ဟန်ဂျီ

ဟန်ဂျီသည် ကိုရီးယားရိုးရာစက္ကူအမျိုးအစားဖြစ်သည်။ ဟန်ဂျီမှ "ဟန်"သည် ကိုရီးယားဟု အဓိပ္ပါယ်ရ၍ "ဂျီ"သည် စာရွက်ကိုဆိုလိုသည်။[၁] ဟန်ဂျီကိုကိုရီးယားနိုင်ငံတွင်သာ ပေါက်ရောက်သော ပိုးစာပင်၏ ပျော့ဖတ်မှပြုလုပ်သည်။ ပိုးစာပင်သည် ကိုရီးယားနိုင်ငံ၏ ကျောက်ဆောင်များ ထူထပ်သောတောင်နံရံများတွင် ပေါများစွာ ပေါက်ရောက်သည်။ ကိုရီးယားပိုးစားပင်၏အမျှင်သည် အာရှရှိ အခြားနွေးသောဒေသများတွင် ပေါက်ရောက်သောပိုးစာပင်များထက် ရှည်လျား၍ ကွေးညွတ်လွယ်သည်။ အေးသောကာလများတွင် ခုတ်လှဲပါက သန်မာသော အမျှင်များကို ရရှိနိုင်သည်။[၂]စက္ကူပြုလုပ်ရန် အကောင်းဆုံးသော ပိုးစာပင်အမျိုးအစားကို ချမ်ဒက်(참닥) ဟုခေါ်ပြီး "ပိုးစာပင်စက္ကူ အစစ်အမှန်"ဟု အဓိပ္ပါယ်ရသည်။[၃]
ဟန်ဂျီပြုလုပ်ရန်အတွက် ပထမဦးစွာ ပိုးစာပင်သစ်ခေါက်ကို တိဖြတ်သည်။ ထို့နောက် ထိုတိဖြတ်ထားသော သစ်ခေါက်များကို နာရီအနည်းငယ်ခန့်ပြုတ်သည်။ တစ်ဖန် ပြုတ်ပြီးသစ်ခေါက်များကို အခွံနွှာ၍ သန့်စင်ပြီးပါက နေလှန်းအရောင်ချွတ်ကာ အယ်ကာလီပျော်ရည်တစ်မျိုးဖြင့် ချက်သည်။နောက်တစ်ဆင့်အနေဖြင့် ထုချေ၍ ခေါင်ရန်းအမြစ်မှ ထုတ်ယူ၍ရသော အနှစ်ဖြင့်ရောသည်။ နောက်ဆုံးတွင် စက္ကူအဖြစ် ပြောင်းလဲသည်။ ဤနည်းလမ်းသည် နှစ်ထောင်ပေါင်းများစွာ ပြုပြင်မွမ်းမံလာသော ရိုးရာနည်းဖြစ်သည်။ [၄]
ထိုကဲ့သို့ ခက်ခဲ၍ရှည်လျားသော ထုတ်လုပ်မှုမှ ရရှိလာသော ဟန်ဂျီသည် အရည်အသွေး အလွန်မြင့်မားသည်။ လှပ၍ ကြာရှည်ခံကာ ပီအိတ်အမှတ်(pH) 7 ရှိသည်။ ပန်းချီရေးဆွဲခြင်း၊ လက်ရေးဆက်ရေးခြင်း၊ ပုံနှိပ်ခြင်းတို့အတွက် စံစက္ကူအမျိုးအစားဖြစ်သည်။ [၅]
ဟန်ဂျီသည် စွယ်စုံသုံးစက္ကူဖြစ်၍ စာရေးရန်အတွက်သာမက အခြားသောနယ်ပယ်များတွင်လည်း အသုံးဝင်သည်။ လယ်သမားများက အထိအခိုက်လွယ်သော အပင်များကို ကာကွယ်ရန်အတွက် ဒိုင်းအဖြစ်၊ လက်သမားများက ပြတင်းပေါက်များ တံခါးများအဖြစ်၊ လက်မှုပညာသည်များကပရိဘောဂပစ္စည်းများအဖြစ်၊ စစ်အင်ဂျင်နီယာများက စစ်သားများအတွက် ရေကာ၊ မြှားကာသော ဒိုင်းများအဖြစ် အသီးသီး အသုံးပြုကြသည်။ခေတ်သစ်ဒီဇိုင်နာများက ဟန်ဂျီကို လက်ဝတ်ရတနာနှင့် ရုပ်တုငယ်များတွင်ပါ ထည့်ဝင်သုံးစွဲလာသည်။ ကိုရီးယားလူမျိုးများ နှစ်စဉ် မေလတွင်ကျင်းပလေ့ရှိသော ဗုဒ္ဓ၏ မွေးနေ့ပွဲတွင် ဟန်ဂျီဖြင့် မီးပုံးများ ပြုလုပ်ကြသည်။[၆] ဟန်ဂျီ၏ အတွင်းဘက် အဝိုင်းထုချွန်သည် ပါးလှပ်သော အလွှာဖြစ်၍အသံကို ပဲ့တင်ပြန်စေသည်။ ထို့ကြောင့် ဟန်ဂျီကို ဆိုနိုဒိုင်း(sonodyne)ဟုခေါ်သော ကုမ္ပဏီ၏ အသံချဲ့စက်များတွင် ထည့်သွင်းအသုံးပြုသည်။နန်းကြိုးဘောင်ပတ်လည်တွင် စက္ကူများကို တစ်လွှာချင်းထပ်၍ ပြုလုပ်ရသော စက္ကူအရုပ်များ၊ စက္ကူဖြင့် ရက်လုပ်သော ခြင်းတောင်း၊ ဖိနပ်၊ ပိုက်ဆံအိတ် အစရှိသော ပစ္စည်းများ၊ သစ်သားဘောင် အတွင်းနှင့်အပြင်ကို စက္ကူလွှာများထပ်၍ ပြုလုပ်သော သေတ္တာ၊ မြားကျည်တောက်၊ မျက်မှန်ဘူးနှင့်မိုးကာဦးထုပ်များ၊ လက်လုပ် စက္ကူပန်းများ ပြုလုပ်ရာတွင်လည်း ဟန်ဂျီကို အသုံးပြုသည်။[၇]
ဓာတ်ပုံပြခန်း
[ပြင်ဆင်ရန်]- Changhoji pasted on doors at Changgyeonggung
- Colorful hanji strings; fans
- A piece of hanji artwork
- Modern Hanji Lamp
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://ifides.com/what00.html
- ↑ https://newsroom.korea.net/upload/e-book/ecatalog5.jsp?Dir=234&catimage=&eclang=en
- ↑ http://ifides.com/making00.html
- ↑ https://newsroom.korea.net/upload/e-book/ecatalog5.jsp?Dir=234&catimage=&eclang=en
- ↑ https://newsroom.korea.net/upload/e-book/ecatalog5.jsp?Dir=234&catimage=&eclang=en
- ↑ https://www.korea.net/NewsFocus/Column/view? articleId=132623
- ↑ https://newsroom.korea.net/upload/e-book/ecatalog5.jsp?Dir=234&catimage=&eclang=en
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Hanji (Traditional Korean paper) 26 February 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at Korea Tourism Organization
- Fabulous Hanji (Korean Traditional Paper) 7 October 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at Korea Tourism Organization
- Traditional Culture Hands-on Programs 7 October 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at Korea Tourism Organization