အကုသိုလ်တရား ၃ ပါး

ဝီကီပီးဒီးယား မှ
  • လောဘ= ကာမဂုဏ်အာရုံ(၅)ပါးကို ငြိကပ်တပ်မက်ခြင်းသဘော။

လောဘသည် ကာမဂုဏ်အာရုံကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက် တပ်မက်တွယ်တာ လိုချင်သည့်သဘောဖြစ်သည်။ သတ္တဝါတို့အား မည်သည့်အခါမျှ မရောင့်ရဲမတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲရှာဖွေနေစေသည်။ လောဘနှင့်သေသူ၏ လားရာဂတိမှာပြိတ္တာပြည်ဖြစ်သည်။

  • ဒေါသ= ပြစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။

"ဒေါသနှင့်တူသောအပြစ်သည်မရှိ" ဟူ၍ ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့်တူ၏။ တက်ကြွသော ဒေါသကသာဖျက်ဆီးတတ်သည်မဟုတ်။ ဆုတ်နစ်သောဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ လွန်ကဲစွာပူဆွေးခြင်းတို့ကလည်း ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေသည်။ ဒေါသနှင့်သေသူ၏ လားရာဂတိမှာငရဲပြည်ဖြစ်သည်။

  • မောဟ= တွေဝေခြင်း(မသိတတ်ခြင်း)၊ အာရုံ၏သဘောမှန်ကိုမသိခြင်း၊ ဖုံးကွယ်ခြင်းသဘော။

မောဟသည် ရုပ်နာမ်သဘော၊ ကံသဘော၊ သစ္စာသဘောစသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ကျင်လည်စေသည်။ မောဟနှင့်သေသူ၏ လားရာဂတိမှာတိရိစ္ဆာန်ပြည်ဖြစ်သည်။