ဟောဂျွန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Hur Jun
ဟောဂျွန်.jpeg
အခြားအမည် The Legendary Doctor Heo Jun
The Way of Medicine: The Epic Doctor Hur Jun (ထိုင်ဝမ်)
The Way of Medicine (ဟောင်ကောင်)
နတ်ဆေးသမားတော် (မြန်မာ)
အမျိုးအစား ဒရမ်မာ
တင်ဆက်ပုံ ရုပ်သံဇာတ်လမ်းတွဲ
ရေးသားသူ Choi Wan-kyu
ဒါရိုက်တာ Lee Byung-hoon
သရုပ်ဆောင် Jun Kwang-ryul
Hwang Soo-jung
Lee Soon-jae
နိုင်ငံ  တောင်ကိုရီးယား
ဘာသာစကား ကိုရီးယားဘာသာ
အပိုင်းပေါင်း ၆၄
ထုတ်လုပ်မှု
ရိုက်ကူးသည့် နေရာ ကိုရီးယား
ရိုက်ကူးရေးပညာရှင် Kim Young-chul
ပြသချိန် တနင်္လာနှင့် အင်္ဂါနေ့ ၂၁:၅၅ (ကိုရီးယားစံတော်ချိန်)
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်း Munhwa Broadcasting Corporation
မူလပြသမှု ၂၂ နိုဝင်ဘာ ၁၉၉၁ – ၂၇ ဇွန် ၂၀၀၀
ဇာတ်လမ်းတွဲစဉ်
ယခင်ဇာတ်လမ်း Kuk Hee
နောက်ထွက်ဇာတ်လမ်း Some Like It Hot
ဆက်စပ်မှုများ Hur Jun, the Original Story
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

ဟောဂျွန် မူရင်းဇာတ်လမ်း[ပြင်ဆင်ရန်]

နိုင်ငံတကာတွင် ဤဇာတ်လမ်းတွဲကို ထိုင်ဝမ်ရုပ်မြင်သံကြားမှ ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ ဟောင်ကောင် TVB ရုပ်သံလိုင်းမှ ၂၀၀၅ ခုနှစ်တွင်လည်းကောင်း၊ ဒေချန်ဂင်(နန်းတွင်းရတနာ) ဇာတ်လမ်းတွဲပြီးနောက် ပြသခဲ့သည်။ ဇာတ်လမ်းနှစ်ခု၏ ဇာတ်အိမ်တည်ဆောက်ပုံ ဆင်တူမှုကြောင့် ဟောဂျွန်ကို ဒေချန်ဂင်၏ အမျိုးသားဗားရှင်းဟု ခေါ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် MRTV4 ရုပ်သံလိုင်းမှ “နတ်ဆေးသမားတော်” အမည်ဖြင့် ပြသခဲ့သည်။

ဇာတ်လမ်းအကျဉ်းချုပ်[ပြင်ဆင်ရန်]

