ဟိဒဲကီ တိုဂျို
ဟိဒဲကီတိုဂျိုသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက (၁၉၄၁- ၄၄) ခုနှစ် ဂျပန်ဝန်ကြီးချုပ်အဖြစ်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လေသည်။ ၁၈၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ တော်၌ ဖွားမြင်ခဲ့၍၊ ဖခင်မှာ ၁၉၀၄-၀၅ ခုနှစ် ရုရှဂျပန်စစ်ပွဲ အတွင်းက ထင်ပေါ်ကျော်ကြား ခဲ့သော ဗိုလ်ချုပ်မှူးအဲအီးကျို တိုဂျိုဖြစ်လေသည်။ မျိုးရိုးအားဖြင့် ဆာမူရိုင်းခေါ် သူရဲကောင်း အဆက်အနွယ်မှ ဆင်းသက် ပေါက်ဖွားလာသူဖြစ်သည့်အတိုင်း တိုဂျိုသည် အရွယ်ရောက်သောအခါ တိုကျိုမြို့တော်ရှိ စစ်ဦးစီး အရာရှိ ကောလိပ်တွင် ပညာသင်ကြား ခဲ့လေသည်။ စစ်ကောလိပ် ကျောင်းမှထွက်သောအခါ စစ်ဗိုလ်တစ်ဦးဖြစ်လာ၍ စစ်ပညာ သင်ဆရာ အလုပ်ကို ခေတ္တမျှလုပ်ကိုင်ခဲ့ပြီးနောက် တိုဂျိုသည် မန်းချူးရီးယားပြည်တွင် တပ်ခွဲများကို စေလွှတ်ထားသော ကွမ်တန်စစ်တပ်သို့ ဝင်ရောက်အမှုထမ်းခဲ့လေသည်။
ကွမ်တန်စစ်တပ်ထဲတွင် ဂျပန်နယ်ချဲ့စံနစ်ကို အကောင် အထည်ပေါ်အောင် အထူးပင်လုံးပန်းနေသော စစ်အရာရှိအချို့ ပါဝင်လေသည်။ ယင်းစစ်အရာရှိများသည် ၁၉၃၁ ခုနှစ်တွင် မန်ချူးရီးယားပြည်ကို သိမ်းပိုက်ရန် စီစဉ်ခဲ့ကြသည်။ ထိုနောက် တရုတ်နိုင်ငံကို ချင်းနင်းဝင်ရောက် တိုက်ခိုက်ရန်လည်းစီစဉ်ခဲ့ကြ သည်။ တိုဂျိုသည် ကွမ်တန်စစ်တပ်ထဲတွင် ရာထူးတစ်ဆင့်ပြီး တစ်ဆင့်တက်ကာ နာမည်ထွက် လာခဲ့လေသည်။ ၁၉၃၇ ခုနှစ် တွင် ဒုတိယဗိုလ်ချုပ်အဆင့်အတန်းနှင့် တရုတ်နိုင်ငံရှိ ဂျပန် စစ်တပ်များ၏ စစ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့၇လေသည်။
ထိုစဉ်က တရုတ်နိုင်ငံရှိ ဂျပန်စစ်အရာရှိများ၏ မှတ် တမ်းများကိုစစ်ဆေး၍ ကွမ်တန်စစ်တပ်၏ ရည်မှန်းချက်များကို သဘောမကျ သူများအား ရာထူးမှ ဖြုတ်ချခဲ့လေသည်။ ၁၉၃၈ ခုနှစ်တွင် တိုဂျိုသည် နိုင်ငံရေးတွင် ဝင်ရောက် ဆောင်ရွက်သည်။ ဒုတိယစစ်ဝန်ကြီးရာထူးကို လအနည်း ငယ်ခန့် လုပ်ကိုင်ရပြီးနောက် ၁၉၄၀ ပြည့်နှစ်တွင် စစ်ဝန်ကြီး ဖြစ်လာလေသည်။ စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ် ဂျပန်၊ ဂျာမန်၊ အီတလီ ဝင်ရိုးတန်းသုံးနိုင်ငံ မဟာမိတ်စာချုပ်ကို ဖြစ်မြောက်အောင် ကူညီခဲ့သည်။ ထိုစဉ်က နန်းရင်းဝန်မှာ ကိုနို ယေး ဖြစ်လေသည်။
၁၉၄၁ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံရလေသည်။ ထို့အပြင် တိုဂျိုသည် စစ်ဦးစီးချုပ်အဖြစ် လည်း တွဲဘက် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဝန်ကြီးချုပ်က စစ်ဦးစီးချုပ်ရာထူးကို ယူထားသည်မှာ ဂျပန်ဥပဒေနှင့် ဆန့် ကျင်နေလေသည်။ သို့သော်လည်း တိုဂျိုမှာ အာဏာရှင်တစ်ပိုင်း ဖြစ်နေရာ မည်သူမျှ အတိုက်မခံမပြုဝံ့ခဲ့ချေ။
တိုဂျို နန်းရင်းဝန်ဖြစ်၍ တစ်လခွဲခန့် ရှိသောအခါ၊ ဂျပန် သည် အမေရိကပိုင် ပုလဲဆိပ်ကမ်းကို စစ်လေယာဉ်ပျံများဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့လေသည်။ စစ်ဖြစ်စနှစ်များတွင် ဂျပန်တို့သည် အရှေ့အာရှတိုက်ဒေသတွင် နေရာတိုင်း၌ အောင်မြင်ခဲ့ကြသော် လည်း၊ ၁၉၄၃-၁၉၄၄ ခုနှစ်များသို့ ရောက်လာသောအခါ နေရာအနှံ့အပြားတွင် အရေးနိမ့်လျက် ရှိလေတော့သည်။ တိုဂျို အစိုးရမှာလည်း တစ်နေ့တစ်ခြား လူကြိုက်နည်းလာလေရာ၊ ၁၉၄၄ ခုနှစ်အတွင်း၌ ဂျပန်ပိုင် ဆိုင်ပန်ကျွန်း ကျဆုံးသည်တွင် တိုဂျိုရာထူးမှ နုတ်ထွက်ခဲ့၇လေသည်။
၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်တပ်များက ဂျပန်ကျွန်းကို တက်ရောက်ပြီးသောအခါ တိုဂျိုသည် ရန်သူ့ အဖမ်းမခံလိုသဖြင့် မိမိကိုယ်ကို သေနတ်နှင့်ပစ်၍ အဆုံးစီရင် ရန် ကြိုးစားခဲ့၏။ သေနတ်ဒဏ်ချက်မှာ အတော်ပင်ပြင်းထန် သော်လည်း အမေရိကန် ဆရာဝန်များက ကုသပေး၍ ပြန်လည် ကျန်းမာလာသဖြင့် သူ၏ရည်ရွယ်ချက်လည်း အထမမြောက် ခဲ့ချေ။ အမေရိကန်စစ်ခုံရုံးက တိုဂျိုအား စစ်ရာဇဝတ်ကောင် တစ်ဦးအဖြစ် တရားစွဲဆိုစစ်ဆေးပြီးနောက် သေဒဏ်အပြစ်ပေး ကာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အဆုံးစီရင် လိုက်လေသည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)