန် ထိုတော်လတက် လူမျိုးက ယဉ်ကျေးမှုများကို မာယာလူမျိုးထံမှ အတုယူခြင်းဖြစ်သည်။


ထိုမာယာလူမျိုးက ဂွာတီမားလမြောက်ဘက်ပိုင်းတွင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် မြို့ကြီးများကို ခရစ် ၅ဝ ပြည့်နှစ်ခန့်ကပင် ပြုလုပ်ခဲ့ကြသည်။

အက်ဇတက်ဘုရင်[ပြင်ဆင်ရန်]

၁၅ဝ၂ ခုနှစ်တွင် နန်းစံလျှက်ရှိသော အက်ဇတက် လူမျိုးတို့၏ဘုရင်မှာ ဒုတိယမွန်တီဇူမာဖြစ်၏။ သူသည် ရရှိသောအခွန်ဘဏ္ဍာဖြင့် တေနော့တီးတလန်းမြို့တော်ကို မကြာ ခဏ မွမ်းမံချဲ့ထွင်ပြင်ဆင်၏။ ထိုတေနော့တီးတလန်း မြို့တော် ကား ယခုမက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုမြို့ပင် ဖြစ်၏။ မြို့ထဲ၌ တူးမြောင်းများကို ဖောက်လုပ်ထား၏။ သစ်ကိုင်း သစ်ခက်တို့ဖြင့် ရေပေါ်ကျွန်းကလေးများကို ဖန်တီးပြုလုပ်ပြီး လျှင် ထိုကျွန်းကလေးများပေါ်တွင် လှပဆန်းကြယ်သောသစ်ပင် များနှင့် အဖိုးတန်ဆေးဝါးပင်များကို စိုက်ပျိုးထား၏။ ထူးဆန်း ၍ရှားပါးသော တိရိစ္ဆာန်များကိုလည်း အလှမွေးမြူထား၏။ အက်ဇတက်လူမျိုးသည် ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပုရန်၊ ကျောက်ဆစ်၊ ဗိသုကာ စသော အတတ်များကိုလည်း တတ်ကျွမ်းကြပြီးလျှင် လှပဆန်းပြားသော အထည်အလိပ်များ ကိုလည်း ရက်လုပ်တတ်ကြ၏။ အိုးခွက်အလုပ်တွင်လည်း ကျွမ်းကျင်ကြသည်။

မွန်တီဇူမာသည်မှူးမတ်ကျေးကျွန်များခြံရံလျှက်ထယ်ဝါ ခန့်ညားစွာနေထိုင်၏။ သူ၏နန်းတော်၌ လှပသော ဥယျာဉ်များ ပြုလုပ်ထား၏။ စာပေနှင့်အနုပညာကို အထူးအားပေး၏။ ထိုသို့လျှင် အက်ဇတက်လူမျိုးတို့သည် သူတို့ခေတ် အခါက ယဉ်ကျေးမှု၌ အထက်တန်းကျခဲ့သော်လည်း သူတို့ လူမျိုး၏သမိုင်း၌ အရုပ်ဆိုးလှသော အမည်းကွက်ကြီးတစ်ခု စွန်းထင်လျက်ရှိပေသည်။ ထိုအမည်းကွက်ကြီးကား သူတို့၌ လူသတ်ပြီးလျှင် ယဇ်ပူဇော်သောအလေ့ရှိခြင်းဖြစ်၏။တေနော့တီး တလန်းမြို့တော်၌ အီဂျစ်ပြည်ရှိ ပိရမစ်ကြီးများနှင့် ခပ်ဆင်ဆင် တူသော ကျောက်တိုက်ကြီးများကို ယခုတိုင် တွေ့မြင်နိုင်၏။ ထိုကျောက်တိုက်ကြီးများမှာ လူကိုသတ်၍ ယဇ်ပူဇော်ရာမျှော်စင် ကြီးများဖြစ်၏။ အက်ဇတက်တို့သည် စစ်ပွဲ၌ဖမ်းဆီးရမိသော ရန်သူများကို ချက်ချင်းသတ်မပစ်ချေ။ သူတို့ပွဲတော်နေ့ကျမှ ထိုစစ်သုံ့ပန်းများကို မျှော်စင်ကြီးသို့ ခေါ်သွားပြီးလျှင် အရှင် လတ်လတ်သတ်၍ သူတို့နတ်ကို ပူဇော်ပသကြ၏။ ဟာနန်ဒိုကောတက်ခေါင်းဆောင်သည့် စပိန်တို့သည် အက်ဇတက်ဘုရင်ကို ပုန်ကန်ခြားနားသော တိုင်းရင်းသားများ နှင့် ပူးပေါင်းကာ အက်ဇတက်တို့ကို တိုက်ခိုက်ရာ အောင်မြင် ၍ ၁၅၂၁ ခုနှစ်၌ အက်ဇတက်နိုင်ငံကြီး ပျက်စီးသွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)