ဟျူးဂျနိုး

ဝီကီပီးဒီးယား မှ

ဟျူးဂျနိုးဟူသော အမည်သည် ၁၉ ရာစုနှစ်အတွင်းက ပြင်သစ်နိုင်ငံရှိ ပရိုတက်စတန့်ဂိုဏ်းဝင် များကို ခေါ်သောအမည်ဖြစ်သည်။ ဟျူးဂျနိုးတို့သည် ဂျွန်ကယ်လဗင်၏ အယူဝါဒဆိုင်ရာ သဘောတရားများကို ယုံကြည်လက်ခံသူများ ဖြစ်သောကြောင့် ဗရင်ဂျီဂိုဏ်းဝင်တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြလေသည်။ ထိုအချိန်က ပြင်သစ်နိုင်ငံတွင် ဗရင်ဂျီဂိုဏ်းဝင်များ ကြီးစိုးလျက် ရှိကြသည်။ အထူးသဖြင့် ပါရစ်မြို့တွင် ဗရင်ဂျီဂိုဏ်းဝင်များ အင်အား ကောင်းလျက်ရှိရာ ဟျူးဂျနိုးတို့ကို စက်မှုလုပ်ငန်း ထွန်းကားသည့် မြို့များ၌နေထိုင်ကြသော လူတန်းစား၌ တွေ့ရသည်။ ဟျူးဂျနိုးတို့သည် မိမိတို့၏ ယုံကြည်ချက်အတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မရရှိကြချေ။ ထိုကြောင့် အချင်းချင်း သွေးစည်း၍ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မရရအောင် ကြိုးပမ်းရာမှ နိုင်ငံရေး အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

ဒုတိယ ဟင်နရီဘုရင် (၁၅၄၇-၁၅၅၉)လက်ထက်တွင် ဟျူးဂျနိုးတို့သည် အင်အား ကြီးမားလာသဖြင့် ဗရင်ဂျီ ဂိုဏ်းဝင်တို့က ထိတ်လန့်လာကြသည်။ ထိုကဲ့သို့ အင်အား ကောင်းလာသည်နှင့်အမျှ ဗရင်ဂျီဂိုဏ်းဝင်တို့ ကြီးစိုးသော အစိုးရကလည်း ဟျူးဂျနိုးတို့ကို တိုး၍ နှိပ်ကွပ်ခဲ့လေသည်။ ဒုတိယ ဖရန်စစ်ဘုရင်လက်ထက်၌ မူကား ဟျူးဂျနိုးတို့သည် နိုင်ငံရေးရာဘက်တွင် 0x100သဇာ တိုးတက်လာသည်။ နာဗားဘုရင် အန်ထော်နီ၊ ကွန်ဒေး မင်းသား လူဝီ၊ ရေကြောင်းဗိုလ်ချုပ် ကိုလေးညီ အစရှိသော ပုဂ္ဂိုလ်ကြီးတို့သည် ဟျူးဂျနိုးဂိုဏ်းဝင် များ ဖြစ်ကြသည်။ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ခေါင်းဆောင်မှာ ဂူအက်နယ်စား ဖြစ်သည်။ ထိုသို့ဖြင့် ဗရင်ဂျီ ဂိုဏ်းဝင်များနှင့် ဟျူးဂျနိုးတို့သည် စောင်မာန်တင်းလျက်ရှိကြရာ တစ်ခါသော် ကျီတစ်ခုထဲ၌ ဘုရားဝတ် ပြုရန် စုဝေးရောက်ရှိနေသော ဟျူး ဂျနိုးတို့ကို ဂူအက်နယ်စားနှင့် နောက်ပါတို့က တိုက်ခိုက်ကြ လေသည်။ ထိုအချိန်မှအစပြု၍ ပြည်တွင်းစစ် ဆက်လက် ဖြစ်ပွားခဲ့သည်မှာ ၁၅၆ဝ ပြည့်နှစ်မှ ၁၅၉၈ ခုနှစ်အထိ ကြာ ရှည်သည်။ တတိယ ပြည်တွင်းစစ်ပွဲပြီးသည့်နောက် ၁၅၇၂ ခုနှစ် 0x100သဂုတ်လ ၂၄ ရက် စိတ်ဗာသောလ မျူးနေ့ကြီးတွင် ဗရင်ဂျီဂိုဏ်းဝင်တို့က ဟျူးဂျနိုးတို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ ကြသည်။ ထိုလူသတ်ပွဲကြီးတွင် ဟျူးဂျနိုး မြောက်မြားစွာ အသက်ဆုံးရှုံးခဲ့လေသည်။

၁၅၈၉ ခုနှစ်တွင် ပြည်တွင်းစစ်ပွဲများ ပြီးဆုံးသည်။ စတုတ္ထဟင်နရီဘုရင် (၁၅၈၉-၁၆၁ဝ)သည် ယခင်က ဟျူး ဂျနိုးတို့၏ ခေါင်းဆောင်ဖြစ်ခဲ့ဘူးသော်လည်း ရောမကတ် သလစ်(ဗရင်ဂျီ)ဂိုဏ်းသို့ ကူးေးပြာင်းခဲ့သည်။ သို့ရာတွင် ၁၅၉၈ ခုနှစ်၌ နန့်အမိန့်ပြန်တမ်းကို ထုတ်ပြန်၍ ဟျူးဂျနိုးတို့အား လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး တို့ကို ပေးခဲ့လေသည်။

တစ်ဆဲ့သုံးဆက်မြောက် လူဝီဘုရင်လက်ထက်သို့ ရောက် သောအခါ ဟျူးဂျနိုးတို့သည် အယူဝါဒကို ဗန်းပြကာ နိုင်ငံရေး အာဏာရရန် ကြိုးစားလာကြသဖြင့် ဝန်ကြီးချုပ် ကာဒင်နယ် ရစ်ရှလျူးက ယင်းတို့၏ ခံတပ်မြို့များကို တိုက်ခိုက် သိမ်းယူ ခဲ့သည်။ ( ရစ်ရှလျူး ကာဒင်နယ်။)

ထိုသို့အားဖြင့် ဟျူးဂျနိုးတို့သည် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး များကိုလက်လွှတ်ခဲ့ရသော်လည်း လွတ်လပ်စွာ ကိုးကွယ်မှုကို ဆက်၍ ရရှိခဲ့ကြသည်။ သို့ရာတွင် ၁၆၈၅ ခုနှစ်၌ ၁၄ ဆက် မြောက်လူဝီဘုရင်က နန့်အမိန့်ပြန်တမ်းကို ရုပ်သိမ်းလိုက်သဖြင့် ဟျူးဂျနိုးတို့သည် ဥပဒေအရ ခံစားခဲ့ရသော အခွင့်အရေး အားလုံး ဆုံးရှုံးခဲ့လေသည်။ ထိုကြောင့် ပြင်သစ်နိုင်ငံတွင် မနေနိုင်သဖြင့် နိုင်ငံခြားသို့ ထွက်ပြေးကြရလေသည်။ ထွက်ပြေးကြသူများထဲတွင် လက်မှုပညာသည် အမြောက် အမြား ပါရှိရာ ဟျူးဂျနိုးတို့ သွားရောက်နေထိုင်ရာဖြစ်သော အင်္ဂလန်၊ ဂျာမနီ၊ ဟော်လန်၊ အမေရိကတိုက်စသော နိုင်ငံ များ၌ ပြင်သစ်လက်မှုပညာရပ်တို့ ထွန်းကားလာကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)