ဟာဝိုင်ယီကျွန်းစု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟာဝိုင်ယီကျွန်းစု[ပြင်ဆင်ရန်]

ဟာဝိုင်ယီကျွန်းစု သည်ပစိဖိတ်သမုဒ္ဒရာတွင်း၌ တည်ရှိ၍ အမေရိကန်ပြည်ထောင်စုဝင်ပြည်နယ် တစ်နယ်လည်းဖြစ်သည်။ အရှေ့ဘက်ရှိမြောက်အမေရိကတိုက်မှလည်းကောင်း၊ အနောက်ဘက်ရှိ အာရှတိုက်မှလည်းကောင်း၊ မိုင်၂ဝဝဝ ကျော်စီကွာဝေးသည်။ အကြမ်းအားဖြင့်အနောက် လောင်ဂျီတွဒ် ၁၅၄ံ ၄ဝမိနစ်မှ ၁၆၂ံအတွင်းနှင့်မြောက်လတ္တီတွဒ် ၁၈ံ ၅၅မိနစ်မှ ၂၃ံအတွင်း တည်ရှိလေသည်။ ဟာဝိုင်ယီကျွန်းစုတွင် ကျွန်းပေါင်း ၂ဝကျော်ပါဝင်၍ ရေပြင်၌ပေ ၁၉ဝဝ ကျော်တန်း လျက်တည်ရှိသည်။ လူနေအိမ်ခြေရှိ၍ အကြီးမားဆုံးသောကျွန်းများမှာ ရှစ်ကျွန်းသာဖြစ်သည်။ ယင်းကျွန်းကြီးရှစ်ကျွန်း၏ အမည်နှင့်အကျယ်အဝန်းမှာ အောက်ပါအတိုင်းဖြစ်သည်။


ကျွန်းအမည်၊ အရှည်၊ အကျယ်၊ အကျယ်အဝန်း[ပြင်ဆင်ရန်]

ဟာဝိုင်ယီကျွန်း ၉၃ မိုင် ရ၆ မိုင် ၄ဝ၃ဝ စတုရန်းမိုင်
မာအူးအီးကျွန်း ၄၈ ။ ၂၆ ။ ရ၂၈ ။
အိုအာဟူးကျွန်း ၄၄ ။ ၃ဝ ။ ၆ဝ၄ ။
ကာအူးအီးကျွန်း ၃၃ ။ ၂၅ ။ ၅၅၅ ။
မိုလိုကာအီးကျွန်း ၃၈ ။ ၁ဝ ။ ၂၆ဝ ။
လာနာအီးကျွန်း ၁၈ ။ ၁၃ ။ ၁၄၁ ။
နီအီးဟအူးကျွန်း ၁၈ ။ ၆ ။ ရ၂ ။
ကာဟူးလာဝီးကျွန်း ၁၁ ။ ၆ ။ ၄၅ ။


ကျန်ကျွန်းများမှာ အနောက်မြောက်ဘက်ရှိ မစ်ဒဝေးကျွန်း၊နီးဟိုးအားကျွန်း၊ နက္ကာကျွန်း၊လေ စန်ကျွန်း၊ ကူးရေးကျွန်း၊ စသည်တို့နှင့် တောင်ဘက် ရိပယ်မိုင်းရားကျွန်းနှင့် ဂျွန်စတန်ကျွန်းတို့ဖြစ်ကြသည်။ ကျွန်းကြီးရှစ်ကျွန်း၏ မြေပြင်အကျယ်အဝန်းမှာ ၆၄၃၅ စတုရန်းမိုင်ရှိ၍ကျန်ကျွန်းများ ၏ အကျယ်အဝန်းမှာ သုံးစတုရန်းမိုင်ပင်မပြည့်ချေ။ ထို့ကြောင့်ဟဝိုင်းယန်းကျွန်း၏ စုစုပေါင်းအ ကျယ်အဝန်းသည် ၆၄၃၈ စတုရန်းမိုင်ရှိ၍ တောင်ငူခရိုင်နှင့် ဟံသာဝတီခရိုင်နှစ်ရပ်ပေါင်း၏ အကျယ်အဝန်းခန့်ရှိလေသည်။ ဟာဝိုင်ယီကျွန်းများကိုသိပ္ပံပညာရှင်များက အစုသုံးစုခွဲကြ သည်။

  1. အရှေ့တောင်ဘက်ရှိ ကျွန်းမကြီး ရှစ်ကျွန်း
  2. အလယ်ပိုင်းရှိ ကျောက်ဆောင် အတိဖြစ်သောကျွန်းကလေးများ၊
