ဟော်ကီကစားခြင်း
ဟော်ကီ(hockey)ကစားနည်းသည်အိုလံပစ်အားကစားတစ်ခုဖြစ်သည်။
ဟော်ကီကစားခြင်း
[ပြင်ဆင်ရန်]ဟော်ကီကစားခြင်းသည် မည်သည့်နိုင်ငံတွင် အစပြုခဲ့သည်ဟူ၍အတိအကျမသိရချေ။ သို့ရာတွင်ယခုခေတ် ဟော်ကီကစားပုံသည်ရှေးခေတ်ဂရိတို့ ကစားခဲ့သောကစားနည်းတစ်မျိုးနှင့်တူကြောင်းကိုကား သိနိုင်သည်။ သော်ကီကစားခြင်းသည်ပြင်သစ်နိုင်ငံတွင်၁၄ရာစု နှစ်အတွင်းကထွန်းကားခဲ့၍နောင်အခါအင်္ဂလန်နိုင်ငံသို့ရောက်ရှိ သွားသည်။ အင်္ဂလန်နိုင်ငံတွင်ထိုကစားနည်းသည် တိုးတက်လာသည်။ ဟော်ကီကဲ့သို့သော ကစားနည်းမျိုးကို အိုင်ယာလန် (အယ်ရာ)နိုင်ငံတွင် ဟားလင်းဟူ၍ လည်းကောင်း၊စကော့တလန်နိုင်ငံတွင်ရှင်တီဟူ၍ လည်းကောင်း၊ ဝေလနယ်တွင်ဗင်ဒီဟူ၍လည်းကောင်း၊ အမည်အသီးသီးဖြင့်ခေါ်ကြသည်။ မြောက်အမေရိကတိုက်တွင်ဟော်ကီကစားခြင်းကို ကွင်းဟော်ကီဟုခေါ်၍ဟော်ကီဟူသောစကား သက်သက်သည် ရေခဲဟော်ကီကို ဆိုလိုသည်။ မ္မူလက ဟော်ကီကစားခြင်းသည် အလွန်ကြမ်းသောကစားနည်း တစ်မျိုးဖြစ်သောကြောင့် လူအများတို့က အားမပေးခဲ့ကြချေ။ ယခုအခါ၌မူကား ဟော်ကီကစားခြင်းနှင့် သက်ဆိုင်သော နည်းဥပဒေများကို သတ်မှတ်ထားပြီးဖြစ်၍ အာရှတိုက်၊ ဥရောပတိုက်နှင့် အမေရိကတိုက်တို့တွင် ထိုကစား နည်းကိုလေ့လာကစားကြသူဦးရေများပြားလာပေသည်။ ဟော်ကီဟူသောအမည်သည် ပြင်သစ်ဘာသာစကားဖြင့် ဟိုကေးခေါ် သိုးကျောင်းသမား၏ တုတ်ကောက်ဟု အနက်ထွက်သည့်စကားလုံးမှရသည်ဟူ၍ ယူဆကြသည်။ ဟော်ကီကစားရာ၌တုတ် ကောက်ဖြင့်ဘောလုံးကို ရိုက်ကစားရသည်။ အစအဦးတွင် ထိုကစားနည်းကို ယေကျာ်းများကသာ ကစားခဲ့သော်လည်း နောင်အခါမိန်းမများလည်း ကစားကြသည်။ ယောက်ျားနှင့် မိန်းမတွဲ၍ ကစားသော ဟော်ကီပွဲများကိုလည်း တီထွင်ခဲ့ ကြသည်။ ၁၈ရ၅ ခုနှစ်တွင်အင်္ဂလန်နိုင်ငံ၌ ယောက်ျားဟော်ကီ အသင်းကိုတည်ထောင်ပြီးနောက် ရှစ်နှစ်ကြာသောအခါ ဝင်ဗယ်လဒန်ကလပ်အသင်းက ဟော်ကီ ကစားခြင်း နည်းဥပဒေများကိုရေးဆွဲခဲ့သည်။ ၁၉ဝ၁ ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုသို့ထိုကစားနည်း ရောက်ရှိသွားသည်။