ဤဇာတ်လမ်းသည် ဂျိုဆောင်ခေတ်၊ ဆွန်ဂျိုဘုရင်အုပ်စိုးချိန် ချန်ဂင် (ဂျိုဆောင်၏ ပထမဆုံး အမျိုးသမီးသမားတော်ဟုထင်ရှား) သေဆုံးပြီးနောက် နှစ် (၅၀) အကြာတွင် အစပြုထားသည်။ ဟောဂျွန်သည် မဟုတ်မခံစိတ်ရှိသော မိခင်တစ်ဦးမှ မွေးဖွားလာသူတစ်ဦး ဖြစ်သည်။ သူ့မိခင်၏ လူမှုအဆင့်အတန်းကြောင့် သူကိုယ်တိုင်သည်လည်း ဂျိုဆောင်ဥပဒေအရ အစေခံလူတန်းစားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော်လည်း ဖခင်ဖြစ်သူမှာ အုပ်ချုပ်သူလူတန်းစား ရာဇဝတ်ရုံးတော်မင်း တစ်ဦးဖြစ်သည်။ ဤအကြောင်းကြောင့်ပင် သူသည်ဆိုးရွားသော ဖိနှိပ်ချုပ်ချယ်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး မှောင်ခိုထုတ်သည့်လုပ်ငန်းများကို လုပ်ကိုင်သည့်အဆင့်ထိ ရောက်သွားခဲ့ရသည်။ ဤအတောအတွင်းတွင် ဟောဂျွန်သည် နယ်နှင်ဒဏ်ကျခံနေရသော အထက်တန်းလွှာမိသားစုတစ်စုမှ ဒါဟီးဆိုသည့် မိန်းမပျိုတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။ သူမ၏ဖခင်ဖြစ်သူမှာ ပုန်ကန်မှုဖြင့် နယ်နှင်ဒဏ်ကျခံနေရစဉ် ဆုံးပါးသွားခဲ့သည်။ ဟောဂျွန်က ကရုဏာသက်ပြီး သူမဖခင်ဖြစ်သူ၏ ဈာပနကိစ္စအလုံးစုံကို ဆောင်ရွက်ပေးခဲ့လေသည်။ မကြာမှီအချိန်တွင် ဟောဂျွန်၏မှောင်ခိုလုပ်ငန်းမှပြစ်မှုများ ပေါ်ပေါက်သွားခဲ့ပြီး တစ်ချိန်က သူ့မိခင်နှင့် ဒါဟီးတို့ကို ကယ်တင်ခဲ့ပေးခဲ့သူပင်သော ဖခင်ဖြစ်သူက ဟောဂျွန်၏ဘဝကိုပါ ထပ်မံကယ်တင်ပေးခဲ့ပြီး အဝေးကို ထွက်ပြေးနိုင်ရန် ကူညီပေးခဲ့သည်။ ဟောဂျွန်သည် ဒါဟီးနှင့်လက်ထပ်ပြီး ဆန်းအွန်းနယ်သို့ ပြောင်းရွေ့သွားသည်။ တစ်ကြိမ်တွင် ဟောဂျွန်၏မိခင်ဖြစ်သူမှာ နာမကျန်းဖြစ်၍ ဒေသတွင်းရှိ နာမည်ကျော်သမားတော်တစ်ဦးဖြစ်သော ယူအွီထယ်ထံတွင် အကူအညီတောင်းခံခဲ့ရလေသည်။ ဤတွင်ဟောဂျွန်အတွက် ဆေးပညာကို စိတ်ဝင်စားလာစေခဲ့ပြီး ယူအွီထယ်ထံတွင်တပည့်တစ်ဦး ဖြစ်လာခဲ့သည်။ ဆေးပညာတွင် စိတ်ပါဝင်စားလာပြီး အပြင်းအထန်လေ့လာခဲ့သည့်အတွက် အချိန်တိုလေးအတွင်းမှာပင် တိုးတက်လာခဲ့သည်။ သူ၏လေ့လာမှုကို ယူအွီထယ်ထံတွင်နေထိုင်သော မိဘမဲ့ကောင်မလေးရယ်ဂျင်က သတိပြုမိခဲ့ပြီးနောက် ဟောဂျွန်ကို ဆေးပညာနှင့်ပတ်သတ်၍ သင်ကြားပြသပေးခဲ့လေသည်။

ဟောဂျွန်၏ ဆေးပညာကျွမ်းကျင်မှုသည် ပိုမိုတိုးတက်လာခဲ့သော်လည်း လက်တွေ့ကုသမှု ပြုလုပ်နိုင်ခြင်းမရှိချေ။ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ယောက်က ခေါ်ဆောင်လာခဲ့သည့် သူတို့၏သတိမေ့နေသော သမီးငယ်က သူ၏ပထမဦးဆုံးလူနာ ဖြစ်လာသည်။ တကယ်တမ်းတွင် သူတို့၏သမီးငယ်သည် ကိုယ့်ကိုကိုယ်ဆွဲကြိုးချခဲ့ပြီး သေလုမျောပါးဖြစ်နေသော လူနာတစ်ဦး ဖြစ်သည်။ ဟောဂျွန်သည် သူတတ်ကျွမ်းသော ဆေးပညာအသိတို့ဖြင့် သူမကို ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း ဆေးဖိုးဝါးခယူရန်ကိုမူ ငြင်းဆန်ခဲ့သည်။ ထိုကြောင့် ဇနီးမောင်နှံနှစ်ယောက်က သူတို့ကျေဇူးရှင်၏ ဂုဏ်သတင်းကို မိတ်ဆွေများ၊ အိမ်နီးနားချင်းများအကြား ပြန်လည်ပြောပြီး တိုးပွားစေခဲ့သည်။ ဤသတင်းက သူ့ထံသို့ သမားကောင်းတစ်ယောက်ပီသ၍ စေသနာဖြင့်ကုသပေးသည်ဟု သတင်းကြားသိထားသော လူနာများကို မရည်ရွယ်ဘဲ ခေါ်ဆောင်လာခဲ့လေသည်။