  3. အနောက်မြောက်ဘက်ရှိ သန္တာနှင့်သဲကျွန်းများဖြစ်သည်။

ကျွန်းအားလုံးသည် သမုဒ္ဒရာပြင်ထက် ထိုးတက်လာသောမီးတောင်များ ဖြစ်သည်ဟုလည်းအယူရှိကြ၍သမုဒ္ဒရာရေစီးကြောင်းများ၊ လှိုင်းတံပိုးများရိုက်ခတ်တိုက်စားသဖြင့် အချို့တောင်များသည် သန္တာကျွန်းခွေနှင့်ကျောက်ခက်တန်းများသဖွယ် သမုဒ္ဒရာရေပြင်ပေါ်တွင်ပေါလောပေါ်လျှက်ရှိကြသည်။ ဟာဝိုင်ယီကျွန်းစုတွင်မီးတောင် ၄ဝ ခန့်ရှိသည့်အနက် မာအူးနားလိုအားနှင့်ကီလာအူးအား ခေါ်မီးရှင်တောင်နှစ်လုံးရှိသည်။ မီးတောင်နှစ်လုံးစလုံး ဟဝိုင်းအီးကျွန်းပေါ်တွင်ရှိ၍ နှစ်အနည်း ငယ်မျှသာခြားလျက် မကြာမကြာပေါက်ကွဲလေ့ရှိသည်။ယင်းသို့မီးတောင်ပေါက်၍ ချော်ရည်များသမုဒ္ဒရာထဲစီးဆင်းခြင်းဖြင့် ကျွန်းသည်လည်း တဖြည်းဖြည်းတိုးတက်ကျယ်ဝန်းလာသည်။ မာအူးနားလိုအား မီးတောင်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးမီးတောင်နှင့် ထုထယ်အကြီးဆုံးတောင်ဖြစ်သည်။ ကီလာအူးလားမီးတောင်မူကား ကမ္ဘာပေါ်တွင် မီတောင်ထိပ်ဝအချိုင့်အကြီးဆုံးမီးတောင်ဖြစ်သည်။ မာအူးအီးကျွန်းပေါ်ရှိဟာလီအာကာလာမီးတောင်မှာမူ မီးသေတောင်ဖြစ်၍မီးတောင်ထိပ်ဝသည်စတုရန်းမိုင် ၂ဝကျယ်ရကားကမ္ဘာပေါ်ရှိ မီးသေတောင်များအနက်အကြီးဆုံး ထိပ်ဝချိုင့်ရှိသော မီးသေ တောင် ဖြစ်သည်။ ဟာဝိုင်ယီကျွန်းများသည် ပင်လယ် ရေမျက်နှာပြင်အောက် ပေ ၁၅ဝဝဝမှ ပေ ၁၈ဝဝဝ အထိရှိသောအောက်ခြေတွင် မီးတောင်များအဆင့်ဆင့် ပေါက်ကွဲစတင်ဖြစ်ပေါ်လာ၍ ကျွန်းမြေပြင် များသည်လည်းတောင်ထူထပ်သည်။ အမြင့်ဆုံးတောင်ထိပ်မှာ မာအူးနားကီးအားတောင်ဖြစ်၍ ၁၃ရ၈၄ဝဝ မြင့်သည်။ မြေမျက်နှာပြင်သည် ချော်မြေဖြင့်ပြီးရကား နိုက်ထရိုဂျင်ဓာတ်ပေါကြွယ် ဝသည်။ သို့ရာတွင် ကျောက်မီးသွေးစသော ဓာတ်သတ္တုများကိုကားမတွေ့ရချေ။ မအူးနားလိုအား၊ ကီလာအူးအားနှင့် မာလီအားကာကားမီးတောင်များတစ်ဝိုက်၌ ၁ရ၃၄ဝ၅ ဧကခန့်ရှိသောမြေကို၁၉၆၁ ခုနှစ်မှစ၍ ဟာဝိုင်ယီအမျိုးသားဥယျဉ် အဖြစ်ပြုစုပျိုးထောင်ထားလေသည်။ ကျွန်းအတော်များများ၏ကမ်းရိုးတန်းများတစ်လျှောက် တွင် သန္တာကျောက်တန်းများဖြစ်ပေါ်နေသဖြင့် ဟိုနိုလူလူနှင့်ပါးလဟာဗာမြို့များမှတစ်ပါးအခြားသင်္ဘောဆိပ်မြို့ ကောင်းကောင်းမရှိချေ။ကမ်းရိုးတန်းနှင့်တောင်တန်းများ ကြားတွင် မြေဩဇာကောင်းသော ကမ်းမြောင်ဒေသများရှိသည်။ ယင်းဒေသများတွင်စိုက်ခင်းများ၊ မွေးမြူရေးခြံများ ပြုလုပ်ကြသည်။

