ဟဲရဝဒ်၊ သ ဝိတ်

ဝီကီပီးဒီးယား မှ

ဟဲရဝဒ်, သ ဝိတ်[ပြင်ဆင်ရန်]

အင်္ဂလန်နိုင်ငံတွင် ဟဲရဝဒ်ဟူသော အမည်သည် ကျောင်းသားသူငယ်တို့အတွက် မျိုးချစ်စိတ်ထက်သန်ခြင်း၊စွန့်စာခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းစသည်ဖြင့်သူရဲကောင်းတို့၏အရည်အချင်းများ ကို ထုတ်ဖော်နိုင်စွမ်းရှိသော အမည်ဖြစ်၍ ၁၁ရာစု နှစ်အတွင်းက နော်မန်ဘုရင်၏ ကြီးစိုးမှုအောက်မှ လွတ်မြောက်ရန် နောက်ဆုံးကြိုးပမ်းခဲ့သော အင်္ဂလိပ်မျိုးချစ်ခေါင်းဆောင်၏ အမည်လည်းဖြစ်သည်။ ၁၈၆၆ခုနှစ်တွင် နာမည်ကျော် စာရေးဆရာ ချားကင်းစလေက လူစွမ်းကောင်းဟဲရဝဒ်၏ စွန့်စားခန်းများကို ဟဲရဝဒ်, သ ဝိတ်အမည်ဖြင့် သမိုင်းဝတ္ထုတစ်ပုဒ် ရေးသားထုတ်ဝေခဲ့ လေသည်။


ဟဲရဝဒ်၏ မိဘမျိုးရိုးကို အသေအချာမသိရချေ။ အချို့က သူ၏ဘခင်သည် အက်ဒွပ် သ ကွန်ဖက်ဆား ဘုရင်လက်ထက်က အင်္ဂလန်နိုင်ငံအလယ်ပိုင်းရှိ နေရာအားလုံးနီးပါးမျှကိုပိုင်သောအားဘွဲ့ရ လီယိုဖရစ်ဆိုသူ ဖြစ်သည်ဟုဆိုကြသည်။ အချို့ကလည်းဟဲရဝဒ်သည် လင်းကွန်းရှိုင်ယာနယ်မှမြေပိုင်ရှင်ကလေးတစ်ယောက်ဖြစ်သည် ဟုဆိုကြသည်။ မည်သို့မဆို အီလီကျွန်းတွင်အင်္ဂလိပ်တို့ သည် နော်မန်တို့ကိုခုခံတိုက်ခိုက်ခဲ့စဉ်က သူ၏လက်အောက်တွင် အားဘွဲ့ရပုဂ္ဂိုလ်များ ဖြစ်ကြသော အက်ဒွင်နှင့်မော်ကားတို့ ပါဝင်ကြခြင်းကိုထောက်၍ သူသည်မြေပိုင်ရှင် သူကောင်းမျိုးရိုးမှဆင်းသက်လာသည် ဖြစ်မည်ဟုယူဆနိုင် ပေသည်။ အက်ဒွပ်•သ•ကွန်ဖက်ဆားဘုရင်လက်ထက်တွင် ပြင်သစ် အမျိုးသားတို့ကို ရာထူးကြီးများ၌ ခန့်ထား၍ ခြီးမြှင့်မြှောက်စားခဲ့သည်။ ဟဲရဝဒ်သည်ပြင်သစ်တို့အား ထိုကဲ့သို့ မျက်နှာသာပေးထား ခြင်းကိုမလိုမုန်းတီးသဖြင့် ဘုရင်ကိုအတိုက်အခံ ပြုမိသောကြောင့် ပြည်နှင်ဒဏ်ခံရသည်။ သူသည် မျိုးချစ်စိတ်ပြင်းထန်သူဖြစ်၍ ငယ်စဉ်ကတည်းက ဆက္ကဆန်သူရဲကောင်းတို့၏ အတ္ထုပ္ပတ္တိနှင့်စစ်ချီ တေးသံများကို စိတ်ဝင်စားစွာနားထောင်လေ့ရှိသည်။မိခင်ကသူ့ကိုဘုန်းကြီး ဖြစ်စေချင်၏။သို့ရာတွင်သူသည် လွတ်လပ်မှုကို နှစ်သက်သဖြင့် စည်းကမ်းအချုပ်အချယ်များသော ဘုန်းကြီးဘဝ၌ မနေလိုချေ။ ဟဲရဝဒ်သည် နော်မန်တို့ကို အလွန်မုန်းတီးသူဖြစ်ရာ၊ မိမိ၏မိခင်ပိုင် နေရာတို့ကိုသိမ်း၍ နော်မန်တစ်ဦးအားပေးအပ်ကြောင်း ကြားသိရလျှင်သိရခြင်း အင်္ဂလန်နိုင်ငံသို့ပြန်ခဲ့သည်။


၁ဝ၆၉ခုနှစ် တွင်ဒိန်းလူမျိုးတို့သည် ကနွတ်ဘုရင်၏တူတော်ကို အင်္ဂလိပ်ထီးနန်း၌ တင်ရန်ရည်ရွယ်၍ အင်္ဂလန်နိုင်ငံသို့နောက်ဆုံး အကြိမ်ချီတက်တိုက်ခိုက်ကြသည်။ ဟဲရဝဒ်နှင့် တကွ အင်္ဂလိပ်မျိုးချစ်ပုဂ္ဂိုလ်တို့ကလည်း နော်မန်တို့ကို မောင်းထုတ်နိုင်ရန် ဒိန်းတို့နှင့်ပူးပေါင်းတိုက်ခိုက်ကြသည်။ ထိုသို့တိုက် ခိုက်ကြရာမှ ဟီတာဗာရိုမြို့ကို ဖျက်ဆီး၍ ဘုန်းကြီးကျောင်းကိုလုယူကြသည်။ ထိုနောက်ဒိန်းတို့ သည်လုယူရရှိသော ပစ္စည်းဥစ္စာများကို ယူဆောင်၍ မိမိတို့နိုင်ငံသို့ပြန်ကြလေသည်။ထိုကြောင့် ဟဲရဝဒ်နှင့် နောက်ပါလူစုတို့သည် အီလီကျွန်းသို့ပြေး၍ အခိုင်အမာ တပ်စွဲနေရလေသည်။ ၁ဝရ၁ ခုနှစ်တွင် နော်မန်ဘုရင်ပထမ ဝီလျံသည်အီလီရှိခံတပ်ကို ချီတက်တိုက်ခိုက်ရာ ဟဲရဝဒ်တို့မခံနိုင်၍ ထွက်ပြေးခဲ့ရသည်။ ထိုနောက်တွင်ဟဲရဝဒ်၏အကြောင်းသည် တိမ်မြုပ်ပျောက် ကွယ်သွားခဲ့လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)