ယူအွီထယ်သည် ပထမက ဟောဂျွန်သည် လူနာများကိုကုသရန် လုံလောက်သည့်ဆေးပညာ ဗဟုသုတမရှိဘဲ သူ၏နာမည်ကိုအသုံးပြု၍ ပိုက်ဆံရှာဖွေရန်လုပ်နေသည်ဟု ယူဆ၍စိတ်ဆိုးသွားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ၏လူနာများအပေါ် သုံးသပ်ပုံနှင့်ကုသပုံများကို စုံစမ်းသိရှိပြီးနောက် ဟောဂျွန်သည် လက်တွေ့တွင် တကယ်တမ်းတတ်ကျွမ်းသူမှန်း သိလိုက်ရလေသည်။ ထို့ပြင် ဟောဂျွန်သည် ဆင်းရဲသားလူနာများအပေါ်တွင် သမားခမယူကြောင်းကိုပါ သိလိုက်ရသောအခါ ကျေနပ်သွားလေသည်။ ဆုလာဘ်အနေဖြင့် ဆေးဂိုဒေါင်တာဝန်ခံနေဖြင့် ခန့်အပ်လိုက်လေသည်။

နောက်ပိုင်းတွင် ဟောဂျွန်သည် အထက်တန်းလွှာ အရာရှိကြီးတစ်ဦး၏ဇနီးကို ကုသခွင့်ရရှိလေသည်။ သူမသည်လေဖြန်းရောဂါဖြင့် မလှုပ်ရှားနိုင်ဖြစ်နေသော လူတစ်ဦးဖြစ်သည်။ လာရောက်စမ်းသပ်သော သမားတိုင်းက မျှော်လင့်ချက်မရှိဟု သတ်မှတ်ထားသော်လည်း ဟောဂျွန်သည် လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဝန်မင်းသည်ကျေးဇူးတင်သောအားဖြင့် နန်းတွင်းသမားတော်စာမေးပွဲကို ဝင်ရောက်ဖြေဆိုစရာမလိုဘဲ နန်းတွင်းသမားတော်ဖြစ်စေနိုင်သော ထောက်ခံစာတစ်စောင်ကို ရေးပေးလိုက်လေသည်။ ထိုအကြောင်းသည် ဖြောင့်မတ်မှန်ကန်သော ယူအွီထယ်အတွက် စာမေးပွဲကို ပုဂ္ဂိုလ်ရေးဖြင့် ကျော်လွားရန် ဆုံးဖြတ်သည်ဟုယူဆပြီး ဟောဂျွန်ကို ဒေါသထွက်စေခဲ့သည်။

နောက်ပိုင်းတွင် ဟန်ယန်းတွင် သမားတော်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ဆုံးဖြတ်လိုက်သော ဟောဂျွန်ကိုအခြားသမားတော်နှစ်ယောက်က သင်ကြားပြသပေးခဲ့သည်။ ဟောဂျွန်ဟန်ယန်းသို့ ရောက်သောအခါ အရေးပေါ်အခြေအနေဖြစ်နေသော လူနာများကိုကုသရန်ဆုံးဖြတ်လိုက်၍ စာမေးပွဲဝင်ရောက်ဖြေဆိုရန် နောက်ကျသွားလေသည်။ သို့သော်ထိုအကြောင်းကြောင့်ပင် သူသည် ပို၍လူသိများထင်ရှားလာပြီး ယူအွီထယ်က ပြန်လည်လက်ခံစေခဲ့သည်။ အပြန်အလှန်အားဖြင့် လူနာများကို ကုသပေးရန် ငြင်းဆိုခဲ့သော ယူအွီထယ်၏သား ယူဒိုဂျီသည် စာမေးပွဲတွင် ပထမရခဲ့လေသည်။ ယူအွီထယ်သည် သူ၏သားဖြစ်သူကို ဆေးပညာကို ရာထူးဂုဏ်ရှိန်အတွက်သာ အသုံးပြုပြီး လူနာများအပေါ်တွင်ထားရှိရမည့် သမားတော်တို့၏ စိတ်ထားမရှိသောကြောင့် အပြစ်တင်ခဲ့လေသည်။ ယူဒိုဂျီသည် သူဖခင်အပေါ်တွင် ကျေနပ်မှုမရှိဘဲ မကြာခဏ ကလန်ကဆန်ပြုလုပ်ခဲ့လေသည်။