ဟာဝိုင်ယီကျွန်းမကြီးများသည် ဥတ္တရယာဉ်စွန်းတန်း၏တောင်ဘက်တွင်တည်ရှိသော်လည်း အရှေ့မြောက်ရာသီလေတိုက်ခတ်သောကြောင့်တစ်နှစ်ပတ်လုံး အပူချိန်သက်သာသည်။ ရာသီဥတုမျှ တသည်။ တစ်နှစ်ပတ်လုံးလည်း အသီးအနှံများကိုစိုက်ပျိုးနိုင်သည်။ ဟာဝိုင်ယီကျွန်းတွင်ကမ္ဘာပေါ်၌မိုးအများဆုံးရွာသော ဒေသလည်းရှိသည်။ ယင်းမှာ အာအူးအီးကျွန်းရှိ ဝါအာလီအာလီတောင် ဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင်မိုးရေချိန်လက်မ ၄ဝဝကျော်ရွာသည်။ တစ်ခါတစ်ရံလက်မ ၆ဝဝ ကျော်ရွာသောနှစ်များပင်ရှိခဲ့သည်။ သို့ရာတွင်ထိုတောင်နှင့် ၁၅ မိုင်သာဝေးသောဒေသတွင်မူ တစ်နှစ် လျှင်မိုးရေချိန်လက်မ ၂ဝခန့်သာရွာသည်။ ဟာဝိုင်ယီကျွန်းများသည် သမုဒ္ဒရာအတွင်းမှ ကျွန်းများ ဖြစ်သော်လည်း အခြားကျွန်းများကဲ့သို့ ဟာရီကိန်းခေါ်ခေါင်လေကြမ်း၊ တောနာဒိုခေါ် လေဆင်နှာမောင်းတို့ မည်သည့်အခါမျှကျခြင်း မရှိချေ။ မြေငလျင်မူကားလူတို့သိသာလောက်အောင် ပြင်းထန် စွာလှုပ်ခြင်းမျိုးအလွန်နည်းသော်လည်း မကြာခဏ လှုပ်တတ်သည်။ ဟာဝိုင်ယီကျွန်းရှိ မြေအားလုံး၏ ၄ဝ ရာခိုင်နှုန်းကိုမွေးမြူရေးအတွက်အသုံးပြုထား၍ ၂၅ ရာခိုင်နှုန်းသည် သစ်တောကြိုးဝိုင်းများဖြစ်သည်။ ခုနစ်ရာခိုင်နှုန်းသည် စိုက်ခင်းများဖြစ်လေသည်။ မီးတောင်များမှထွက်သော ချော်များကြောင့် မြေဩဇာကောင်းရကား ပန်းပင်များ၊ သီးပင်များ အလွန်ဖြစ်ထွန်းသည်။ တောင်စောင်းများ၌ အပူပိုင်းဒေသသစ်တောများပေါက်ရောက်လျက်ရှိသည်။ စန္ဒကူး၊ ကရမက်စသောအမွှေးနံ့သာပင်တို့ အများအပြားပေါက်သည်။ ၁ရ၉၂ ခုနှစ်မှ ၁၈၃ဝ ပြည့်နှစ်အထိ အမွှေးနံ့သာပင်များကိုခုတ်လှဲကာတရုတ်နိုင်ငံသို့တင်ပို့ ရောင်းချခဲ့ရာထိုစဉ်ကဟဝိုင်းယန်းကျွန်းများပေါ်သို့မျက်နှာဖြူ လူမျိုးများ မရောက်မီကပင်ဟာဝိုင်ယီကျွန်း၏အဓိက