အက်ဆစ်နှင့်အယ်လကာလိုင်း

ဝီကီပီးဒီးယား မှ

အက်ဆစ်သည်ဟိုက်ဒြိုဂျင် ပါသော ဒြဗ်ပေါင်းတစ်ခုဖြစ်၍ ထိုဟိုက်ဒြိုဂျင်ဓာတ် အားလုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သတ္တုတစ်ခုခုဖြင့် ဖယ် ရှားပစ်နိုင်သည်။ ထို့ပြင် သတ္တုနှင့်တူမျှသောဒြဗ်စင်စုဖြင့်လည်း ဖယ်ရှားပစ်နိုင်သည်။ ယင်းသို့ သတ္တုတစ်ခုခုဖြင့် ဟိုက်ဒြို ဂျင်ကိုဖယ်ရှားလိုက်သည့်အခါ သတ္တုသည်ဓာတ်ဆားအဖြစ်ဖြင့် ကျန်ရစ်၏။ ဓာတုဗေဒတွင် ဓာတ်ဆားဟူသော ဝေါဟာရသည် ရိုးရိုးအိမ်သုံးဆားကိုမဆိုလိုပဲ သတ္တုတစ်ခုခုနှင့် အက်ဆစ်ရက်ဒီ ကယ်တို့ ပေါင်းစပ်ထားသောဒြဗ်ပေါင်းကိုဆိုလိုသည်။ ပုံစံအား ဖြင့် ဆာလဖျူရစ်အက်ဆစ် (H2SO4)တွင် ဟိုက်ဒြိုဂျင် အက်တမ်နှစ်ခုနှင့် (SO4) ရက်ဒီကယ်တို့ ပေါင်းစပ်ထား၏။ ဆာလဖျူရစ်အက်ဆစ်ထဲသို့ သတ္တုတစ်ခုခုထည့်လိုက်သောအခါ ဟိုက်ဒြိုဂျင်ဓာတ် ထွက်သွားပြီးလျှင် ဓာတ်ဆားကျန်ရစ်၏။

Zn + H2SO4 = H2 + ZnSO4
ဇင့်(သွပ်) + ဆာလဖျူရစ်အက်ဆစ် = ဟိုက်ဒြိုဂျင် + ဇင့်ဆာလဖိတ်(ဓာတ်ဆား)

အထက်ပါပုံစံတွင် ဆာလဖျူရစ်အက်ဆစ်၌ရှိသော ဟိုက်ဒြိုဂျင်ဓာတ်အားလုံးသည် ဓာတ်ငွေ့အဖြစ်ဖြင့် ထွက်သွား ၏။ အကယ်၍ ဆာလဖျူရစ်အက်ဆစ်ထဲသို့ ဆိုဒီယမ်(န္ဒေ) သတ္တုကို ထည့်လိုက်သောအခါ ဟိုက်ဒြိုဂျင်အက်တမ်နှစ်ခု အနက် တစ်ခုသာထွက်သွား၍ အခြားတစ်ခုသည် ဓာတ်ဆားနှင့် ရော၍ ကျန်ရစ်၏။

2Na + 2H2SO4 = H2 + 2NaHSO4
ဆိုဒီယမ်သတ္တု + ဆာလဖျူရစ်အက်ဆစ် = ဟိုက်ဒြိုဂျင် + ဓာတ်ဆား

ဟိုင်ဒြိုကလောရစ်အက်ဆစ်(HCl) ကဲ့သို့သော အက် ဆစ်တစ်ခုသည် ရေတွင်ပျော်ဝင်သောအခါ အိုင်းယွန်းခေါ် လျှပ်စစ်ဓာတ်ဖြင့်ပြီးသော အစိတ်အပိုင်းကလေးများအဖြစ်သို့ ကွဲ ထွက်သွားလေသည်။ ယင်းသို့ကွဲထွက်သွားသောအခါ ကလို ရင်းသည် လျှပ်စစ်အမဓာတ်ရှိသည့် အီလက်ထရွန်ကို ယူဆောင် သွားသဖြင့် ဟိုက်ဒြိုဂျင်တွင် လျှပ်စစ်အဖိုဓာတ်သာလျှင် ကျန် ရစ်၏။

