ဟိုက်ဒရိုဂျင်ဗုံး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၁၉၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ဖရန်စစ်ဝီလျံ အက်စတန်က ဟိုက်ဒရိုဂျင် အက်တမ်မှ ထုတ်လွှတ်သော စွမ်းအင်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့လေသည်။ ဟိုက်ဒရိုဂျင်အက်တမ်များသာ အကယ်၍ ပေါက်ကွဲပါက ကွင်းဆက် တုန့်ကန်မှုများဖြစ်ပေါ်လာပြီးလျှင် ကမ္ဘာကြီးကိုပင် ပျက်စီးသွားစေလိမ့်မည်ဖြစ်၍ စိုးရိမ်သည်ဟု ဆိုလေသည်။ သို့သော် ထိုကိစ္စသည်ဖြစ်နိုင်ရန် လွန်စွာခဲယဉ်းလေသည်။ အဘယ်ကြောင့်ဆိုသော သဘာဝအလျောက် တွေ့ရှိရသော သာမန် ဟိုက်ဒရိုဂျင်မျိုးသည် ထိုကဲ့သို့သာ တုံ့ကန်မှုမျိုးကို မဖြစ်စေနိုင်ချေ။

ပေါက်ကွဲမှုများ ဖြစ်ပေါ်နိုင်ရန်အတွက် တုံ့ကန်မှုသည်လျင်မြန်ရပေမည်။ တုံ့ကန်မှု လျင်မြန်ရန်မှာလည်း ဟိုက်ဒရိုဂျင်၏ လေးသော အိုက်ဆိုတုပ်များကို အသုံးပြုမှသာဖြစ်နိုင်စရာအကြောင်း ရှိပေသည်။ အိုက်ဆိုတုပ်ဆိုသည်မှာ ဒြဗ်စင်တစ်မျိုးတည်း၏ အလေးချိန်တွင် ကွဲလွဲသောအက်တမ်များ ဖြစ်သည်။ အလျူမီနီယမ်၊ ဖော့စဖောရပ်နှင့် ရွှေကဲ့သို့သော ဒြဗစ်များတွင် အလေးချိန် တစ်မျိုးတည်းသာရှိသော အက်တမ်များရှိသည်။ ထိုဒြဗ်စင်များ၌သဘာဝ အိုက်ဆိုတုပ် တစ်မျိုးတည်းသာ ရှိသည်။ ဟိုက်ဒရိုဂျင်တွင်မူ သဘာဝ အိုက်ဆိုတုပ်နှစ်မျိုးရှိသည်။

မူမှန် သို့မဟုတ် ပေါ့သော ဟိုက်ဒရိုဂျင်၌ ဒြပ်ထု ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ပေါ့သည့် ဟိုက်ဒရိုဂျင်၏ နျူကလိယတွ င်လျှပ်စစ်အဖိုဓာတ်ရှိသော ပရိုတွန်ခေါ် အမှုန်တစ်ခုသာ ရှိခြင်းကြောင့်ဖြစ်သည်။ လေးသော ဟိုက်ဒရိုဂျင် သို့မဟုတ် ဒျူတီရီယမ်တွင် ဒြဗ်ထု ၂ ရှိသည်။ သာမန်ဟိုက်ဒရိုဂျင်နှင့် ဒျူတီရီယမ်တို့ ကွဲလွဲချက်မှာ ဒျူတီရီယမ်အတွင်း၌ အမှုန်ပိုတစ်ခုပါရှိနေ၍ ထိုအမှုန်သည် လျှပ်စစ်သဘောအရ ကြားနေဖြစ်ကာယင်းကို နျူထရွန်ဟုခေါ်သည်။ ဒြပ်စင်အားလုံး၏ နျူကလိယပ်များတွင် နျူထရွန်နှင့် ပရိုတွန်များ ပါရှိနေလေသည်။

ပရိုတွန် အရေအတွက်ချင်း မတူညီသော အက်တမ်များသည် ဒြဗ်စင်ကွဲများ ဖြစ်ကြလေသည်။ အက်တမ်များ၌ အရေအတွက်တူညီသည့် ပရိုတွန်များ ပါရှိသော်လည်း နျူထရွန် အရေအတွက်တွင် မတူညီလျှင် ယင်းတို့ကို အိုက်ဆိုတုပ်များဟု ခေါ်လေသည်။