စိုက်ပင်ဖြစ်သောကြံပင်ကိုစိုက်ပျိုးခဲ့ကြသည်။ ကြံစိုက်ခင်းသည် လယ်ယာမြေ၏၃/၄ခန့်ရှိသည်။ ဟာဝိုင်ယီကျွန်းမှတနှစ်လျှင် ကြံတန်ချိန်တစ်သန်းကျော်ထွက်သည်။နာနတ်ပင် စိုက်ပျိုးခြင်းသည် ဟာဝိုင်ယီကျွန်း၏ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်သည်။ မြေဧကပေါင်း ရဝဝဝဝကျော်ကိုနာနတ် ပင်စိုက်ပျိုးရာ၌စိုက်ခင်းအဖြစ်အသုံးပြု၍ တစ်နှစ်လျှင် နာနတ်သီးပေါင်း ၂၅ သန်းကျော်ထွက် သည်။ တတိယအကြီးကျယ်ဆုံး ငွေအဝင်ဆုံးလုပ်ငန်းမှာ နိုင်ငံခြားခရီးသည်များအတွက်ဧည့်ကြို လုပ်ငန်းဖြစ်သည်။ ဟာဝိုင်ယီကျွန်းသည်ရှုခင်းသာရုံမက ရာသီဥတု ကောင်းသဖြင့်တစ်နှစ်လျှင် နိုင်ငံခြားဧည့်သည် ခြောက်သောင်းထက်မနည်းလာရောက်လေသည်။ ဟာဝိုင်ယီကျွန်းများပတ်လည်ရှိ ရေပြင်တွင် လင်းပိုင်စသောရေနက်ပိုင်း၌နေသောငါးများနှင့် အရောင်အသွေးအလွန်လှပ သောငါးကလေးပေါင်းအမျိုး ၆၅ဝ ခန့်တွေ့ရသည်။ ကျွန်းများပေါ်၌အမွှေးအတောင်အရောင်အဆင်း လှပသော အပူပိုင်းဒေသငှက်မျိုးစုံကို တွေ့နိုင်သည်။ ရှေးခေတ်ဟာဝိုင်ယီတိုင်းရင်းသားများသည်ငှက်မွေးငှက်တောင် များကိုအဆင်တန်ဆာ အဖြစ်အသုံးပြုခဲ့ကြသည်။ ငှက်များကိုအမွေးအတောင်အလို့ငှာသတ်ဖြတ်ကြသဖြင့် ငှက်မျိုးအတော် များများပြုန်းခဲ့ရသည်။ ၁၉ရဝ ပြည့်နှစ်သန်းခေါင်စာရင်းအရ ဟာဝိုင်ယီကျွန်းစု၏လူဦးရေသည် ရ၆၉၉၁၃ ယောက်ဖြစ်သည်။ အများစုမှာဂျပန်နှင့်ကော့ကေးရှပ်လူမျိုးများဖြစ်သည်။အိုအားဟူး ကျွန်းတောင်ဘက်ကမ်းခြေပေါ်၌တည်ရှိသောဟိုနိုလူလူမြို့သည် မြို့တော်ဖြစ်၍ ဟာဝိုင်ယီကျွန်း အနောက်ဘက်ကမ်းပေါ်ရှိ မီလိုမြို့သည်သင်္ဘောဆိပ်မြို့ကြီးဖြစ်သည်။ ဟိုနိုလူလူမြို့သည် သင်္ဘောဆိပ်မြို့ကြီးဖြစ်သည်။ ဟိုနိုလူလူမြို့တွင်လူဦးရေ ၂၉၄၁၉၄ ယောက်ရှိ၍မီလိုမြို့တွင် ၂၅၉၆၆ ယောက်ရှိသည်။ ဟာဝိုင်ယီကျွန်းစုမှတိုင်းရင်းသားများသည် အသားညို၍မျက်လုံးနက်ပြီးပြူးသည်။ မျက်နှာ ပေါက်ပါးပါးလျားလျားမရှိ။အရပ်အမောင်းမြင့်၍ အသားအရေဆူဖြိုးလေ့ရှိကြသည်။ ခရစ်နှစ် ၁ရဝဝ ကျော်ခန့်ကမျက်နှာဖြူလူမျိုးများဟာဝိုင်ယီကျွန်းများပေါ်သို့ မရောက်မီ တိုင်းရင်းသားလူမျိုး ၃ဝဝဝဝဝဝ ခန့်ရှိသည်။ ယခုမူဟာဝိုင်ယီတိုင်းရင်းသား၁၂ဝဝဝနှင့်ဟာဝိုင်ယီသွေး စပ်သူ ၈ဝဝဝဝခန့်သာရှိတော့သည်။ ဟာဝိုင်ယီကျွန်းစု၌ ကြံခင်းများ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ရာ ယင်းလုပ်ငန်းကို လုပ်ကိုင်ရန် တရုတ်၊ ဂျပန်၊ ပေါ်တူဂီ၊ ဂျာမန်၊ ဣတာလျံ၊ ကိုးရီးယန်း၊ ဖိလစ်ပိနို၊ ရုရှစသောလူမျိုးပေါင်းစုံဝင်ရောက်လာခဲ့ရာ ယခုအခါဟာဝိုင်ယီကျွန်းသည် ကမ္ဘာ့လူမျိုးပေါင်းစုံ စုဝေးရာ ဒေသဖြစ်နေလေသည်။ ဟာဝိုင်ယီကျွန်းများပေါ်ရှိ လူအားလုံးလိုလိုပင် အင်္ဂလိပ်ဘာသာ စကားကိုပြောဆိုကြသည်။ သို့ရာတွင်ဟာဝိုင်ယီဘာသာစကားကိုပါညှပ်၍ ပြောဆိုလေ့ရှိ ကြသည်။ ဟာဝိုင်ယီအက္ခရာစဉ်တွင် အေ၊ အီး၊ အိပ်ချ၊ အိုင်၊ ကေ၊ အယ်၊ အမ်၊ အန်၊ အို၊ ပီ၊ ယူ၊ ဒဗလျူစသောအက္ခရာ ၁၂လုံးသာပါသည်။ စကားလုံးတိုင်းသရသံဖြင့်ဆုံးသည်။ မျက်နှာဖြူလူမျိုးများလာရောက်မနေထိုင်မီက တိုင်းရင်းသားလူမျိုးများသည်ယောက်ျားများက မာလိုခေါ်နံငယ်ကိုဝတ်၍ မိန်းမများကပါ အူးခေါ်သင်တိုင်းတိုကလေးများကိုဝတ်ဆင်ကြသည်။ ယခုမူအမျိုးသမီးများက ညဉ့်ဝတ်ရုံကဲ့သို့သော ပွပွရှည်ရှည်ဂါဝန်များကိုဝတ်၍ အမျိုးသားများက ရောင် စုံရက်လုပ်ထားသောစပို့ရှပ်အင်္ကျီကို ဗောင်းဗီအပြင်ထုတ်၍ဝတ်ကြသည်။ ယင်းသို့ဗောင်းဗီအပြင် ထုတ်ဝတ်ကြသောအင်္ကျီပုံစံကိုပင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ ဟာဝိုင်ယီရှပ်ဟုခေါ်တွင်လျက်ရှိ လေ သည်။ ဟာဝိုင်ယီကျွန်းစု၏ကူးသန်းသွားလာရေးတွင် လေကြောင်းခရီးကိုအဓိကထား၍အသုံးပြုကြသည်။ ကျွန်းတစ်ကျွန်းမှတစ်ကျွန်းသို့ကူးသန်းသွားလာရာ၌ ကမ်းရိုးတစ်လျှောက်သန္တာကျောက်တန်းများကြောင့် အသွားအလာမလွယ်သဖြင့် အမြန်ဆုံး ခရီးအတွင် ဆုံးလေကြောင်းခရီးကိုပင်အသုံးပြုကြလေသည်။ ကျွန်းတွင်းသွားလာရာ၌ ကတ္တရာလမ်းမိုင် ၁,၃ဝဝ ခန့်ဖောက်လုပ်ထား၍ မော်တော်ကား၊ ထရော်လီကားတို့ကိုအသုံးပြုကြသည်။ မီးရထားလမ်းကိုမူ ၁၈ဝဝ ပြည့်နှစ်ကျော်ကျော်က အိုအားဟူးကျွန်းတွင် စတင်ဖောက်လုပ်ခဲ့သော်လည်းယခုအခါလုံးဝအသုံးမပြုတော့ချေ။ ဟာဝိုင်ယီကျွန်းစုသည်ပတ်ဝန်းကျင်တွင်ရှုမျှော်ခင်း လှပသဖြင့် ထိုကျွန်းသူကျွန်းသားတို့၏ အနုပညာလက်ရာများသည်လည်း လှပသည်။ လက်ရာမြောက်ကျွမ်းကျင်သောအနုပညာသည် အများအပြားလည်း ထိုကျွန်းများမှထွက်သည်။ ဟာဝိုင်ယီကျွန်းသူကျွန်းသားများသည် သစ်ပန်းပုထုခြင်း၊ တောင်းရက်ခြင်း၊ဖန်ထည်ပန်းဖေါ်ခြင်း၊တိုင်းရင်းထွက် သစ်ဖြင့်ပရိဘောဂလုပ်ခြင်း၊အထည်ပန်းဆင်ပြင်ခြင်းစသောပညာ တို့၌ကျွမ်းကျင်ကြသည်။ ဟာဝိုင်ယီကျွန်းသူကျွန်းသားများ၏ ဟူလာအကသည် ကမ္ဘာကျော်သည်။ ဟာဝိုင်ယီကျွန်းစုတွင်ကမ္ဘာပေါ်၌ထင်ရှား၍ လူကြည်ညိုများသောအယူဝါဒတိုင်းလိုလိုသက်ဝင်ယုံကြည်သူ အနည်းနှင့်အများဆိုသလို ရှိသည့်အနက် ရောမကက်သလစ်ဂိုဏ်းဝင်နှင့်ဗုဒ္ဓဝါဒီအများဆုံးဖြစ်သည်။ ဟာဝိုင်ယီကျွန်းစု၌ ဦးစွာနေထိုင်ကြသူများသည် ခရစ်နှစ် ၅ဝဝခန့်ကစ၍ ဆမိုးဝါးကျွန်းမှ ပြောင်းရွှေ့လာရောက်နေထိုင်ကြသူများဖြစ်သည်ဟုဆိုသည်။ ပထမဆုံးလာရောက်နေထိုင်သူမှာဟာဝိုင်ယီ လိုအားဆိုသူ ဖြစ်ကြောင်းဖြင့်ပြောကြသည်။ သူ၏အမည်ကိုယူ၍ ဟာဝိုင်ယီကျွန်းများ အနက်အ ကြီးဆုံးကျွန်းကို ဟာဝိုင်ယီကျွန်းဟု မှည့်ခေါ်သည်ဟုလည်းဆိုကြလေသည်။ ဟာဝိုင်ယီကျွန်းစုကို စပိန်လူမျိုးဟွန်ဂအေးတာနိုးက ခရစ်၁၅၅၅ ခုနှစ်တွင် စတင်တွေ့ရှိသည်ဟု အချို့သမိုင်းဆရာတို့ကဆိုကြသည်။ သို့ရာတွင်သမိုင်းသုတေသီ အတော်များများကမူ ၁ရရ၈ ခုနှစ်ဇန်နဝါရီလတွင်မှ ကက်ပတိန်ဂျိမ်းကွတ်ဆိုသူ အင်္ဂလိပ်လူမျိုးစူးစမ်းရှာဖွေသူက တွေ့ရှိ၍ သူ၏ကျေးဇူးရှင်ဆင်းဒဝစ်ကို ဂုဏ်ပြုသောအားဖြင့်ထိုကျွန်းများကို ဆင်းဒဝစ်ကျွန်း ဟူ၍ မှည့် ခေါ်ခဲ့သည်ဟု ယူဆကြသည်။ ၁ရ၉၂ခုနှစ်တွင် ကက်ပတိန်ကွတ်၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျာ့ဗန်ကူး ဗားသည် ဟာဝိုင်ယီကျွန်းသို့ ရောက်လာသောအခါ ထိုကျွန်း၌ပထမ ကာမီဟာမီဟာဘုရင်ကြီးမှူး အုပ်ချုပ်နေသည်။ ၁ရ၉၅ ခုနှစ်တွင်ကျွန်းနှစ်ကျွန်းမှအပ ဟာဝိုင်ယီကျွန်းအားလုံးကို စုစည်းအုပ် ချုပ်နိုင်ခဲ့ရာ အစိုးရတစ်ခုတည်းအောက်သို့ စည်းလုံးရောက်ရှိလာခဲ့သည်။ ၁၈၁ဝ ပြည့်နှစ်တွင် ကျွန်းနှစ်ကျွန်းပါ စုစည်းနိုင်သည်။ ၁၈၂ဝ ပြည့်နှစ်တွင် ဒုတိယဟာမီဟာမီဟာဘုရင်လက်ထက်၌ ဥရောပနှင့်အမေရိကတိုက်များမှ သာသနာပြုများရောက်ရှိ၍ ခရစ်ယန်အယူဝါဒပြန့်ပွားလာသည်။ ၁၈၄၅ ခုနှစ်လောက်မှစ၍ တိုင်းရင်းသားများသည် သာသနာပြုများ၏ဆောင်ရွက်မှုဖြင့်စာရေးစာဖတ်အတော်အတန် တတ်မြောက်လာကြ၏။ ဒုတိယကာမီဟာမီဟာသည် ပထမကာမီဟာမီ လောက်တိုင်းပြည်အုပ်ချုပ်ရာ၌ မလိမ်မာသော်လည်း ပထမကာမီဟာမီဟာ၏ မိဖုရားတစ်ဦးက ရှေ့ဆောင်ရှေ့ရွက် အကြံဉာဏ်ကောင်းများပေးသဖြင့် တိုင်းပြည်မှာလူးလူးလဲလဲမဖြစ်လှချေ။ သို့ရာ တွင်ဟာဝိုင်ယီကျွန်းသို့နိုင်ငံခြားသားများအဝင်အထွက် များလာလေလေ၊ နိုင်ငံရေးရှုပ်ထွေးလာလေလေဖြစ်လာခဲ့သည်။ အမေရိကန်တို့ကဟာဝိုင်ယီကျွန်း၌အမေရိကန်ကိုယ်စားလှယ် တစ်ဦးခန့်ထားလာ၍ ရုရှတို့ကလည်း ရုရှပိုင်ကျွန်းအဖြစ် တောင်းဆိုလာကြသည်။ နောက်ဆုံး၌ ဒုတိယ ကာမီဟာမီဟာနှင့်မိဖုရားတို့သည် ၁၈၂၃ ခုနှစ်တွင်ဟာဝိုင်ယီကျွန်းအတွက် အကာအကွယ်တောင်း ဆိုရန်အင်္ဂလန်နိုင်ငံသို့သွားရောက်လည်ပတ်ကြသည်။ အင်္ဂလန်နိုင်ငံ၌ပင်နှစ်ဦးစလုံးကွယ်လွန်သွားလေသည်။ ဒုတိယကာမီဟာမီဟာ လွန်ပြီးနောက် ညီတော်တတိယကာမီဟာမီဟာ( ၁၈၂၄·၅၃)ကဆက်ခံ အုပ်ချုပ်သည်။ သူ့လက်ထက်တွင် ဟာဝိုင်ယီကျွန်းသည် ပြင်သစ်တို့လက်တွင်းသို့ ကျရောက်မည်ကဲ့သို့ဖြစ်လာသဖြင့် ပြင်သစ်၊ အင်္ဂလန်နှင့်အမေရိကန်ပြည်ထောင်စုနိုင်ငံများသို့ သံတမန်များစေ လွှတ်စေ့စပ်ရာ အခက်အခဲကို အောင်မြင်ခဲ့သည်။ စတုတ္ထကာမီဟာမီဟာ ( ၁၈၅၄·၆၃) ဘုရင်လက်ထက်တွင်ဟာဝိုင်ယီကျွန်း၌ ဆန်စပါးစိုက်ပျိုးရေး စတင်၍လုပ်ကိုင်သည်။နိုင်ငံရပ်ခြားမှ ဆန်စပါး စိုက်ပျိုးရေးအတွက် အလုပ်သမားများ ခေါ်ယူလိုသဖြင့် နိုင်ငံခြားသားများဝင်ရောက်နေထိုင် ရေးကိုအားပေးသည်။ များသောအားဖြင့်ဂျပန်၊ အင်ဒိုနီးရှား၊ တရုတ်စသော လူမျိုးများလာရောက်နေ ထိုင်ကြသည်။ စတုတ္ထကာမီဟာမီဟာလွန်သော် သူ၏နောင်တော်သည် ပဉ္စမကာမီဟာမီဟာဟူသောဘွဲ့ဖြင့်နန်းတက်သည်။ ထိုမင်းသည်အာဏာကိုများများသုံး၍ ပြည်သူတို့အားတင်းတင်း ကြပ်ကြပ်အုပ်ချုပ်သည်။၁၈ရ၃ ခုနှစ်တွင်ပဉ္စမကာမီဟာမီဟာ လွန်သော်အထွေထွေရွေးကောက်ပွဲဖြင့် ဟာဝိုင်ယီကျွန်းသမိုင်း၌ ပထမဆုံးရွေးကောက်တင်မြှောက်ခြင်းခံရသော လူနာလီလိုနန်း တက်သည်။ နောက်တစ်နှစ်အကြာတွင် လူနာလီလိုလွန်လျှင် ကာလာကာအူးအားကိုရွေးချယ်တင်မြှောက်ကြရာ ကာလာကာအူးအားသည် ၁၈၉၁ ခုနှစ်အထိနန်းစံသည်။ သူ့လက်ထက်တွင်ဟ ဝိုင်းယန်းကျွန်းထွက်သကြားများကို အမေရိကန်နိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုရန် စာချုပ်ပြုလုပ်သည်။ ယင်းအခွင့်အရေးအတွက် အပြန်အလှန်အားဖြင့် ဟာဝိုင်ယီအစိုးရက အမေရိကန် အစိုးရအား ပါးလဟာဗာကို ရေတပ်စခန်းအဖြစ် ဖွင့်လှစ်ခွင့်ပေးရလေသည်။ ကာလာကာအူးအားမင်းလွန်သော်နှမတော် လီလီအူးကာလာနီ နန်းတက်သည်။ လီလီအူးကာ လာနီသည် အာဏာကိုတစ်ဦးတည်းလက်ဝယ် သိမ်းပိုက်အုပ်ချုပ်ရန် ကြိုးစားသည်။ ထိုအခါလူထုက မခံမရပ်နိုင်ဖြစ်ကာ ၁၈၉၃ ခုနှစ်တွင်လီလီအူးကာလာနီကို နန်းချ၍ ၁၈၉၄ ခုနှစ်တွင် ဟာဝိုင်ယီသမတနိုင်ငံထူထောင်လေသည်။ ၁၈၉၈ ခုနှစ်တွင် ဟာဝိုင်ယီကျွန်းများကို အမေရိကန်ပြည် ထောင်စုအတွင်းသို့နယ်တစ်နယ်အဖြစ်သွတ်သွင်းသိမ်းယူ လိုက်သည်။ သို့ရာတွင် ပြည်နယ်အဖြစ်သို့ကား မရောက်ရှိသေးချေ။ ထိုအချိန်မှစ၍ ဟာဝိုင်ယီကျွန်း၏ဘုရင်ခံ၊ တရားဝန်ကြီးစသည်တို့ ကိုအမေရိကန်သမတက ရွေးချယ်ခန့်ထားလေသည်။ ၁၉၄၁ ခုနှစ်ဒီဇင်ဘာလ ရ ရက်နေ့တွင် ဂျပန်တို့သည်မည်သို့မျှစစ်မကျေညာဘဲ ဟာဝိုင်ယီကျွန်းရှိ အမေရိကန် ရေတပ်စခန်းဖြစ်သော ပါးလဟာဗာမြို့ကို ရုတ်တရက်ဗုံးကြဲတိုက်ခိုက်သဖြင့်အကြီးအကျယ် ပျက်စီးခဲ့ရသည်။

၁၉၅၉ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် ဟာဝိုင်ယီကျွန်းစုကိုအမေရိကန်ပြည်ထောင်စု၏ ၅ဝ မြောက် ပြည်နယ်အဖြစ် အသိအမှတ်ပြုသည့် ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်လေသည်။ ထိုနှစ်မတ်လ ၁၈ ရက်နေ့တွင်အမေရိကန်သမတ ဒွိုက်ဒီအိုက်ဆင်ဟောင်ဝါက ထိုဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဩဂုတ်လ ၂၁ ရက်နေ့တွင်တရားဝင် ကျေညာခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)