မကြာမီအချိန်မှာပင် ယူအွီထယ်သည် အစာအိမ်ကင်ဆာရောဂါဖြင့် သေကောင်းပေါင်းလဲဖြစ်သွားသည်။ သူသည်ကိုယ့်ကိုကိုယ့် အဆုံးစီရင်လိုက်ပြီး ဟောဂျွန်အတွက် ခန္ဓာဗေဒနှင့် အတွေးအခေါ်တို့ကို ပိုမိုလေ့လာနိုင်ရန် ခွင့်ပြုပေးခဲ့သည်။ ထိုအတွက်ကြောင့် ဟောဂျွန်၏ဆေးပညာအတွက် ပိုမိုတိုးတက်စေခဲ့ပြီး ဆေးဝါးတွေကို ပိုမိုကျွမ်းကျင်စေခဲ့ကာ နန်းတွင်းသမားတော်စာမေးပွဲတွင် ပထမဖြင့်အောင်မြင်စေခဲ့လေသည်။

နန်းတွင်းဆေးခန်းတွင် ဟောဂျွန်သည် သူ့ဆရာ၏သားဖြစ်သူ ရာထူးအဆင့်အတန်းကို မက်မောတွယ်တာတတ်သော ယူဒိုဂျီနှင့် တွေ့ဆုံခဲ့လေသည်။ ထို့ပြင် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က သူ၏ဆရာနှင့်ယှဉ်ပြိုင်၍ ရှုံးနှိမ့်ခဲ့ဖူးသော နန်းတွင်းသမားတော်ချုပ် ယန်းနှင့်လည်း တွေ့ဆုံခဲ့လေသည်။ သူသည် ဟောဂျွန်နှင့် ယူအွီထယ်တို့၏ ပတ်သတ်မှုကို သိရှိသောကြောင့် ဟောဂျွန်ကို အရေးမပါသော ဟေမင်းဆိုးဆေးခန်းတွင်သာ ထားရှိလေသည်။

ဟေမင်းဆိုးသို့ ရောက်သောအခါ ဟောဂျွန်သည် ထိုနေရာတွင် သူနာပြုအဖြစ် အလုပ်လုပ်နေသော ရယ်ဂျင်နှင့် ဆုံတွေ့ခဲ့လေသည်။ ရယ်ဂျင်သည် ဟောဂျွန်အပေါ်တွင် တိတ်တခိုးချစ်နေသော်လည်း သူတို့၏ဆက်ဆံရေးမှာ ပုံမှန်အတိုင်းပင်ဖြစ်လေသည်။

ထိုအချိန်အတောအတွင်းတွင် ယန်းသည် ဟောဂျွန်ကို နည်းမျိုးစုံဖြင့် ပစ်ပယ်ထားခဲ့သော်လည်း မင်းကြီး၏ကိုယ်လုပ်တော်တစ်ပါးသည် အစာအိမ်ကင်ဆာဖြင့် ဖျားနာသောအခါ အဆုံးသတ်သွားလေသည်။ နန်းတွင်းဆေးခန်းရှိ သမားတော်တို့သည် အစွမ်းကုန် ကြိုးစားကုသသော်လည်း အချည်းအနှီးပင်ဖြစ်လေသည်။ ဟောဂျွန်သည် ယန်းထက်ငါးရက်ခန့်စော၍ အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။ ထို့ကြောင့်ယန်း၏ ပစ်ပယ်မှုသည်လည်း အဆုံးသတ်သွားလေသည်။