အက်ဆစ်များကိုရေတွင်ဖျော်၍ လစ်တမပ် စက္ကူအပြာနှင့် စမ်းကြည့်သောအခါ လစ်တမပ်စက္ကူ ပြာသည် နီသွား၏။ အက်ဆစ်သည် မက်သဲအောရိန်းကိုလည်းနီစေ၏။ ချဉ်သောအရသာရှိ၏။ အက်ဆစ်နှင့် အယ်လကာလိုင်းနှစ်မျိုးကို ရောစပ် လိုက်သောအခါ ဓာတ်ဖောက်ပြန်မှုဖြစ်ပေါ်လာပြီးလျှင် ဓာတ်ပြယ်သွား၏။ ဓာတ်ပြယ်သည်ဆိုရာ၌ အက်ဆစ်သတ္တိနှင့် အယ် လကာလိုင်းသတ္တိ နှစ်မျိုးလုံး ပြယ်သွားခြင်းကို ဆိုလိုသည်။ အက်ဆစ်များကို (၁) အောက်ဆီအက်ဆစ်နှင့် (၂) ဟိုက်ဒြပ် ဆစ်ဟူ၍ နှစ်မျိုးနှစ်စားခွဲထားလေသည်။ ဟိုက်ဒြိုဂျင်ဓာတ်နှင့် အောက်ဆီဂျင်ဓာတ်နှစ်မျိုးလုံးပါဝင်သော အက်ဆစ်ကို အောက် ဆီအက်ဆစ်ဟုခေါ်၏။ ပုံစံအားဖြင့် ဆာလဖျူရစ်အက်ဆစ် (H2SO4)၊ နိုက်ထရစ်အက်ဆစ် (HNO3) စသည်တို့သည် အောက်ဆီအက်ဆစ်များဖြစ်ကြ၏။ အောက်စီဂျင်ဓာတ်မပါဝင်ပဲ ဟိုက်ဒြိုဂျင်ဓာတ်နှင့် သတ္တုမဟုတ်သည့် ဒြဗ်စင်တစ်ခုခုတို့ ပါဝင်ပေါင်းစပ်လျက်ရှိသော အက်ဆစ်ကို ဟိုက်ဒြပ်ဆစ်ဟုခေါ် ၏။ ပုံစံအားဖြင့် ဟိုက်ဒြိုကလောရစ်အက်ဆစ် (HCl)၊ ဟိုက် ဒြိုဆာလဖျူရစ်အက်ဆစ် (H2S) စသည်တို့သည် ဟိုက်ဒြပ် ဆစ်များဖြစ်ကြ၏။

ဗေ့ဆိုသည်မှာ များသောအားဖြင့် သတ္တု(သို့မဟုတ် သတ္တုနှင့်တူမျှသောဒြဗ်စင်စု)၏အောက်ဆိုဒ်၊ သို့မဟုတ် ဟိုက် ဒရောက်ဆိုက်ဖြစ်၍ အက်ဆစ်နှင့်ပေါင်းမိသောအခါ အက်ဆစ်ကို ဓာတ်ပြယ်စေပြီးလျှင် ဓာတ်ဆားနှင့်ရေကိုသာ ဖြစ်ပေါ်စေ၏။ ပုံစံပြရသော် ကယ်လဆီယမ်အောက်ဆိုက် (CaO) နှင့် ဇင့် ဟိုက်ဒရောက်ဆိုက် (ZnCOH2) တို့သည် ဗေ့များဖြစ်ကြ၍ အက်ဆစ်တစ်ခုခုနှင့် ရောစပ်လိုက်သည့်အခါ အက်ဆစ်၏ဓာတ် သည် ပြယ်သွားပြီးလျှင် ဓာတ်ဆားနှင့် ရေတို့ကိုရ၏။
(1)

