ဟိုင်လေဆီလာဆီး ဘုရင်

ဝီကီပီးဒီးယား မှ

ဟိုင်လေဆီလာဆီး ဘုရင်(ခရစ် ၁၈၉၁ ဖွား)[ပြင်ဆင်ရန်]

ဟိုင်လေ ဆီလာဆီးဘွဲ့ခံ အီသီယိုးပီးယား (အက်ဗီဆီး နီးယား) ဘုရင် တဖာရီမကုန်နင်သည် ၁၈၉၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။ ရှိုအာဘုရင်ကြီး ဟိုင်လေမီလီကော့၏ မြေးတော် ဖြစ်၍ ခမည်းတော်မှာ ထင်ရှားသော စစ်သူရဲ ကောင်းတစ်ဦး ဖြစ်သည်။ ဟာရာမြို့ရှိ ပြင်သစ်သာသနာပြု ဆရာတို့ထံတွင် ပညာသင်ကြားခဲ့ဘူးသည်။ ၁၉၂၁ ခုနှစ်တွင် မင်းသားကြီး မိုက်ခယ်၏ မြေးတော်ဝိုင်ဇီရိုမာနင်နှင့် လက် ထပ်ခဲ့၍ ၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် သားဦး ရရှိလေသည်။

ထိုအချိန်က ဘုရင်ဖြစ်သော လက်ဂျယာစုကို ၁၉၁၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထီးနန်းမှ ချ၍ အရီးတော် ဇောဒိတူက ဧကရီဘုရင်မအဖြစ် ထီးနန်းကို သိမ်းပိုက်လိုက် သောအခါ ဘုရင်မကြီး၏ ဝမ်းကွဲ မောင်တော်သော တဖာရီ အား နန်းလျာရင်ခွင်ပိုက် ဘုရင်အဖြစ် ခန့်ထားခဲ့လေသည်။ ထိုပြင် နန်းကျဘုရင် လက်ဂျာယာစု၏ ခမည်းတော် မင်းသားကြီး မိုက်ခယ်သည် ဘုရင်မကို ပုန်ကန်ထကြွလေရာ ထိုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် လုံးဝနှိမ်နင်းခြင်းခံရ လေသည်။ ထိုအခါ သားတော်ဖြစ်သူ လက်ဂျာယာစုသည် ဖရိုဖရဲဖြစ်နေသော ခမည်းတော်၏ တပ်များကို စုရုံး၍ အင်အားဖြည့်တင်း ပြီးလျှင် ပြန်လည်ထကြွရန် ကြိုးစားခဲ့ သေး၏။ သို့ရာတွင် သူ၏တပ်များသည် ၁၉၁၇ ခုနှစ် ဒီဇင်ဘာလတွင် မဂ္ဂဒါလာအရပ်၌ လက်နက်ချထားလိုက်ကြ ရလေသည်။

တဖာရီသည် ၁၉၂၃ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်း ကြီးသို့ အီသီယိုးပီးယားနိုင်ငံ ပါဝင်နိုင်ရန် ဆောင်ရွက် အောင်မြင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဥရောပတိုက်ရှိ မြို့ကြီး များစွာသို့ လှည့်လည် သွားလာခဲ့သည်။ သူသည် လုံ့လဝီရိယ ရှိ၍ ဖျတ်လတ်သည်။ ပညာဗဟုသုတနှင့်လည်း ပြည့်စုံ၍ သူ၏နိုင်ငံကို ခေတ်မှီလာစေရန် ပြုပြင်လိုသော ဆန္ဒများစွာ ရှိခဲ့သည်။ အရီးတော် ဧကရီဘုရင်မကြီးအား ကျော်လွန်၍ တစုံတရာ ထိရောက်စွာ မဆောင်ရွက်နိုင်သည်ကို သိသဖြင့် မိမိ၏0x100သဇာအာဏာများ တိုးတက်အောင် ပြုလုပ်ကာ ၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် သီးခြား ဘုရင်တစ်ပါးအဖြစ် ကျေညာခဲ့လေသည်။ ဧကရီ ဘုရင်မဇောဒိတူ နတ်ရွာစံသော အခါ ၁၉၃ဝ ပြည့်နှစ် နိုဝင်ဘာ ၂ရက်နေ့တွင် ပထမ ဟိုင် လေဆီလာဆီး ဟူသောဘွဲ့ဖြင့် အရီးတော်၏ အရိုက်အရာကို ဆက်ခံစိုးစံလေသည်။ ဟိုင်လေသည် မိမိ၏နိုင်ငံကို ခေတ်မီ တိုးတက်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိစေရန် ယခင်က စီစဉ်လာခဲ့သော လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့လေ သည်။ ကျွန်စနစ်နှင့်ကံကျွေးစနစ်များကို ၁၉၄၂ ခုနှစ် 0x100သဂုတ် လ ၂၆ ရက်နေ့ ထုတ်အမိန့်ဖြင့် လုံးဝ ပယ်ဖျက်လိုက်သည်။ သူသည် ပြည်တွင်း တိုးတက်မှုများကိုသာမက နိုင်ငံခြားတို့နှင့် ဆက်သွယ်ရေးတွင်လည်း ကောင်းစွာပင် အထမြောက် အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