ဆွန်ဂျို၏ နန်းသက် ၂၂နှစ်မြောက်တွင် ကူးစက်ရောဂါဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ဟောဂျွန်ကို ယခင်တစ်ချိန်က ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသော အရာရှိတစ်ယောက်သည် နန်းတော်သို့ ပြောင်းရွေ့တာဝန်ကျလာခဲ့သည်။ ဟောဂျွန်သည် ဒုက္ခရောက်မည်မှန်းသိသော်လည်း ကူးစက်ရောဂါဖြစ်ပွားနေသော ဒေသများသို့ သွားရောက်၍ ကုသရန်နည်းလမ်းများကို ရှာဖွေခဲ့ပြီး အောင်မြင်မှုရရှိခဲ့လေသည်။ နန်းတော်သို့ ပြန်ရောက်သောအခါ ဟောဂျွန်သည် ထိုအရာရှိထံတွင် ဖမ်းဆီးခံခဲ့ပြီး နယ်နှင်ဒဏ်ပေးခြင်းခံရလေသည်။

ထွက်ခွာရန်ပြင်ဆင်နေဆဲမှာပင် မင်းကြီး၏ အချစ်တော်သည် နှလုံးရောဂါဖြင့် အပြင်းအထန်ဖျားနာပြီး နန်းတွင်းရှိသမားတော်တိုင်း ကုသရန်မတတ်နိုင်ပေ။ ထို့ကြောင့် မင်းကြီးသည် ဟောဂျွန်ကို ပြန်လည်ခေါ်ယူပြီး ကုသစေခဲ့သည်။ ဆုလာဘ်အနေဖြင့် မင်းကြီးသည် ဟောဂျွန်၏ ပြစ်မှုများနှင့် ဥပဒေချိုးဖောက်မှုများကို ပြန်လည်ဖယ်ရှားပေးခဲ့ပြီး ကင်ဂေါင်ဘင်၏ သမားတော်အဖြစ် ခန့်အပ်ခဲ့သည်။

သို့သော် မင်းကြီးသည် ကင်ဂေါင်ဘင်ကို ပစ်ပယ်၍ တခြားကိုယ်လုပ်တော်တစ်ပါးကို စိတ်ပါသွားခဲ့သည်။ သူမသေဆုံးသွားသောအခါ ဟောဂျွန်သည် တိုင်းပြည်အနှံ့ လှည့်လည်၍ ဆေးပင်များနှင့် ကုသရန်နည်းလမ်းမရှိသော ရောဂါများကို လေ့လာရန် ဆုံးဖြတ်လိုက်လေသည်။ နန်းတော်သို့ ပြန်လည်ရောက်ရှိသွားသောအခါ ဟောဂျွန်သည် နန်းတွင်းစာကြည့်တိုက်ကို မွေနှောက်၍သူ၏ ဆေးပညာကို ပို၍အဆင့်မြှင့်တင်ခဲ့သည်။

ထိုအချိန်အတောအတွင်းတွင် ယူဒိုဂျီသည် နန်းတွင်းဆေးခန်းတွင် ရာထူးတစ်ဆင့်ပြီးတစ်ဆင့် တက်လာပြီး သမားတော်ချုပ်နေရာကို ရရှိရန် ကြိုးပမ်းလာခဲ့သည်။ သို့သော် ထူးဆန်းရောဂါများကို ကုသရန်ကြိုးပမ်းနေသော မင်းသားတစ်ပါးသည် သူကိုယ်တိုင်ရောဂါဝေဒနာကို ခံစားနေရလေသည်။ တာဝန်ယူရမှာကို ကြောက်ရွံ့သောဒိုဂျီသည် မင်းသားကို ဟောဂျွန်လက်ထဲသို့အပ်ပြီး အပြစ်ရစေရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဟောဂျွန်သည် အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။ ဆုလာဒ်အနေဖြင့် အဆင့်သုံးဝန်ကြီးအဖြစ်နှင့် နန်းတွင်းသမားတော်ချုပ်အဖြစ် ခန့်အပ်လိုက်သည်။

မကြာမီ ဂျပန်နိုင်ငံ၏ ကျုးကျော်မှုဖြင့် စစ်ပွဲဖြစ်ပွားခဲ့လေသည်။ ဟောဂျွန်သည် အစိုးရအဖွဲ့ပျက်ပြားနေသော်လည်း ဆေးပညာရပ်ဆိုင်ရာကုသပေးမှုများကို ဆက်လက်လုပ်ဆောင်ပေးခဲ့သည်။ ထိုအကြောင်းများကို စစ်ပွဲပြီးနောက် ဆွန်ဂျိုသည်သိရှိသွားသောအခါ ပထမအဆင့်ဝန်ကြီးအဖြစ် ရာထူးတိုးပေးလိုက်လေသည်။ များမကြာမီနှစ်များမှာပင် ဟောဂျွန်ကို ဆွန်ဂျိုမင်းကြီးမှ ဂျိုဆောင်တွင် ပြည်သူများအတွက် ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ဆေးသမားတော်အဖြစ် တာဝန်ပေးအပ်ခြင်းခံရလေသည်။