ထိုအခါမှစ၍ ဟော်ကီကစားခြင်းသည် ပြည်ထောင်အချင်းချင်းယှဉ်ပြိုင်ကစားရသောကစားနည်းအဖြစ် သို့တိုးတက်ခဲ့လေသည်။ ဘောလုံးကစားခြင်းနည်းဥပဒေများကိုသဘောပေါက် နားလည်သူတစ်ဦးသည် ဟော်ကီကစား ခြင်းနည်းဥပဒေများကို နားလည်လွယ်မည်ဖြစ်သည်။ ဟော်ကီကစားကွင်းသည် အလျားကိုက်၁ဝဝ၊ အနံ ၅၅ကိုက်မှ ကိုက် ၆ဝ အတွင်းရှိသည်။ အလျားမျဉ်းကြောင်းကိုဘေးစည်းဟူ၍ လည်းကောင်း၊အနံမျဉ်း ကြောင်းကိုဂိုးစည်းဟူ၍ လည်းကောင်းခေါ်သည်။ ကွင်းတစ်ဖက်တစ်ချက်တွင် ဘေးစည်းအတွင်းခုနစ်ကိုက်အကွာ၌ မျဉ်းပြိုင်မျဉ်းကြောင်း တစ်ခုစီရှိသည်။ ဂိုးစည်းနှစ်ခုအလယ်တွင်၁၂ ပေစီကျယ်သောဂိုး ပေါက်များရှိသည်။ ဂိုးတိုင်အမြင့် ခုနစ်ပေရှိ၍ တိုင်ထိပ်နှစ်ခုကို တန်းဖြင့်ချုပ်ထားသည်။ ဂိုး ပေါက်ရှေ့တည့်တည့် ၁၆ ကိုက်အကွာတွင်အလျားလေးကိုက်ရှိသော ဂိုးစည်းနှင့် မျဉ်းပြိုင်ကြောင်း တစ်ခုရှိသည်။ ဂိုးတိုင်တစ်ခုစီကိုဗဟိုပြု၍ ထိုမျဉ်းအစွန်းနှစ်ဖက်မှ စက်ဝိုင်းစိတ်မျဉ်းကြောင်းများ ကိုဂိုးစည်းနှင့်ဆုံမိသည်အထိ ဆက်၍ဆွဲထားသည်။ ထိုမျဉ်းများနှင့် ဂိုးစည်းအတွင်းရှိစက်ဝိုင်းခြမ်း နေရာကွက်သည် ဂိုးပေါက်အတွင်းသို့ ဟော်ကီဘောလုံးကို ရိုက်သွင်းနိုင်သောနေရာဖြစ်သည်။ ကစားကွင်းအတွင်းရှိ အခြားသောနေရာမှ ဘောလုံးကို ဂိုးအတွင်းသို့ ရိုက်မသွင်းနိုင်ချေ။ ယင်းကဲ့သို့ ဂိုးသွင်းစက်ဝိုင်းနေရာဟူ၍ သတ်မှတ်ထားခြင်းသည် ဟော်ကီကစားခြင်းတွင်ထူးခြားသည်။ ပါဝင်ကစားသူများအတွက်အထိအခိုက်နည်းရအောင်စီမံခြင်း ဖြစ်သည်။ ဟော်ကီကစားခြင်းတွင်တစ်ဖက်လျှင်၁၁ ယောက်ထက် မများသော အသင်းနှစ်သင်းက ယှဉ်ပြိုင်ကြရသည်။ ကစားသူများကိုဂိုးစောင့်တစ်ယောက်၊နောက်တန်းနောက်ခံလူ နှစ်ယောက်၊ အလယ်တန်းနောက်ခံလူ သုံးယောက်၊ ရှေ့တန်းငါးယောက် စသည်ဖြင့် နေရာသတ်မှတ်လေ့ရှိသည်။ ကစားသူတို်ုင်းတွင်အဖျားကောက်သောဟော်ကိီရိုက်တံတစ်ခုစီ ရှိ၍ ထိုရိုက်တံဖြင့် တစ်ဖက်အသင်း၏ဂိုး ပေါက်အတွင်းသို့ ဘောလုံးကို ဝင်အောင်ရိုက်သွင်းရသည်။ ရိုက်တံလက်ကိုင်သည် များသောအားဖြင့်နှစ်ပေခန့်ရှည်၍အဖျားကောက်သည်တစ်ပေ ရှိ၏။ ရိုက်တံသည်အလေးချိန် ၂၈ အောင်စထက် မပိုစေရ။ ရိုက်တံမျက်နှာပြင်သည်ပြား၍အထက်ပိုင်းတွင်ထိခိ်ုက်မိစေမည့် အစွန်းအစများမရှိရချေဟော်ကီဘောလုံးသည်ကရစ်ကက် ဘောလုံးမျိုးဖြစ်၍ အဖြူရောင်သားရေဖြင့် ဖုံးအုပ်ထားသည်။ တစ်ခါတစ်ရံ အခေါင်းပိတ်ရော်ဘာဘောလုံးကိုလည်း အသုံးပြုကြသည်။ ဘောလုံးအဝန်းသည်အကြီး