ဟန်ကျိုးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဟန်ကျိုးမြို့ (ဟန်ချောင်မြို့) သည် တရုတ်သမိုင်းတွင် ဇာတိ မာန်တက်စေသော ရှေးဟောင်းမြို့ဖြစ်၍ ကမ္ဘာပေါ်တွင် အကြွယ်ဝ အချမ်းသာဆုံးသော မြို့တစ်မြို့ ဖြစ်သည်။ ပင်လယ်မှ မိုင် ၅ဝ ဝေးသောနေရာတွင် တည်ရှိ၍ ရှန်ဟဲမြို့၏ အနောက်တောင်ဘက် မိုင် ၁၁ဝ ခန့် အကွာတွင် တည်ရှိ သည်။ ၁၂ မိုင်ခန့်ရှည်လျား သော မြို့ရိုးကြီးဖြင့် ဝန်ရံထား သော မြို့ဟောင်းဖြစ်သည်။ ယခုမူ ချိုကျန်ပြည်နယ်၏ မြို့တော်ဖြစ်၍ ၁၉၄၈ ခုနှစ် လူဦးရေမှာ ၆ဝဝဝဝဝ ခန့် ဖြစ်၏။

တရုတ်တူးမြောင်းကြီး၏ တောင်ဘက်စွန်းတွင် ဟန်ချောင် မြို့ တည်ရှိသဖြင့် မွန်ဂိုဘုရင်များ လက်ထက်မှ စ၍ ၁၉ ရာစု နှစ်များတိုင်အောင် ယန်စီမြစ်ဝကျွန်းပေါ်နှင့် ပီကင်းမြို့တော်သို့ ကူးသန်းသွားလာရာ စခန်းကြီး တစ်ခု ဖြစ်ခဲ့သည်။ တာတာ လူမျိုးတို့ရန်ကြောင့် တရုတ်ဘုရင်များ တောင်ဘက်သို့ ဆုတ်ခွာ ရပြီးနောက် ဆွန်မင်းများ လက်ထက် ဟန်ချောင်မြို့တွင် နန်း စိုက်ခဲ့သဖြင့် စာပေဂန္ထဝင်ထွန်းကားရာ မြို့တော် ဖြစ်ခဲ့လေ သည်။ ၁၂၉၇ ခုနှစ်လောက်မှပင် မြို့တော်ပီကင်းသို့ ပြောင်း သွားလေသည်။ သို့ရာတွင် ဟန်ချောင် မြို့ကား စည်မြဲ စည် လျက်ရှိ၏။

ဟန်ချောင်မြို့ကို ရှေးက ကင်စီမြို့ဟု ခေါ်သည်။ ဆန် စပါးစိုက်ပျိုးရာ ဒေသ၏ ဗဟိုတွင် တည်ရှိသဖြင့် ဆန်စပါး ရောင်းဝယ်ရေး ဗဟိုဌာန ဖြစ်သည်။ ဆန်စက်ကြီးများ အများ အပြားပင် ရှိသည့်ပြင် ပိုးလုပ်ငန်းကိုလည်း အကြီးအကျယ် လုပ်ကိုင်သည်။

မြို့၏ တည်နေရာသည် အလွန်လှပသော တောင်တန်း ကလေးများ၏ ခြေရင်းတွင် တည်ရှိနေ၍ ထိုမြို့၏ အနောက် ဘက်စွန်းတွင် နာမည်ကျော် အနောက်ရေအိုင်ခေါ် စီဟု ရေအိုင် ကြီး တည်ရှိလေသည်။ မြို့၏ ပတ်ဝန်းကျင်တွင် တောင်တန်း၊ ချောင်းစခန်းများလည်း ပေါလှ၍ ထိုတောင်ကြို၊ ချောင်းကြား များ၌လည်း အထွတ်အဆင့်တို့ဖြင့် လှပစွာ တည်ဆောက်ထား သော ဘုန်းကြီးကျောင်းများရှိရာ အလွန်ပင် သာယာလှသဖြင့် ကျော်ကြားပေသည်။ ကဗျာဆရာ ပန်းချီဆရာတို့၏ ဉာာဏ် ကျက်စားရာဌာနလည်း ဖြစ်၏။ ထို့ကြောင့် အထက်မှာ ကောင်းကင်ဘုံ၊ မြေပေါ်မှာ ဆူချောင်နှင့် ဟန်ချောင်ဘုံ ဟူ၍ တရုတ်တို့ ဆိုစမှတ်ပြုကြသည်။

ထိုမြို့ ကောင်းစားစဉ် ၁၂၇၃ ခုနှစ်လောက်က ဣတာလျံ ခရီးသည်ကြီး မာကိုပိုလို ရောက်ရှိသွားရာ ထိုမြို့၏ သာယာ လှပပုံကို အံ့ဩမကုန်ဖြစ်ကာ သူ၏ မှတ်တမ်း၌ ဟန်ချောင် မြို့ကို ကမ္ဘာပေါ်တွင် မနှိုင်းယှဉ် လောက်အောင် လှပသောမြို့ ဖြစ်သည်ဟုပင် ရေးသားခဲ့လေသည်။[၁]

ဟန်ချောင်မြို့၏ လမ်းများမှာ ကျောက်ခင်းထား၏။ လမ်း ဆုံများ၌ ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုကြီးများ၊ အထိမ်းအမှတ် မော်ကွန်းတိုင်များ စိုက်ထူထားရာ အလွန် လှပသည်။ လမ်းများမှာလည်း အတန်ပင် သန့်ရှင်းလေသည်။ ဆီအင်တန်မြစ်ကို ဖြတ်လျက် မီးရထားတန်းတားတစ်ခုကို ၁၉၃၇ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့သော်လည်း ဂျပန်တို့ သိမ်းပိုက်ပြီးနောက် ထိုတန်တားကြီးမှာ ပျက်စီးသွားလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Mote, Frederick W. (2003). Imperial China: 900–1800. Harvard University Press, 461. ISBN 978-0-674-01212-7 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)