ဟော်လီပင်

ဝီကီပီးဒီးယား မှ
ဟော်လီပင်
European holly (en:Ilex aquifolium) leaves and fruit
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Aquifoliales
မျိုးရင်း: Aquifoliaceae
de Candolle ex Richard
မျိုးစု: Ilex
Linnaeus
မျိုးစိတ်

About 600, see text

တောက်ပသည့်အရွက်စိမ်းများနှင့် အနီရောင်ဗဲရီသီးများသီးသော ဟော်လီပင်များသည် သမပိုင်းရာသီဥတုရှိသော တိုင်းပြည်များတွင်ပေါက်လေ့ရှိသည်။ ဟော်လီပင်တွင်မျိုး စိတ်အများအပြားရှိရာ အမေရိကန်နိုင်ငံ၌ မူလပေါက်ရောက်သော ဟော်လီပင်သည်များသောအားဖြင့်ပေ လေးဆယ်မှငါးဆယ်အထိရှိ၍အမြင့်ဆုံးမှာပေတစ်ရာအထိ မြင့်လေသည်။ သို့သော်အမေရိကန်နိုင်ငံတွင်သာမန်ပေါက်သော ဟော်လီပင်၏ အရွက်နှင့်အသီးများ၏ အရောင်တို့သည် ဥရောပတိုက်တွင်ပေါက်ရောက်လေ့ရှိသောဟော်လီပင်၏ အရွက်နှင့် အသီးများလောက်မတောက်ပတတ်ချေ။ဥရောပဟော်လီမျိုးသည် ဂရိတ်ဗြိတိန်နိုင်ငံတွင် မူလပေါက်ရောက်လေသည်။ နိုင်ငံခြားဟော်လီမျိုး များကိုမြောက်အမေရိကတိုက်တွင် ၁၇၂၆ ခုနှစ်ခန့်က စတင်၍သွင်းယူစိုက်ပျိုးခဲ့ကြသည်။

ဟော်လီရွက်များနှင့်အသီးများကို နှစ်သက်ဖွယ်ကောင်းသည့်နာတာလူးပွဲတော် (ခရစ္စမတ်)ပန်းခွေများအဖြစ်ပြုလုပ်လေ့ရှိကြသည်။ ရှေးကနာတာလူးပွဲတော်အခါတွင် ထိုအပင်ကို အိမ်နှင့်ဘုရား ဝတ်ပြုကျောင်းများ၌ အသုံးပြုလေ့ရှိခဲ့ကြသည်။ ဟော်လီရွက်တွင် အနားစောင်းတစ်လျှောက်၌ဆူး များရှိသည်။ ဟော်လီပင်များသည် ဆောင်းကူးရာသီနှင့် ဆောင်းရာသီတွင် အသီးများသီးကြသည်။ သော်လီပွင့်များသည်သေး၍ဖြူကြသည်။ နှစ်အစ လောက်၌ပင် ပန်းများပွင့်လေ့ရှိကြသည်။ အသီးများသည် အခြားအသီးများ ကဲ့သို့ပင် ဆောင်းကူးရာသီ၌ မှည့်တတ်ကြ သော်လည်း တစ်ခါတစ်ရံနွေကူးရာသီရောက်သည့်တိုင်အောင် အပင်ပေါ်၌ရှိနေတတ်ကြသေးသည်။

အင်္ဂလန်နိုင်ငံတွင်ပေါက်ရောက်သောဟော်လီပင်ကို သာပစ်ထားမည်ဆိုလျှင်ထိုအပင်သည် ကြီးမားသည်အထိ ပေါက်ရောက်ပေလိမ့်မည်။ သို့သော်ထိုအပင်များကို များသောအားဖြင့် ခြံစည်းရိုးအတွက် ချိုင်၍ ပစ်လေ့ရှိကြသည်။ အင်္ဂလန်နိုင်ငံ၌ ပေါက်ရောက်သော ဟော်လီပင်သည် ဟော်လီပင် များတွင်များသောအားဖြင့် အကြီးဆုံးဖြစ်လေသည်။ ထိုအပင်များသည် ဝက်သစ်ချနှင့်သင်းဝင်တော များအတွင်း၌ အထူးသဖြင့်ကောင်းမွန်စွာပေါက်ရောက်ကြလေသည်။ ထိုဟော်လီပင်များသည် နှေးကွေးစွာ ကြီးထွားကြသဖြင့် အသားမှာမာပြီးလျှင်ကျစ်လေသည်။ အသား၏အရောင်မှာ အဖြူဖြစ်သည်။ ထိုအသားဖြင့်ရှေးအခါကအိမ်ထောင်ပရိဘောဂ များကို ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ တွင်မူမပြုလုပ်ကြ တော့ချေ။ လက်ကိုင်တုတ်များပြုလုပ်ရာတွင်လည်း ဖြောင့်မတ်သည့် ဟော်လီကိုင်း ကလေးများသည် အကောင်းဆုံးနှင့်အခိုင်ခံ့ဆုံးဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ တူရိယာပစ္စည်းများပြု လုပ်ရန်လည်းဟော်လီသားသည် ကောင်းမွန်လေသည်။

တောင်အမေရိကတိုက်တွင် ပေါက်ရောက်သော ဟော်လီမျိုးစိတ်တစ်ခုမှအရွက်များကိုလက်ဖက်ရည် ကဲ့သို့ကျို၍သောက်နိုင်လေသည်။ ဟော်လီပင် မျိုးစိတ် အားလုံးသည် အိုင်းလက်မျိုးစိတ်ဝင် များ ဖြစ်ကြပြီးလျှင် အက်ကွီဖောလီ ယာစီအီးမျိုးရင်း(Aquifoliaceae)ဝင်များ ဖြစ်ကြလေသည်။ အမေရိကန်နိုင်ငံတွင် သာမန်အားဖြင့် ပေါက်ရောက်လျက် ရှိသောဟော်လီပင်ကို အိုင်းလက်အိုပေးကား(Ilex opaca)ဟုခေါ်၍ဥရောပတိုက်တွင် ပေါက်ရောက်သောဟော်လီပင်ကိုအိုင်လက်အက်ကွီဖိုလီယမ်(Ilex aquifolium)ဟုခေါ် လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)