ဆုံး ၉ ၁/၄ လက်မရှိရ၍ အလေးချိန်ခြောက်အောင်စခန့်ရှိသည်။ ပါဝင်ကစားသူများတွင်အထူးသဖြင့်ဂိုးစောင့်သည်အထိအခိုက်ခံရ လွယ်သောကြောင့် ခြေထောက်များ၌ ထူထဲသောအကာအကွယ် များကိုဝတ်ဆင်ထားလေ့ရှိသည်။ ဟော်ကီကစားပွဲတပွဲတွင်ကစားချိန်သည်ပထမပိုင်း အတွက် ၃၅ မိနစ်နှင့်ဒုတိယပိုင်းအတွက် ၃၅ မိနစ်ဖြစ်၍ ကြား၌ငါးမိနစ်အနားပေးရသည်။ ပွဲကိုစရာ၌ရှေ့တန်း အလယ်လူ နှစ်ဦးတို့သည် ကွင်းလယ်တွင်ဘေးစည်းကို မျက်နှာမူ၍ မိမိ၏ရိုက်တံဖြင့် မြေကြီးကိုတစ်ချက်၊ တစ်ဖက်သား၏ ရိုက်တံကို တစ်ချက်ဖြင့် အလှည့်ကျသုံးကြိမ်သုံးခါ ပြုလုပ်ပြီးလျှင် ပြီးခြင်း ဘောလုံးကိုစတင်ရိုက်နိုင်သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကို ဗူလီ ဟုခေါ်သည်။ ဘောလုံးကိုရိုက်သည့်အခါ ရိုက်တံကို ပခုံးအထက်သို့ ကျော်လွန်အောင်မမြှောက်ရချေ။ ဘောလုံးကိုအောက်မှ ခုန်ရိုက်ခြင်းမပြုရ။ လက် ဖြင့်ဘောလုံးကိုတားဆီးနိုင်သော်လည်း ကိုင်မထားရ၊ မပစ်ရ၊ ခြေဖြင့်မကန်ရ၊ ချက်ချင်းလွွှှတ်ချ ရမည်။ ဂိုးစောင့်ကမူကား မိမိ၏ဂိုးစည်းအတွင်း၌ လောလုံးကိုခြေဖြင့် ကန်ထုတ်နိုင်သည့်အပြင် မည်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့်မဆို ဘောလုံးကိုတားဆီးနိုင်သည်။ ကစားသူများသည် တစ်ဖက်အ သင်းသားကိုသော်လည်းကောင်း၊ ထိုသူ၏ရိုက်တံကိုသော်လည်းကောင်း၊မိမိ၏ရိုက်တံဖြင့် ချိတ်ဆွဲခြင်း၊တားဆီးခြင်းမပြုရ၊ကြမ်းတမ်းစွာကစားခြင်းကို လည်းခွင့်မပြုချေ။ ထိုနည်းဥပဒေတစ်ခုခုကို ကျူးလွန်ခဲ့သော် ဒိုင်လူကြီး ကကျူးလွန်သည့်ဘက်သို့ ဘောလုံးကို အလွတ်ရိုက်ပို့စေရမည်။ ဂိုးသွင်းစက်ဝိုင်းအတွင်း၌ ပြစ်မှုကျူးလွန်ခဲ့သော် ပင်နယ်လတီကော်နာ၊ သို့မဟုတ် ပင်နယ်လတီဗူလီကို တစ်ဖက်အသင်းသို့ ပေးရမည်။ ပင်နယ်လတီကော်နာတွင် ဘောလုံးကိုဂိုးတိုင်မှ ၁ဝ ကိုက်ကွာဝေးသော ဂိုးစည်းပေါ်ရှိ နေရာက ရိုက်ပို့ရသည်။ ထိုအချိန်၌ ကာကွယ်သည့်ဘက်မှ ကစားသူတို့သည်မိမိတို့၏ ဂိုးစည်းအနောက်တွင်လည်းကောင်း၊တစ်ဖက်အသင်းမှကစားသူ တို့သည် ဂိုးသွင်းစည်းဝိုင်းအပြင်တွင်လည်းကောင်း၊ ရှိနေကြရသည်။ ပင်နယ်လတီဗူလီကို ဂိုးစည်းအလယ်မှ အရှေ့ငါးကိုက်အကွာနေရာတွင်ပြုလုပ်ရ၍ နှစ်ဖက်အသင်းမှ ကျန်ကစားသူအားလုံးတို့သည် ၂၅ ကိုက်စည်းအပြင်၌ ရှိနေကြရသည်။ တစ်ဦးတစ်ယောက်ကြောင့်ဘောလုံးသည် ဘေးစည်းအပြင်သို့ထွက်သွားလျှင် တစ်ဖက်အသင်းသား တစ်ယောက်က ဘောလုံးကို ကွင်းထဲသို့လက်ဖြင့် လှိမ့်သွင်းပေးရသည်။ ထိုအချိန်တွင် ကစားသူတို့သည် ဘေးစည်းမှခုနစ်ကိုက်ကွာသော မျဉ်းပြိုင်စည်းအတွင်း၌ ရှိနေကြရသည်။ ကစားသူတစ်ဦးတစ်ယောက်သည်မိမိဘက်ဆိုင်ရာ ကွင်းတစ်ဝက်အတွင်း၌ ရှိနေလျှင်လူကျွံခြင်း မဖြစ်နိုင်ချေ။ မိမိနှင့်ဂိုးစည်းကြပ်ကြားတွင် တစ်ဖက်အသင်းမှကစားသူ သုံးယောက်ရှိနေလျှင်သော် လည်းကောင်း၊ ဘောလုံးကိုရိုက်သူ၊ သို့မဟုတ် ဘေးစည်းမှ လှိမ့်သွင်းသူ အနောက်တွင် ရှိနေလျှင်သော်လည်းကောင်း လူကျွံခြင်း မဖြစ်နိုင်ချေ။ ဟော်ကီကစားခြင်း၌ဘောလုံးကစားခြင်းမှာကဲ့သို့ ဂိုးအများဆုံးသွင်းနိုင် သည့်အသင်းက အနိုင်ရရှိလေသည်။ ယခုအခါဟော်ကီကစားခြင်းသည်နိုင်ငံအချင်းချင်း ယှဉ်ပြိုင်ကစားရသော ကစားနည်းအဖြစ် သို့တိုးတက်လာခဲ့ရာ၊ ကမ္ဘာ့အိုလင်းပစ်ပြေးခုန်ကစားပွဲကြီးတွင် နိုင်ငံအသီးသီးမှ ဟော်ကီအသင်း များပါဝင်ယှဉ်ပြိုင်ကြရလေသည်။ ၁၉၆ဝ ပြည့်နှစ် ရောမကမ္ဘာ့အိုလင်းပစ်ကစားပွဲတွင် ပါကစ္စတန် ဟော်ကီအသင်းကဗိုလ်စွဲခဲ့သည်။ သို့သော် ၁၉၆၄ ခုနှစ် တိုကျိုကမ္ဘာ့အိုလင်းပစ်ကစား ပွဲတွင်မူ ၁၉၂၈ ခုနှစ်ကစားပွဲမှအစပြု၍အိုလင်းပစ်ကစားပွဲတိုင်းတွင်ဗိုလ်စွဲ လာခဲ့သောအိန္ဒိယဟော်ကီအသင်းကပင်ပြန်လည်ဗိုလ်စွဲခဲ့သည်။ ၁၉၆၈ ခုနှစ် မက္ကဆီကိုကမ္ဘာ့အိုလင်းပစ်ကစားပွဲတွင် ပါကစ္စတန် ဟော်ကီအသင်းက တစ်ဖန်ဗိုလ်စွဲခဲ့ပြန်၍ ၁၉ရ၂ ခုနှစ်မျူးနစ်ကမ္ဘာ့အိုလင်းပစ်ကစားပွဲတွင်ဥရောပအသင်းများ အနက် ပထမဆုံးအကြိမ်အဖြစ် အနောက်ဂျာမနီအသင်းက ဗိုလ်စွဲခဲ့သည်။
ရေခဲဟော်ကီ။ ။ ရေခဲဟော်ကီသည်ရေခဲပြင်ပေါ်တွင်ခြေ၌ စကိတ်စီး၍ကစားရသောကစားနည်းဖြစ်သည်။ ဟော်ကီကစားနည်းနှင့်ဆင်ဆင်တူသော်လည်း ကစားခြင်းနည်းဥပဒေများ၌အနည်းငယ်ကွဲပြားသည်။ ကနေဒါနိုင်ငံတွင် ရေခဲဟော်ကီကစားခြင်းသည် ဆောင်းရာသီအမျိုး သားကစားနည်းအဖြစ် အထူးထင်ရှားသည်။ ၂ဝ ရာစုနှစ်ဦးပိုင်းမှစ၍ အမေရိကန်ပြည်ထောင်စု အင်္ဂလန်နိုင်ငံနှင့်ဥရောပတိုက်တို့တွင်ရေခဲဟော်ကီကစားခြင်း သည်ခေတ်စားလာ၏။ ထိုနောက် နိုင်ငံအချင်းချင်း ယှဉ်ပြိုင်ရသော