CaO + 2HCl = CaCl2 + H2O
ဗေ့ + အက်ဆစ် = ဓာတ်ဆား + ရေ

(2)

Zn(OH)2 + H2SO4 = ZnSO4 + 2H2O
ဗေ့ + အက်ဆစ် = ဓာတ်ဆား + ရေ

ရေတွင်ကောင်းစွာပျော်နိုင်၍ လစ်တမပ်စက္ကူအနီကို အပြာသို့ပြောင်းစေသော ဗေ့များကို အယ်လကာလိုင်းဟုခေါ်၏။

ထင်ရှားသောအယ်လကာလိုင်းများမှာ ကော့စတစ်ဆိုဒါဟုလည်း ခေါ်သော ဆိုဒီယမ်ဟိုက်ဒရောက်ဆိုက် (NaOH)၊ ပိုတက်ဆီ ယမ်ဟိုက်ဒရောက်ဆိုက် (KOH)၊ ကယ်လစီယမ်ဟိုက်ဒရောက် ဆိုက် (CaOH2)၊ အမ်မိုးနီယမ်ဟိုက်ဒရောက်ဆိုက် NH4(OH) တို့ဖြစ်ကြ၏။ အထက်ပါတို့သည် ရေတွင်အလွန်ပျော်ဝင်ကြ၏။ အချို့ဗေ့တို့သည် ရေတွင်မပျော်ဝင်နိုင်သဖြင့် အယ်လကာလိုင်း မဟုတ်ကြချေ။ ထို့ကြောင့် အားလုံးသော အယ်လကာလိုင်းတို့ သည် ဗေ့များဖြစ်ကြသော်လည်း ဗေ့အားလုံးသည် အယ်လကာ လို်င်း မဖြစ်နိုင်ကြချေ။ အယ်လကာလိုင်းအရည်များကို များသောအားဖြင့် အယ်လကာလိုင်းအခဲများမှ ဖျော်ယူရ လေသည်။ အယ်လကာလိုင်းတို့သည် ဆပ်ပြာရည်ကဲ့သို့ချွဲ၏။ အရသာမှာ အနည်းငယ်ခါး၍ လစ်တမပ်စက္ကူအနီကို အပြာ ဖြစ်စေ၏။ မက်သဲအောရိန်းရည်ကို အဝါရောင်ဖြစ်စေ၏။ အရောင်မရှိ သော ဖီနောသလင်းအရည်ကို တောက်ပသော အနီရောင် ဖြစ်စေ၏။ အက်ဆစ်များနှင့် ရောနှောပေါင်းစပ်မိ သောအခါ ဓာတ်ဆားနှင့် ရေကိုသာလျှင်ရရှိ၏။ ပုံစံပြရသော် အယ်လကာလိုင်းဖြစ် သော ဆိုဒီယမ်ဟိုက်ဒရောက်ဆိုက် (NaOH) ကို နိုက်ထရစ် အက်ဆစ် (HNO3)နှင့် ပေါင်းစပ် သောအခါ ဆိုဒီယမ်နိုက်တြိတ် (NaNO3) နှင့် ရေသာလျှင် ရရှိ၏။ ဆိုဒီယမ်နိုက်တြိတ်သည် ဓာတ်ဆားဖြစ်၏။

