ဟောလဗိုင်း ၊ ဟန်းဇ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟောလဗိုင်း ဟန်းဇ်

ဟောလဗိုင်း, ဟန်းဇ(ခရစ်၁၄၉၇-၁၅၄၃)[ပြင်​ဆင်​ရန်​]

ဟန်းဇဟောလဗိုင်း သည် ပုံတူပန်းချီကားရေးဆွဲခြင်း၌ ထင်ရှားသော ဂျာမနီပန်းချီကျော်ဖြစ်သည်။ သူ၏ဘခင်အမည်သည်လည်း ဟန်း ဇဟောလဗိုင်းဟူ၍ပင်ဖြစ်သည်သာမက၊ နှစ်ဦးစလုံး ပန်းချီဆရာများဖြစ်သောကြောင့် ဘခင်ကို ဟန်းဇ ဟောလဗိုင်း (အကြီး)၊ သားကိုဟန်းဇဟောလဗိုင်း (အငယ်)ဟု တစ်ခါတစ်ရံခွဲခြားဖေါ်ပြလေ့ရှိသည်။ ဟောလဗိုင်းသည် ၁၄၉၇ ခုနှစ်တွင်ဂျာမနီနိုင်ငံ၊ အော့ကစဗူးမြို့၌ဖွားမြင်ခဲ့၍ ဖခင်ထံ၌ ပန်းချီပညာကိုဦးစွာသင်ကြားခဲ့သည်။


၁၅၁၄ ခုနှစ်တွင် ဟောလဗိုင်းသည် ဆွစ်ဇာလန်နိုင်ငံဗားလမြို့သို့ သွားရောက်၍ ပုံနှိပ်စာအုပ် များ၌သရုပ်ပြပုံများရေးဆွဲသည့်လုပ်ငန်းဖြင့်စီးပွားရှာခဲ့လေသည်။ ထိုမြို့တွင်ဒပ်ချအမျိုးသားပညာရှိကြီးအီရက်ဇမပ်နှင့် မိတ်ကျွမ်းဝင်ခဲ့ရာထိုပုဂ္ဂိုလ်ရေးသောစာအုပ်၌သရုပ်ပြပုံများကို ရေးဆွဲခဲ့ရသည်။ ဟောလဗိုင်းသည် အခြားစာရေးဆရာတို့၏ စာအုပ်များအတွက် ရုပ်ပုံများကိုလည်း ရေးဆွဲခဲ့သည်။ အထူးသဖြင့်ဂျာမနီနိုင်ငံခရစ်ယန်သာသနာ့အရေးပုံခေါင်းဆောင် မာတင်လူသာကိုယ်တိုင်ဂျာမန်ဘာသာပြန်ဆိုသောသမ္မာကျမ်းစာ အုပ်တွင် သရုပ်ပြပုံများကို ရေးဆွဲပေးခဲ့သည်။ ဟောလဗိုင်းသည် ပုံတူပန်းချီကား၊ အယူဝါဒဆိုင်ရာ ပန်းချီကားတို့ကိုလည်းကောင်း၊ ရောင်စုံပြတင်းမှန်ပုံစံနှင့် အမျိုးသမီးအဝတ်အစားတို့ကိုလည်းကောင်း၊ရေးဆွဲထုတ်လုပ် ခဲ့သည်။အထူးသဖြင့်ပုံတူပန်းချီကားရေးဆွဲရာ၌လက်စွမ်း ထက်သည်။


၁၅၂၆ခုနှစ်တွင်ဟောလဗိုင်းသည်အီရက်ဇမပ်ထံမှ မိတ်ဆက်စာဖြင့် အင်္ဂလန်နိုင်ငံရှိ ဆာတောမတ်မိုးထံသို့ သွားရောက်ခဲ့လေသည်။ဆာတောမတ်မိုးသည်အဋ္ဌမဟင်နရီဘုရင် နှင့်သင့်မြတ်သော နိုင်ငံခေါင်းဆောင်ကြီး ဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ဟောလဗိုင်းသည် ဆာတောမတ်မိုး၏ ဧည့်သည်အဖြစ်ဖြင့် လန်ဒန်မြို့တွင် နှစ်နှစ်မျှနေထိုင်ပြီးနောက် ဗားလမြို့သို့ပြန်ခဲ့ သည်။ တစ်ဖန် ၁၅၃၁ခုနှစ်တွင်အင်္ဂလန်နိုင်ငံသို့ပြန်ခဲ့၍ဟင်နရီဘုရင်၏ မှူးမတ်မျိုးနွယ်တို့၏ ပုံတူပန်းချီကားများကို ရေးဆွဲသည်။ ထိုပုံတူပန်းချီကားများကို အင်္ဂလန်နိုင်ငံရှိ ဝင်ဆာရဲတိုက်တွင် တွေ့မြင်နိုင်သည်။အဋ္ဌမဟင်နရီဘုရင်၏ပုံတူပန်းချီကားကိုလည်း ရေးဆွဲခဲ့သည်။ဘုရင့်အရွယ်တူပန်းချီကားမှာအသက်ဝင်လျက် ရှိသောဟောလဗိုင်း၏လက်ရာကောင်းတစ်ခုဖြစ်၍ ထိုပုံကို ကြည့်လျှင်ဦခေါင်းနှင့်ကိုယ်လက်အင်္ဂါတို့ လှုပ်ရှားနေဘိသကဲ့သို့ တွေ့မြင်ရသည်ဟု ခြီးကျူးဖေါ်ပြကြလေသည်။ ၁၅၃၆ခုနှစ်တွင် ဟင်နရီဘုရင်က နန်းတွင်းပန်းချီဆရာအဖြစ် မြှောက်စားခြီးမြှင့်ခြင်းကိုခံရသည်။ ပန်းချီကျော်ဟန်းဇဟောလဗိုင်းသည်ဆွစ်ဇာလန်နိုင်ငံ နှင့်အင်္ဂလန်နိုင်ငံတို့တွင်သာများသောအားဖြင့် နေထိုင်ခဲ့သော်လည်း ဂျာမန်ပန်းချီကျော် တစ်ဦးအဖြစ် အသိအမှတ်ပြုကြလေသည်။ ( ဂျာမန်အနုပညာ။)


ဟောလဗိုင်း ရေးဆွဲခဲ့သော ပန်းချီလက်ရာများကို အင်္ဂလန်နိုင်ငံတွင် လန်ဒန်မြို့ နေရှင်နယ်ပန်းချီပြတိုက်၊ ဝင်ဆာရဲတိုက်တို့၌လည်းကောင်း၊ဥရောပတိုက်တွင် ဟိတ်မြို့တော်၊ဘာလင်မြို့၊ဗီယင်နားမြို့၊ ပါရစ်မြို့၊ မျူးနစ်မြို့၊ ဗားလမြို့တို့၌ရှိသောပန်းချီပြတိုက်များ၌လည်းကောင်း တွေ့မြင် နိုင်သည်။ အထူးသဖြင့်နေရှင်နယ်ပန်းချီပြတိုက်တွင်ရှိသော မီလန်မြို့စားကတော်ခရစ္စတီးနား၏ပုံတူကားသည်ဟောလဗိုင်း ၏ လက်စွမ်းမြောက်သောပန်းချီကားဖြစ်ပေသည်။ ဟောလဗိုင်းသည်၁၅၄၃ခုနှစ်နိုဝင်္ဘာလတွင် ပလိပ်ကပ်ရောဂါဖြင့် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)