နောက်ပိုင်းတွင် ယောင်ချန်းမင်းသားနှင့် ဂွမ်ဟဲဂျန်မင်းသားတို့၏ နန်းလုပွဲဖြစ်ပွားပြီး အစတွင် ဟောဂျွန်သည် သမားတော်၏တာဝန်မှာ လူနာများကို ကုသရန်သာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ရန်မလိုဟုယူဆပြီး မည်သူ့ဘက်မှမလိုက်ရန် ငြင်းဆိုလိုက်သည်။ နန်းလုပွဲတွင် ဂွမ်းဟဲဂျန်မင်းသားက အနိုင်ရရှိခဲ့ပြီး ၁၆၀၈ ခုနှစ် ဆွန်ဂျိုမင်းကြီးနောက်တွင် ထီးနန်းဆက်ခံခဲ့လေသည်။ ထီးနန်းကိုရရှိသည်နှင့် ဂွမ်ဟဲဂျန်မင်းကြီးသည် မင်းကြီးနာမကျန်းဖြစ်၍ နတ်ရွာစံခဲ့ရပါက တာဝန်ခံမင်းသမားတော်က တာဝန်ယူရမည်ဟူသော ဥပေဒေကြောင့် ဟောဂျွန်ကို ရာဇဝတ်သားအဖြစ် သတ်မှတ်လိုက်လေသည်။ သို့သော် မင်းကြီးက ဟောဂျွန်သည် မင်းမိဖုရား၏အသက်ကို ကယ်တင်ပေးခဲ့သည့်အပြင် အခြားသောစွမ်းဆောင်မှုများကြောင့် ထူးချွန်သောသမားတော်တစ်ဦးအဖြစ် လေးစားသော်လည်း ဥပဒေကို မလွန်ဆန်နိုင်သောကြောင့် အပြစ်ဒဏ်ကို လျော့ပေါ့ပြီး နိုင်ငံတောင်ပိုင်းတွင် နယ်နှင်ဒဏ်ခံရန် အမိန့်ချမှတ်လိုက်သည်။

တောင်ပိုင်းတွင် ဟောဂျွန်သည် နန်းတွင်းဆေးခန်းမှ သမားတော်များ ယူဆောင်လာပေးသော ဆေးစာအုပ်များ၏အကူအညီဖြင့် ၁၆၁၀ ခုနှစ်တွင် "ဒေါင်ဂွီ ဘိုဂမ်" (အရှေ့ပိုင်းဆေးပညာကြေးမုံ) အမည်ရစာအုပ်ကို ရေးသားခဲ့လေသည်။ ထိုစာအုပ်သည် နောက်ပိုင်းတွင် တော်ဝင်ဆေးကျမ်းအဖြစ် သတ်မှတ်ခြင်းခံရလေသည်။

၁၆၁၁ ခုနှစ်တွင် မင်းကြီးသည် ဟောဂျွန်ကို နန်းတွင်းသို့ ပြန်လာရန် အမိန့်တော်ထုတ်ပြန်ခဲ့သည်။ သို့သော် ဟောဂျွန်သည် ငြင်းဆန်ခဲ့ပြီး လူနာများကိုကုသရန် ဇာတိရပ်ရွာသို့ ပြန်သွားခဲ့သည်။ ဤအချိန်တွင် နိုင်ငံတဝှမ်းတွင် အလိပ်ကူးစက်ရောဂါ ပျံ့နှံ့ပြီး ဟာဂျွန်သည် ကုသနည်းရှာဖွေရန် နန်းတွင်းဆေးခန်းသို့ ပြန်ခေါ်ခြင်းခံရလေသည်။ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံကိုကယ်တင်ပေးနိုင်ခဲ့သော်လည်း ပင်ပန်းနွမ်းနယ်နေပြီး ကိုယ်ကိုယ်တိုင် ကူးစက်ရောဂါခံစားနေရကြောင်း မသိရှိသောဟောဂျွန်သည် ၁၆၁၅ ခုနှစ်တွင် ကွန်လွန်ခဲ့လေသည်။