ဟဲရဒ်ဘုရင်

ဝီကီပီးဒီးယား မှ

ဟဲရဒ်ဘုရင်[ပြင်ဆင်ရန်]

ဟဲရဒ်(ဟေရုဒ်)ဟူသောအမည်သည် ခရစ်တော်မပေါ်ထွန်းမီနှစ်၄ဝခန့်မှစ၍ ပယ်လက်စတိုင်ပြည်တွင် အုပ်စိုးခဲ့သောမင်းဆက်၏အမည်ဖြစ်သည်။ ဟဲရဒ်မင်းဆက်တွင် ဘီစီ ၃၇ ခုနှစ်မှ ဘီစီ ၄ ခုနှစ်အထိ ဂျူဒါပြည်ကိုအုပ်စိုးခဲ့သော ဟဲရဒ်•သ•ဂရိတ်သည်အထင်ရှား ဆုံးဖြစ်သည်။ ဟဲရဒ်•သ•ဂရိတ်(ဘီစီရ၃ခန့်•ဘီစီ၄)။ ။ ဟဲရဒ်•သ•ဂရိတ်သည် ဂျူဒါပြည်ဘုရင်ခံအန္တီပေတာ၏ ဒုတိယသားဖြစ်သည်။ ဘီစီ ၄ဝပြည့်နှစ်တွင် ရောမဆီနိတ်ကဟဲရဒ်ကို ဂျူဒါပြည်ဘုရင်အဖြစ်ခန့်အပ်သည်။ သို့ရာတွင်ဘီစီ၃ရခုနှစ်သို့ရောက်မှ ဂျရူးဆလမ်းမြို့တော်ကို ရန်သူများလက်မှ သိမ်းပိုက်နိုင်သည်။ ဟဲရဒ်ဘုရင်သည် ရောမတို့နှင့်ပူးပေါင်း၍ နိုင်ငံကိုချဲ့ထွင်တည်ထောင်ရာ၌ အတိုက်အခံပြုသူများကိုပြင်းထန်စွာနှိပ်ကွပ်သည်။ ဂျရူးဆလမ်းမြို့ရှိ ဘုရားဝတ်ကျောင်းကို အသစ်ပြန်ဆောက်၍မြို့သစ်များ၊ကပွဲရုံ၊ကစားရုံ၊ခံတပ်များကို လည်း နေရာအနှံ့ ဆောက်လုပ်သည်။ ခရစ်ယန်တို့၏ ဓမ္မသစ်ကျမ်းအလိုအရဟဲရဒ်ဘုရင်သည်ခရစ်တော်ယေရှု ဖွားမြင်ချိန်တွင် ယဟူဒီတို့ကိုအုပ်စိုးမည့်ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းကြောင်းကြားရသဖြင့် ကလေးများကို သတ်ပစ်သည်ဟုဆိုသည်။ (ခရစ်တော်ယေရှု။)

ဟဲရဒ်အန္တီပတ်။ ။ဟဲရဒ်အန္တီပတ်သည် ဟဲရဒ်•သ•ဂရိတ်၏သားတော်ဖြစ်၍ ဂယ် လီလီနယ်ကို ဘီစီ ၄ ခုနှစ်မှ အေဒီ ၃၉ ခုနှစ်အထိ အုပ်စိုးသောမင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ဖော်ပြသောဟဲရဒ်မင်းသည် များသောအားဖြင့် ဟဲရဒ်အန္တီပတ်ပင်ဖြစ်သည်။ ရောမဘုရင်ခံ ပွမ်းရှပ် ပိုင်းလတ်မင်းက ခရစ်တော်ယေရှုကို စီရင်ရန် လွှဲအပ်ခြင်းခံရသူလည်းဖြစ်သည်။ ဟဲရဒ်အန္တီပတ်သည် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဟဲရဒ်ဖီးလစ်၏ဇနီး ဟီရောဒီးယပ်ကိုသိမ်း ပိုက်လိုသဖြင့် ပထမဇနီးကိုကွာရှင်းပစ်သည်။သူတော်စင်ဂျွန်•သ•ဗက်ပတစ် ဆိုသူက ဟဲရဒ်၏ အပြုအမူကိုပြစ်တင်ရှုတ်ချခဲ့ရာ ဟီရောဒီးယပ်သည်ပရိယာယ်ဆင်၍ သမီးဆလိုမီအား မင်းကြီးထံ၌ဂျွန်၏ဦးခေါင်းကိုတောင်းခံစေသည်။ မင်းကြီး ကလည်းဆလိုမီတောင်းဆိုသည့်အတိုင်းဂျွန်၏ဦးခေါင်းကိုဖြတ်၍ ပေးစေသည်။ နောင်အခါတွင် ဤအကြောင်းအရာကို ကဇာတ်ကပြခြင်းအားဖြင့်လည်းကောင်း၊ပန်းချီကားရေးဆွဲခြင်း အားဖြင့်လည်းကောင်း သရုပ်ဖော်ခဲ့သည်။

ဟဲရဒ်အဂရစ်ပါ(ပထမ)။။ပထမဟဲရဒ်•သ•ဂရိတ်၏ မြေးတော်ဖြစ်သည်။ အေဒီ ၄၁ ခုနှစ်တွင်ရောမဧကရာဇ် ကလောဒီးယပ်ကဂျူဒါပြည်အပါအဝင်ပယ်လက်စတိုင်တစ်ခုလုံး ကိုဘုရင်အဖြစ်အုပ်စိုးစေသည်။ အေဒီ ၄၄ နှစ်တွင်ကွယ်လွန် လေသည်။

ဟဲရဒ်အဂရစ်ပါ(ဒုတိယ)။ ။ပထမဟဲရဒ်အဂရစ်ပါ၏ သားတော်ဒုတိယ ဟဲရဒ်အဂရစ်ပါသည် ဟဲရဒ်မင်းဆက်တွင် နောက်ဆုံးမင်းဖြစ်သည်။ ယဟူဒီတို့က ရောမအာဏာပိုင်တို့ကို ပုန်ကန်ကြသောအခါ ဟဲရဒ်သည် ရောမတို့ဘက်မှ ကူညီတိုက်ခိုက်နှိမ်နင်းခဲ့သူဖြစ်သည်။ အေဒီ ၁ဝဝ ပြည့်နှစ်တွင်ကွယ်လွန်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)