ကစားနည်းအဖြစ်သို့တိုးတက်လာခဲ့သည့်အပြင် ကြေးစားရေခဲ ဟော်ကီအသင်းများပင် ပေါ်ထွက်လာသည်။ ကမ္ဘာ့အိုလင်းပစ် ဆောင်းရာသီကစားပွဲများ၌လည်း နိုင်ငံအချင်းချင်း ယှဉ်ပြိုင်ကစားခဲ့ကြရာ ၁၉၇၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုက ဗိုလ်စွဲခဲ့သည်။ ရေခဲဟော်ကီကစားကွင်းရေခဲပြင်သည် အလျားပေ ၂ဝဝ နှင့်အနံ၈၅ပေခန့်ရှိ၍ သုံးပိုင်းအညီ အမျှပိုင်းထားသည်။ ဂိုးပေါက်သည်အကျယ်ခြောက်ပေနှင့်အမြင့်လေးပေမျှသာရှိသည်။ ကစားသူတို့သည်အမြန်စီးစကိတ်ထက်အောက်ခုံတိုသော စကိတ်မျိုးကိုစီး၍ ပတ်ဟုခေါ်သော ရော်ဘာပြား အဝိုင်းကို အဖျားကောက်ရိုက်တံအဖြစ်ရိုက်၍ကစားရသည်။ ရေခဲဟော်ကီသည် အလွန်လျင်မြန်သော ကစားနည်းမျိုးဖြစ်၍ အထိအခိုက်ရလွယ်သောကြောင့် ပါဝင်ကစားကြသူများသည် ထူထဲသောအကာအကွယ်များကို ဝတ်ဆင်ထားလေ့ရှိသည်။ အထူးသဖြင့်ဂိုးစောင့်သည် ကိုယ်နှင့်ခြေလက်တို့တွင် ထူထဲစွာကာကွယ်ထားရသည်။ ရိုက်တံသည်၄၆ လက်မခန့်ရှည်၍ အဖျားကောက်၏။ပတ်ရော်ဘာပြားအဝိုင်းသည်အချင်း သုံးလက်မ၊ အထူတစ်လက်မရှိသည်။ အသင်းတစ်သင်းတွင်ခြောက်ယောက်စီပါဝင်ကစားရာ၌ ဂိုးစောင့်တစ်ယောက်၊နောက်ခံလူနှစ်ယောက်၊ ရှေ့တန်းတွင် အလယ်လူတစ်ယောက်နှင့်ယာဘက်၊ဝဲဘက်ကတစ်ယောက်စီတို့ ဖြစ်ကြသည်။ ဒိုင်လူကြီးက နှစ်ဖက်သောအသင်းမှ အလယ်လူနှစ်ဦးအကြားသို့ ပတ် ကိုချပေး၍ကစားပွဲကို စသည်။ ကစားပွဲတစ်ပွဲတွင်တစ်ချီလျှင် မိနစ် ၂ဝကျသုံးချီ ကစားရ၍ အကြား၌ ၁ဝမိနစ် အနားပေးရသည်။ တစ်ဖက်အသင်း၏ ဂိုးပေါက်ထဲသို့ ပတ် ကိုအကြိမ် အများဆုံးရိုက်သွင်းနိုင်သောအ သင်းက အနိုင်ရသည်။ ဒိုင်လူကြီးက ပြစ်မှုအကြီးအသေးအလျောက် ကျူးလွန်သူကိုပွဲမှ နှစ်မိနစ်၊သို့မဟုတ် ငါးမိနစ်မျှ အထိထုတ်ပယ်ခံရသည်။ ထိုအတောအတွင်း၌ လူစားမသွင်းနိုင်ချေ။ သာမန်စကိတ်စီးတတ်ရုံမျှဖြင့် ရေခဲဟော်ကီပွဲတွင် ပါဝင်၍မကစားနိုင်သေးချေ။ ရေခဲပြင်ပေါ်တွင်ကိုယ်အရှိန်ကို ကောင်းစွာထိန်းနိုင်၍ရိုက်တံကိုလည်းကျင်လည်စွာအသုံးချ နိုင်ရလေသည်။ ရေခဲဟော်ကီကို များသောအားဖြင့် ယောက်ျားများကသာ ကစားလေ့ရှိ၏။ ကြေးစားအသင်းများ သည်ကစားရုံအတွင်း၌ ရေခဲပြင်အတုပြုလုပ်၍ အချင်းချင်း ယှဉ်ပြိုင်ကစားလေ့ရှိကြသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)