ဟောင်ကောင်ကျွန်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟောင်ကောင်ကျွန်း (တရုတ်: 香港島) သည် တရုတ် ပြည်တောင်ပိုင်း ကန်တုံမြစ်ဝအနီးရှိ ဗြိတိသျှ ကိုလိုနီ တစ်ခု ဖြစ်သည်။ ကျွန်း၏ အနောက်မြောက်ထောင့်တွင် ဝိတိုရိယမြို့၊ သို့မဟုတ် ဟောင်ကောင်မြို့ တည်ရှိ၏။ မြို့၏လမ်းများမှာ ဝိတိုရိယ တောင်ထိပ်ကို ဝိုင်းရံရစ်ပတ်၍ တစ်ထစ်ပြီးတစ်ထစ် တက်သွား၏။ တောင်မှာ ၁၈၂၃ ပေ မြင့်လျက် တောင်ထိပ်မှ ကြည့်လျှင် ကျွန်းကို ပတ်လည်ဝန်းရံ၍ ဖောက်လုပ်ထားသော ၂၂ မိုင် ရှည်လျားသည့် ကားလမ်းကြီးကို မြင်နိုင်ပေသည်။ ဟောင်ကောင်ကျွန်းသည် ၁၁ မိုင်ခန့် ရှည်လျား၍ အကျယ် ဆုံး နေရာတွင် ငါးမိုင်ခန့်ရှိရာ ကုန်းမကြီး ပေါ်တွင်ရှိသော ကောင်းလွန်းကျွန်းဆွယ် နယ်မြေ အပါအဝင် ၄ဝ၃ ့၇ စတုရန်းမိုင်ရှိ၏။ လူဦးရေမှာ ခန့်မှန်းခြေ ၄ဝ၈ဝဝဝ ခန့် (၁၉၇၂)ရှိရာ ဗြိတိသျှလူမျိုး အနည်းငယ်သာ ပါဝင်၍ တရုတ်လူမျိုးက များ လေသည်။ ဤကျွန်းကို ၁၈၄၁ ခုနှစ်တွင် တရုတ်အစိုးရလက်မှ ဂရိတ် ဗြိတိန်က ရလိုက်၍ ကောင်းလွန်း ကျွန်းဆွယ်ကို ၁၈၆ဝ ပြည့်နှစ်တွင် ဟောင်ကောင်သို့ ပေါင်းစပ်လိုက်၏။ ဟောင်ကောင်မြို့သည် တရုတ် ပင်လယ်ဘက်တွင် ဗြိတိသျှရေတပ် စခန်းချရာ ဌာနချုပ်ဖြစ်လေသည်။

မြို့ပေါ်ရှိ လမ်းမကြီးများသည် အနောက်နိုင်ငံမှာကဲ့သို့ အကွက်ချ၍ လှပစွာ ဆောက်လုပ်ထားသောကြောင့် အလွန် သာယာသော မြို့တစ်မြို့ ဖြစ်၏။ အလွန်ခိုင်ခံ့ကောင်းမွန်သော သင်္ဘောဆိပ်လည်း ရှိလေသည်။ သို့သော် တစ်ခါတစ်ရံ လေနီ ကြမ်းများဒဏ်ကို ခံရတတ်၏။ ဟောင်ကောင်ကျွန်းပေါ်တွင် သင်္ဘောတည်ဆောက်ခြင်း၊ ချည်ထည်ရက်လုပ်ခြင်း၊ ကြက်ပေါင် စေးဖိနပ်များ ပြုလုပ်ခြင်း၊ ကြိုးကျစ်ခြင်း၊ သကြား ချက်ခြင်း၊ ကျောက်ခွဲခြင်းစသည့်လုပ်ငန်းများ ရှိသည်။ ဟောင်ကောင် သင်္ဘောဆိပ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော သင်္ဘောဆိပ် မြို့များထဲတွင် အပါအဝင် ဖြစ်ပြီးလျှင် တရုတ်နိုင်ငံတောင်ပိုင်း နယ်၌ ကုန်စည်အမျိုးမျိုး သွင်းရာထုတ်ရာ နေရာဖြစ်၍ နိုင်ငံ အသီးသီးမှ သင်္ဘောကြီးများ ဝင်ထွက်သွားလာလျက်ရှိလေ သည်။