အီတလီနိုင်ငံသည် ၁၉၂၈ ခုနှစ် သဘောတူညီခဲ့သော အနုညာတ ဆုံးဖြတ်ချက်များသာမက၊ ကမ္ဘာ့နိုင်ငံ ပေါင်းချုပ် အသင်းကြီးက တားမြစ်ချက်များကို လျစ်လျူရှုလျက် ၁၉၃၅ ခုနှစ် အောက်တိုဘာ ၃ရက်နေ့တွင် အီသီယိုးပီးယားနိုင်ငံကို တိုက်ခိုက်သောအခါ ဧကရာဇ် ဟိုင်လေသည် ခုနစ်လတိတိ တင်းမားစွာ ခုခံ ကာကွယ်ခဲ့သည်။ သို့သော် အင်အားချင်းမမျှ သဖြင့် ၁၉၃၆ ခုနှစ် မေလ ၁ ရက်နေ့တွင် အဒစ်အဗားဗား မြို့တော်မှ ထွက်ပြေးခဲ့ရလေသည်။ ဣတာလျံတို့သည် အီသီ ယိုပီးယားနိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် ဗစ်တာအီမန်နျူ ယယ်အား ဧကရာဇ်ဘုရင်အဖြစ် ကျေညာကာ ငါးနှစ်တိုင်တိုင် စိုးမိုးခဲ့ကြလေသည်။

စစ်ပြေးဘုရင် ဟိုင်လေသည် ဥရောပတိုက်တွင် ဣတာလျံ တို့က ကျူးကျော်စော်ကား တိုက်ခိုက်ခဲ့သည်ကို ကူညီတွန်းလှန် နိုင်ရန်အတွက် အကူအညီ တောင်းဆိုခဲ့သည်ကို ကူညီတွန်းလှန် ရန်အတွက် အကူအညီ တောင်းဆိုခဲ့သော်လည်း မည်သို့မျှ အကြောင်းမထူးပဲ ရှိနေခဲ့သဖြင့် ဗြိတိသျှတို့ထံ ခိုဝင်ကာ နေထိုင်ခဲ့ရလေသည်။ ဗြိတိသျှ စစ်တပ်များက အီသီယိုးပီးယား နိုင်ငံကို ဣတာလျံတို့လက်မှ ပြန်လည်တိုက်ခိုက် သိမ်းယူပြီး နောက် စစ်ပြေးဘုရင် ဟိုင်လေဆီလာဆီးအား အပ်နှင်းသဖြင့် ဟိုင်လေသည် ၁၉၄၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားလေသည်။ ဟိုက်လေဆီလာဆီးသည် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုင်ရိုမြို့၌ အမေရိကန် သမ္မတရူးဇဗဲ့၊ အင်္ဂလိပ်ဝန်ကြီးချုပ်ချာချီတို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့၏။ ၁၉၄၆ ခုနှစ်အတွင်းက ပြင်သစ်နိုင်ငံ ပါရစ်မြို့တော်၌ ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံသို့ အီသီယိုပီးယား ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုညီလာခံတွင် ဣတလီပိုင် ကိုလိုနီနယ်များ ဖြစ်သော အီရစ်ထရီးယားနှင့် ဆိုမာလီလန်ပြည်နယ်တို့ကို အီသီယိုးပီးယားသို့ ပြန်လည် ပေးအပ်ရန် တောင်းဆိုခဲ့လေသည်။ ထိုတောင်းဆိုချက်ကို ၁၉၄၇ ခုနှစ်က လန်ဒန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံခြားရေး ဝန်ကြီးလေးဦး အစည်းအဝေးတွင်လည်း ထပ်မံ တင်ပြခဲ့လေ သည်။

၁၉၄၉ ခုနှစ်က ဧကရာဇ်ဟိုင်လေဆီလာဆီးသည် သူ၏ မွေးနေ့တွင် အဒစ်အဗားဗားရှိ ကျောင်းများ၌ ဆုပေးပွဲများ ကျင်းပခဲ့သည်။ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေးပြပွဲပြိုင်ပွဲ ကြီးများကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နိုင်ငံအတွင်း ရေနံတွင်းများ တူးဖော်ရေးနှင့် အခြားကိစ္စများအတွက် ခရီး ထွက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုနိုင်ငံ အီလီနွိုင်ပြည် နယ် ဝှီတန်ကောလိပ်ကျောင်းမှ သူ့အား ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူ ဘွဲ့ထူးကို အပ်နှင်းခဲ့လေသည်။ ဧကရာဇ် ဟိုင်လေဆီ လာဆီးသည် ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ဘူးလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)