ဟန်းဇ် ဟောလဗိုင်း

ဝီကီပီးဒီးယား မှ
ဟောလဗိုင်း ဟန်းဇ်

ဟန်းဇဟောလဗိုင်း(ခရစ်၁၄၉၇-၁၅၄၃)သည် ပုံတူပန်းချီကားရေးဆွဲခြင်း၌ ထင်ရှားသော ဂျာမနီပန်းချီကျော်ဖြစ်သည်။ သူ၏ဘခင်အမည်သည်လည်း ဟန်း ဇဟောလဗိုင်းဟူ၍ပင်ဖြစ်သည်သာမက၊ နှစ်ဦးစလုံး ပန်းချီဆရာများဖြစ်သောကြောင့် ဘခင်ကို ဟန်းဇ ဟောလဗိုင်း (အကြီး)၊ သားကိုဟန်းဇဟောလဗိုင်း (အငယ်)ဟု တစ်ခါတစ်ရံခွဲခြားဖော်ပြလေ့ရှိသည်။ ဟောလဗိုင်းသည် ၁၄၉၇ ခုနှစ်တွင်ဂျာမနီနိုင်ငံ၊ အော့ကစဗူးမြို့၌ဖွားမြင်ခဲ့၍ ဖခင်ထံ၌ ပန်းချီပညာကိုဦးစွာသင်ကြားခဲ့သည်။


၁၅၁၄ ခုနှစ်တွင် ဟောလဗိုင်းသည် ဆွစ်ဇာလန်နိုင်ငံဗားလမြို့သို့ သွားရောက်၍ ပုံနှိပ်စာအုပ် များ၌သရုပ်ပြပုံများရေးဆွဲသည့်လုပ်ငန်းဖြင့်စီးပွားရှာခဲ့လေသည်။ ထိုမြို့တွင်ဒပ်ချ်အမျိုးသားပညာရှိကြီးအီရက်ဇမပ်နှင့် မိတ်ကျွမ်းဝင်ခဲ့ရာထိုပုဂ္ဂိုလ်ရေးသောစာအုပ်၌ သရုပ်ပြပုံများကို ရေးဆွဲခဲ့ရသည်။ ဟောလဗိုင်းသည် အခြားစာရေးဆရာတို့၏ စာအုပ်များအတွက် ရုပ်ပုံများကိုလည်း ရေးဆွဲခဲ့သည်။ အထူးသဖြင့်ဂျာမနီနိုင်ငံခရစ်ယန်သာသနာ့အရေးပုံခေါင်းဆောင် မာတင်လူသာ ကိုယ်တိုင် ဂျာမန်ဘာသာပြန်ဆိုသော သမ္မာကျမ်းစာအုပ်တွင် သရုပ်ပြပုံများကို ရေးဆွဲပေးခဲ့သည်။ ဟောလဗိုင်းသည် ပုံတူပန်းချီကား၊ အယူဝါဒဆိုင်ရာ ပန်းချီကားတို့ကိုလည်းကောင်း၊ ရောင်စုံပြတင်းမှန်ပုံစံနှင့် အမျိုးသမီးအဝတ်အစားတို့ကိုလည်းကောင်း၊ရေးဆွဲထုတ်လုပ် ခဲ့သည်။ အထူးသဖြင့် ပုံတူပန်းချီကားရေးဆွဲရာ၌ လက်စွမ်း ထက်သည်။


၁၅၂၆ခုနှစ်တွင် ဟောလဗိုင်းသည် အီရက်ဇမပ်ထံမှ မိတ်ဆက်စာဖြင့် အင်္ဂလန်နိုင်ငံရှိ ဆာတောမတ်မိုးထံသို့ သွားရောက်ခဲ့လေသည်။ ဆာတောမတ်မိုးသည် အဋ္ဌမဟင်နရီဘုရင်နှင့်သင့်မြတ်သော နိုင်ငံခေါင်းဆောင်ကြီး ဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ဟောလဗိုင်းသည် ဆာတောမတ်မိုး၏ ဧည့်သည်အဖြစ်ဖြင့် လန်ဒန်မြို့တွင် နှစ်နှစ်မျှနေထိုင်ပြီးနောက် ဗားလမြို့သို့ပြန်ခဲ့သည်။ တစ်ဖန် ၁၅၃၁ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်ခဲ့၍ ဟင်နရီဘုရင်၏ မှူးမတ်မျိုးနွယ်တို့၏ ပုံတူပန်းချီကားများကို ရေးဆွဲသည်။ ထိုပုံတူပန်းချီကားများကို အင်္ဂလန်နိုင်ငံရှိ ဝင်ဆာရဲတိုက်တွင်တွေ့မြင်နိုင်သည်။ အဋ္ဌမဟင်နရီဘုရင်၏ ပုံတူပန်းချီကားကိုလည်း ရေးဆွဲခဲ့သည်။ ဘုရင့်အရွယ်တူပန်းချီကားမှာအသက်ဝင်လျက် ရှိသောဟောလဗိုင်း၏လက်ရာကောင်းတစ်ခုဖြစ်၍ ထိုပုံကိုကြည့်လျှင် ဦးခေါင်းနှင့်ကိုယ်လက်အင်္ဂါတို့ လှုပ်ရှားနေဘိသကဲ့သို့ တွေ့မြင်ရသည်ဟု ခြီးကျူးဖော်ပြကြလေသည်။ ၁၅၃၆ခုနှစ်တွင် ဟင်နရီဘုရင်က နန်းတွင်းပန်းချီဆရာအဖြစ် မြှောက်စားခြီးမြှင့်ခြင်းကိုခံရသည်။ ပန်းချီကျော်ဟန်းဇဟောလဗိုင်းသည် ဆွစ်ဇာလန်နိုင်ငံ နှင့်အင်္ဂလန်နိုင်ငံတို့တွင်သာများသောအားဖြင့် နေထိုင်ခဲ့သော်လည်း ဂျာမန်ပန်းချီကျော် တစ်ဦးအဖြစ် အသိအမှတ်ပြုကြလေသည်။ ( ဂျာမန်အနုပညာ။)


ဟောလဗိုင်း ရေးဆွဲခဲ့သော ပန်းချီလက်ရာများကို အင်္ဂလန်နိုင်ငံတွင် လန်ဒန်မြို့ နေရှင်နယ်ပန်းချီပြတိုက်၊ ဝင်ဆာရဲတိုက်တို့၌လည်းကောင်း၊ဥရောပတိုက်တွင် ဟိတ်မြို့တော်၊ဘာလင်မြို့၊ဗီယင်နားမြို့၊ ပါရစ်မြို့၊ မျူးနစ်မြို့၊ ဗားလမြို့တို့၌ရှိသောပန်းချီပြတိုက်များ၌လည်းကောင်း တွေ့မြင် နိုင်သည်။ အထူးသဖြင့်နေရှင်နယ်ပန်းချီပြတိုက်တွင်ရှိသော မီလန်မြို့စားကတော်ခရစ္စတီးနား၏ပုံတူကားသည်ဟောလဗိုင်း၏ လက်စွမ်းမြောက်သောပန်းချီကားဖြစ်ပေသည်။ သောလဗိုင်းသည် ၁၅၄၃ခုနှစ် နိုဝင်္ဘာလတွင် ပလိပ်ကပ်ရောဂါဖြင့် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)