ဟယ်လီဂိုလန်ကျွန်း

ဝီကီပီးဒီးယား မှ

ဟယ်လီဂိုလန်ကျွန်း[ပြင်ဆင်ရန်]

ဟယ်လီဂိုလန်ကျွန်းသည် မြောက်ပင်လယ်တွင်တည်ရှိသော အနောက်ဂျာမနီပိုင် ကျွန်းငယ်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁/၃ စတုရန်းမိုင် မျှသာရှိသည်။ ကျွန်းကမ်းခြေတစ်လျှောက်တွင် အရှေ့တောင်ဘက်ပိုင်းမှလွဲ၍ ပေ ၂ဝဝခန့်မြင့်မားသော သဲကျောက် ကမ်းပါးယံတို့ ကာရံလျက်ရှိသည်။ ဂျာမနီနိုင်ငံ အဲ့လဗမြစ်ဝ အနောက်မြောက်ဘက် ၄၄ မိုင်ကွာ ဝေးသည်။ ဟယ်လီဂိုလန်ကျွန်းသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့အတွက်အလွန်အရေးပါ အရာရောက်သော ရေတပ်စခန်းဖြစ်ခဲ့ခြင်းကြောင့် မြောက်ပင်လယ်မှဂျီဗရောတားခံတပ်ဟူ၍ပင် ခေါ်စမှတ် ပြုကြသည်။ ၁၈ဝရ ခုနှစ်တွင် ဂရိတ်ဗြိတိန်နိုင်ငံသည် ထိုကျွန်းကို ဒိန်းမတ်နိုင်ငံမှ ရရှိခဲ့သည်။ တစ်ဖန် ၁၈၉ဝ- ပြည့်နှစ်မှစ၍ ထိုကျွန်းကိုဂျာမနီတို့ကပိုင်ခဲ့သည်။ ဂျာမန် တို့သည်မိမိတို့၏ ဆိပ်ကမ်းမြို့များနျင့် ကီးတူးမြောင်းကို ကာကွယ်ရန်အတွက် ဟယ်လီဂိုလန်ကျွန်းကို ခံတပ်အဖြစ် အခိုင်အခံ့စီမံထားခဲ့ကြလေသည်။


ပထမကမ္ဘာစစ်(၁၉၁၄-၁၈) ပြီးသည့်နောက် ၁၉၁၉ခုနှစ်တွင် ဗာဆေးစာချုပ်အရ ဂျာမန်တို့သည် ထိုကျွန်းရှိ ခံတပ်ကို ဖျက်သိမ်းခဲ့ကြရသည်။ ဂျာမနီနိုင်ငံတွင် ဟစ်တလာ ကြီးစိုးလာသောအခါ ထိုကျွန်း၌ ခံတပ်အသစ် တည်ဆောက်ခဲ့ပြန်သည်။ ထိုကြောင့် ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅) အတွင်းက မဟာမိတ်လေတပ်သည် ထိုကျွန်းကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၉၄၅ ခုနှစ်မေလတွင် ကျွန်းပေါ်ရှိ ဂျာမန်တပ်သည် ဗြိတိသျှတို့ထံတွင် လက်နက်ချအညံ့ခံကြလေသည်။ ၁၉၄၇ ခုနှစ်ဧပြီ လတွင် ဗြိတိသျှရေတပ်က ကျွန်းပေါ်ရှိ ခံတပ်အစီအမံရှိသမျှတို့ကို အပြီးသတ်ဖောက်ခွဲဖျက်ဆီးပစ် ခဲ့ကြလေသည်။ ၁၉၅၂ ခုနှစ်သို့ရောက်သောအခါ ဟယ်လီဂိုလန်ကျွန်းကို အနောက်ဂျာမနီအစိုးရလက်သို့ ပြန်လည် ပေးအပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်ကထိုကျွန်းပေါ်တွင် နေထိုင်သူ ဦးရေမှာ ၂၅၈၈ ယောက်ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)