ဖော်ပြပါ ဟိုက်ဒရိုဂျင် အိုက်ဆိုတုပ်မျိုးကို ဟဲရိုးယူရီက ၁၉၃၂ ခုနှစ်တွင် တွေ့ရှိခဲ့လေသည်။ ရေ၏ အဆပေါင်း ၅ဝဝဝ အနက်မှ ဟိုက်ဒရိုဂျင်တဆကို ခွဲထုတ်ယူနိုင်သည်။ ထိုအိုက်ဆိုတုပ်ကိုလေးသော ဟိုက်ဒရိုဂျင်ဟု ခေါ်သည်။ ထိုဟိုက်ဒရိုဂျင်မျိုးသည် ရိုးရိုးဟိုက်ဒရိုဂျင်မျိုးထက် နှစ်ဆပိုလေး၍ ယင်းကို ဒျူတီရီယမ်ဟုလည်း ခေါ်သည်။ ၁၉၃၄ ခုနှစ်က လက်တွေ့ စမ်းခန်းအတွင်း၌ ပြုလုပ်ခဲ့သည့် ဟိုက်ဒရိုဂျင်တစ်မျိုး ရှိသေးသည်။ ထိုဟိုက်ဒရိုဂျင်မျိုးသည် ရိုးရိုးဟိုက်ဒရိုဂျင်ထက် သုံးဆပိုလေး၍ ယင်းကို ထရစ်တီယမ်ဟုခေါ်သည်။ လစ်သီယမ်သတ္တုကို နျူထရွန်များနှင့်ပစ်ခွင်းလျှင် ထရစ်တီယမ် ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်ပုံမှာ လစ်သီယမ်အက်တမ်တစ်ခုကို နျူထရွန်တစ်ခုက ထိမှန်တိုင်း ဟီလီယမ်အက်တမ်တစ်ခုနှင့် ထရစ်တီယမ် အက်တမ်တစ်ခု ဖြစ်ပေါ်လေ့ရှိသည်။ ထရစ်တီယမ်ကို အချိန်အကန့်အသတ်မရှိ သိမ်းဆည်း၍ကား မထားနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ၁၂ နှစ်ကြာတိုင်း ရေဒီယိုသတ္တိကြွမှု ပျက်စီးသွားသဖြင့် သိမ်းဆည်းထားသော ထရစ်တီယမ်တဝက်မျှ ဆုံးပါးသွားခြင်းကြောင့်ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံး ပြုလုပ်ရာတွင် လေးသော ဟိုက်ဒရိုဂျင်(ဒျူတီရီယမ်)အက်တမ်များကိုသော်လည်းကောင်း၊ သာ၍လေးသော ဟိုက်ဒရိုဂျင် (ထရီတီယမ်)အက်တမ်များကိုသော်လည်းကောင်း အသုံးပြုနိုင်သည်။ လစ်သီယမ်ကိုလည်း အသုံးပြုနိုင်သည်ဟု အချို့ သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။

ဟိုက်ဒရိုဂျင်ဗုံးသည် အက်တမ်များ အပူရှိန်ကြောင့် အရည်ပျော်၍ ပေါင်းစပ်သွားသောအခါတွင် ပေါက်ကွဲလေသည်။ ထိုသို့ အက်တမ်များ အရည် ပျော်၍ ပေါင်းစပ်စေရန်မှာ အလွန်မြင့်မားသော အပူချိန်၌သာ ဖြစ်ပွားနိုင်ရာ အပူချိန်ပေါင်း ၅ဝဝဝဝဝဝဝ (ငါးကုဋေ)ခန့်ရှိရန် လိုလေသည်။ ထိုအပူချိန်မျိုးကို ဤကမ္ဘာ၌ အက်တမ်ဗုံး (အနုမြူဗုံး) တလုံးကသာ ဖြစ်ပေါ်စေနိုင်လေသည်။ ထိုကြောင့် ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲရာ၌ အက်တမ်ဗုံးကို ခလုတ်အဖြစ် အသုံးချရန် လိုပေသည်။

အက်တမ်ဗုံးမှာ လိုအပ်သော အပူချိန်ကို ဖြစ်ပေါ်စေသော အခါတွင် ဟိုက်ဒရိုဂျင် အက်တမ်များသည် အရည်ပျော်၍ ပေါင်းစပ်သွားကြပြီးလျှင် စွမ်းအင်သည် အပူနှင့် ပြင်းထန်သောရောင်ခြည်များအဖြစ်ဖြင့် လွတ်ထွက်လာကြသည်။ ဟိုက်ဒရိုဂျင်သည်လည်း ဟီလီယမ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ပထမဆုံး(အက်တမ်ဗုံး) ပေါက်ကွဲပြီးနောက် ငါးနှစ်မျှအကြာ ဖြစ်သော ၁၉၅ဝ ပြည့်နှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ဟယ်ရီ၊ အက်ဂ(စ်)ထရူးမင်းက အမေရိကန်ပြည်ထောင်စု အနုမြူစွမ်းအင်ကော်မရှင်သို့ ဟိုက်ဒရိုဂျင်ဗုံးဖြစ်မြောက်ရေးကို ဆက်လက်ဆောင်ရွက်ကြရန် ညွှန်ကြားလိုက်သည်။ ထိုကော်မရှင်သည် လိုအပ်သော အစီအစဉ်များကို ပြုလုပ်ပြီးနောက် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ အတွင်း၌ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အင်တီဝီတုတ်ကျွန်းတွင်ဟိုက်ဒရိုဂျင်ဗုံးတလုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဩဂုတ်လတွင် ဆိုဗီယက်ယူနီယန်ကလည်း ဟိုက်ဒရိုဂျင်ဗုံးတလုံး စမ်းသပ်ဖောက်ခွဲပြီးကြောင်း ကြေညာသည်။

၁၉၅၆ ခု မေလအတွင်း၌ အမေရိကန်ပြည်ထောင်စုက အင်နီဝီတုတ်ကျွန်းအနီးတွင် စမ်းသပ်ဖောက်ခွဲသော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး၏ စွမ်းအင်သည် တီအင်တီခေါ် ပေါက်ကွဲစရာပစ္စည်းတန်ချိန် ၁၅ဝဝဝဝဝဝ (တကုဋေခွဲ) နှင့် ညီမျှ၍ ပထမဆုံး အသုံးပြုခဲ့သော အက်တမ်၏စွမ်းအင်သည် တီအင်တီ တန်ချိန် ၂၂ဝဝဝ နှင့် ညီမျှသည်ဟု ဆိုလေသည်။ ၁၉၆၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ် ဖောက်ခွဲပြီးကြောင်း ကြေညာသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)