NaOH + HNO3 = NaNO3 + H2O
အယ်လကာလိုင်း + အက်ဆစ် = ဓာတ်ဆား + ရေ

အယ်ကာလိုင်းဟူသောဝေါဟာရသည် အာရဗစ်ဘာသာ မှဆင်းသက်လာ၍ ပြာဟုအဓိပ္ပာယ်ရ၏။ ဆိုဒါနှင့်ပိုတက်တို့သည် အပင်များမှရရှိသော ပြာများဖြစ်၏။ အက်ဆစ်များကို ဓာတ်ငွေ့များမှလည်းကောင်း၊ အရည်များမှလည်းကောင်း၊ အစိုင်အခဲများမှလည်းကောင်း ပြုလုပ်ယူနိုင်သည်။ သို့သော် အယ်လကာလိုင်း များကိုကား ဆိုဒီယမ်ကာဗွန်နိတ် (အဝတ်လျှော်ဆိုဒါ)နှင့် ပိုတက်ဆီယမ်ကာဗွန်နိတ်(ပိုတက်)စသော အစိုင်အခဲများမှ ပြုလုပ်ယူနိုင်သည်။ အငွေ့၊ အရည်၊ အခဲမှရသော မည်သည့်အက်ဆစ်များပင်ဖြစ်စေကာမူ ရေတွင်ပျော်ဝင်သွားသောအခါ အိုင်ယွန်ခေါ် အစိတ်အပိုင်း ကလေးများအဖြစ်သို့ ကွဲထွက်သွားမြဲဖြစ်သည်။ ယင်းသို့ အစည်းကွဲထွက်သွားပုံကို အိုင်ယွန်နိုက်ဇေးယှင်း (အိုင်ယွန်ကွဲခြင်း) ဟုခေါ်၏။ အိုင်ယွန်တွင် လျှပ်စစ်ဓာတ်အားဖြင့်ပြီးသော အက်တမ်တစ်ခု၊ သို့မဟုတ် တစ်ခုထက်ပို၍ ပါရှိတတ်၏။ ဟိုက်ဒြိုဂျင်ကလိုရိုက် (HCl+) ကဲ့သို့သော အက်ဆစ်သည် ရေတွင် အိုင်ယွန်အဖြစ်သို့ အစည်းကွဲထွက်သွားသော အခါတွင် ကလိုရင်းသည် လျှပ်စစ်အမဓာတ်ရှိသည့် အီလက်ထရွန်ကို ယူဆောင်သွားသဖြင့် ဟိုက်ဒြိုဂျင်တွင် လျှပ်စစ်အဖိုဓာတ်သာ ကျန်ရစ်၏။


အက်ဆစ်နှင့် အယ်လကာလိုင်းတို့ ပေါင်းစပ်မိကြသောအခါ ဓာတ်ဆားနှင့်ရေများရရှိကြောင်း အထက်တွင် ဖော်ပြခဲ့ပြီ။ ယင်းသို့ပေါင်းစပ်ရာ၌ အကယ်၍ အက်ဆစ်ပျော်ဝင်ရည်သည် အယ်လကာလိုင်းပျော်ဝင်ရည်ထက် ပိုနေခဲ့လျှင် ပျော်ဝင်ရည်တစ်ခုလုံးသည် အက်ဆစ်အားကောင်းသောကြောင့် အက် ဆစ်သတ္တိ ပေါက်နေမည်ဖြစ်၏။ ထို့အတူ အယ်လကာလိုင်း ပျော်ဝင်ရည်က အက်ဆစ်ပျော်ဝင်ရည်ထက် ပိုနေလျှင်လည်း အယ်လကာလိုင်း အားကောင်း သောကြောင့် အယ်လကာလိုင်း သတ္တိပေါက်နေမည်ဖြစ်သည်။ သို့သော် အက်ဆစ်နှင့် အယ်လကာလိုင်းတို့သည် တစ်ခုနှင့်တစ်ခု မျှမျှတတပါဝင် ပေါင်းစပ်ခဲ့လျှင်မူ အက်ဆစ်၏သတ္တိနှင့် အယ်လကာလိုင်း၏သတ္တိတို့ ပြယ်သွားကြပြီးလျှင် အက်ဆစ်လည်းမဟုတ်၊ အယ်လကာလိုင်းလည်းမဟုတ်သော ဓာတ်ဆားနှင့်ရေတို့ကို ရရှိ၏။ ဤကဲ့သို့ အက်ဆစ်နှင့် အယ်လကာလိုင်းတို့ ပေါင်းစပ်ခြင်းကို ဓာတ်ပြယ် ခြင်းဟုခေါ်၏။ အက်ဆစ်၏ အပျော့အပြင်းကို စမ်းသပ်လိုသောအခါ အယ်လကာလိုင်းဖြင့် ဓာတ်ပြယ်စေရ၏။ ထိုနည်းတူ အယ်လကာလိုင်း၏ အပျော့အပြင်းကို သိလိုလျှင်လည်း အက်ဆစ်ဖြင့် ဓာတ်ပြယ်စေရလေသည်။ ယင်းသို့ အက်ဆစ်၊ သို့မဟုတ် အယ်လကာလိုင်းပျော်ဝင်ရည်တို့၏ အပျော့အပြင်းကိုစမ်းသပ်ရာ၌ စံတင်ထားသော ပျော်ဝင်ရည်များကို အသုံးပြုကြ၏။ ထိုစံတင် ပျော်ဝင်ရည်ကို နော်မယ်ပျော်ဝင်ရည်၊ သို့မဟုတ် သာမန် ပျော်ဝင်ရည်ဟုခေါ်၏။ ဤကဲ့သို့ သာမန်ပျော်ဝင်ရည်နှင့် အက်ဆစ်အယ်ကာလိုင်းတို့၏ အပျော့အပြင်း(အား)ကို စမ်းသပ်ခြင်းကို တိုက်ထရေးယှင်းဟုခေါ်သည်။