ဟောင်ကောင်ကျွန်းကို ဘုရင်ခံတစ်ဦးက အုပ်ချုပ်၍ အမှု ဆောင်ကောင်စီနှင့် ဥပဒေပြု အဖွဲ့တစ်ဖွဲ့လည်း ထားရှိသည်။ ပညာရေးစံနစ်မှာ မသင်မနေရ မဟုတ်ချေ။ ဟောင်ကောင်ကျွန်း တွင် အစိုးရကျောင်း၊ အစိုးရ အထောက် အပံ့ခံကျောင်းနှင့် အလွတ်ပညာသင်ကျောင်းဟူ၍ သုံးမျိုးရှိသည်။ စာသင်ရာတွင် အင်္ဂလိပ်၊ သို့မဟုတ် တရုတ်ဘာသာဖြင့် သင်ကြားပေးသည်။ ၁၉၇၁ ခုနှစ်တွင် စာသင်ကျောင်းပေါင်း ၂၈၆၁ ရှိရာ ကျောင်းသူကျောင်းသားပေါင်း ၁၂၆၈၆၆ဝ ရှိသည်။ ၁၉၁၁ ခုနှစ်မှ စဖွင့်သည့် ဟောင်ကောင် တက္ကသိုလ်၌ ဆေး၊ အင်ဂျင် နီယာ၊ ဗိသုကာပညာ၊ သိပ္ပံနှင့်ဝိဇ္ဇာ မဟာဌာနများ ရှိသည်။ ဆရာအတတ်သင် ကျောင်းလည်း ရှိသည်။ တရုတ်တက္ကသိုလ် ကျောင်းကိုလည်း ၁၉၆၃ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့သည်။

ဟောင်ကောင်မြို့သည် စစ်တပ်မြို့ကြီးတစ်မြို့ ဖြစ်သည့် အတိုင်း ဝိတိုရိယတောင်ရှိ ကျောက်ကမ်းပါး၊ ကျောက်နံရံ များတွင် အမြောက်ကြီးများ တပ်ဆင်ထားရှိ၏။ ပင်လယ် ကမ်းခြေရှိ အကွေ့အကောက် နေရာတိုင်းလိုလို၌ပင် လူများ နေထိုင်သည့် လှေအိမ်နှင့်ဖောင်များရှိရာ၊ ထိုလှေအိမ်များတွင် တရုတ်လူမျိုး တစ်သိန်း ခန့် နေထိုင်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ထိုကျွန်းကို ဂျပန်က သိမ်းပိုက်ထားခဲ့ရာ ၁၉၄၅ နှစ် စက်တင် ဘာလ ၁၆ ရက်နေ့တွင်မှ ဂျပန်တို့သည် ဗြိတိသျှစစ်တပ်များ ထံ လက်နက်ချ အပ်ခဲ့လေသည်။

ဟောင်ကောင်ကျွန်းကို တရုတ်နိုင်ငံ ကုန်းမကြီးပေါ်ရှိ ကောင်းလွန်းနှင့် ရေအောက်မှ ဆက်သွယ်ထားသော တစ်မိုင် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းလမ်းမကြီးကို ၁၉၇၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ဖွင့်လှစ် လိုက်၏။ ယင်းသည် အာရှတိုက်တွင် အကြီးဆုံးသော ဥမင်လိုဏ်ခေါင်းလမ်းဖြစ်၍ ပေါင်ပေါင်း ၂၄ဝဝဝဝဝဝ အကုန်အကျခံကာ သုံးနှစ်ကျော် ဖောက်လုပ်ခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)