သာမန်ပျော်ဝင်ရည်ဆိုသည်မှာ ရေတစ်လီတာတွင် အက်ဆစ်၏ အီကွစ်ဗေးလင့်အလေးချိန်(သမအလေးချိန်) ပါရှိသော ပျော်ဝင်ရည်ကိုဆိုလိုသည်။ ပုံစံအားဖြင့် ကုဗစင်တီမီတာ တစ်ထောင်နှင့်ညီမျှသော ရေတစ်လီတာတွင် ဆာလဖျူရစ်အက်ဆစ် ၄၉ ဂရမ်ပါရှိသည့် ပျော်ဝင်ရည်ကို သာမန် ဆာလဖျူရစ်အက်ဆစ် ပျော်ဝင်ရည်ဟုခေါ်၏။ ထိုနည်းတူ ရေတစ်လီတာတွင် ဟိုက်ဒြိုကလိုရစ်အက်ဆစ် ၃၆၏၅ ဂရမ် ပါရှိသည့် ပျော်ဝင်ရည်ကိုလည်းကောင်း၊ ရေတစ်လီတာတွင် နိုက် တြစ်အက်ဆစ် ၆၃ ဂရမ်ပါရှိသည့် ပျော်ဝင်ရည်ကို လည်းကောင်း၊ သာမန်ပျော်ဝင်ရည်များဟု ခေါ်လေသည်။

အယ်လကာလွိုက်[ပြင်ဆင်ရန်]

အယ်လကာလွိုက်ဆိုသည်မှာ ဗေ့များ၏ဂုဏ်မျိုးရှိ၍ နိုက်တြိုဂျင်ဓာတ်ပါသော ဩဂဲနစ်ပစ္စည်းများကို ခေါ်သည်။ ပထမဦးဆုံးတွေ့သော အယ်လကာလွိုက်မှာ ဘိန်းမှရသည့် မော်ဖင်းပင်ဖြစ်သည်။ အခြားထင်ရှားသော အယ်လကာလွိုက်များမှာ ကွီနိုင်၊ စတြစ်ကနင်း၊ နစ်ကိုတင်၊ ကိုကိန်း(ကိုကင်း)၊ အက်တြိုပင် စသည်တို့ဖြစ်ကြ၏။ အယ်လကာလွိုက်အားလုံးလိုပင် ခါးသောအရသာရှိ၍ အချို့မှာ အဆိပ်ပြင်းထန်၏။ အချို့ အယ်လကာလွိုက်တို့မှာ ဆေးဝါးကုသရာ၌ အသုံးဝင်၏။ ငှက်ဖျားရောဂါအတွက် ကွီနိုင်ကိုအသုံးပြု၍ မျက်စိရောဂါအတွက် အက်တြိုပင်ကို အသုံးပြုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)