မာတိကာသို့ ခုန်သွားရန်

ဟင်္သာတဦးမြ

ဝီကီပီးဒီးယား မှ

ဟင်္သာတဦးမြ
အမျိုးသားစီမံကိန်း၊စက်မှုလက်မှု
နှင့်
သတ္ထုတွင်းဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၄ ဇန်နဝါရီ ၁၉၄၈  ၁၃ ဇန်နဝါရီ ၁၉၄၈
သမ္မတစဝ်ရွှေသိုက်
ခေါင်းဆောင်ဦးနု (ဝန်ကြီးချုပ်)
ယခင်လူဝန်ကြီးဌာန စတင်
ကူးသန်းရောင်းဝယ်ရေး နှင့် ထောက်ပံ့ရေးဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၁၉ ဇူလိုင် ၁၉၄၇  ၄ ဇန်နဝါရီ ၁၉၄၈
ခန့်အပ်သူဗြိတိသျှအစိုးရ
လက်ထောက်ဦးနု (ကြားဖြတ်ယာယီအစိုးရအဖွဲ့ ဒုခေါင်းဆောင်)
ခေါင်းဆောင်ဘုရင်ခံ (ကြားဖြတ်ယာယီအစိုးရအဖွဲ့ ခေါင်းဆောင်)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1892-10-21)၂၁ အောက်တိုဘာ၊ ၁၈၉၂
ဟင်္သာတမြို့နယ်၊ဗြိတိသျှအိန္ဒိယ
ကွယ်လွန်ဩဂုတ် ၁၆၊ ၁၉၆၂(1962-08-16) (အသက် ၆၉)
ရန်ကုန်မြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်ဒေါ်ပု
သားသမီး၉ ဦး
မိခင်ဒေါ်ရွှေမ
ဖခင်ဦးဆင်
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်၊နိုင်ငံရေးသမား
ကျော်ကြားမှုအမျိုးသားနိုင်ငံရေးသမား နှင့် စီးပွားရေးလုပ်ငန်းရှင်
ဆုတံဆိပ်များမဟာသီရိသုဓမ္မဘွဲ့ (၁၉၅၂)

ဟင်္သာတဦးမြ (၂၁ အောက်တိုဘာ ၁၈၉၂ - ၁၆ ဩဂုတ် ၁၉၆၂ ) သည် မြန်မာစီးပွားရေးလုပ်ငန်းရှင် နှင့် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် အမတ် တစ်ဦး ဖြစ်သည်။ဂျပန်ခေတ် ကာလ အဓိပတိ ဒေါက်တာဘမော် ခန့်အပ်ခဲ့သည့် အတိုင်ပင်ခံလွှတ်တော် အမတ် တစ်ဦးလည်း ဖြစ်သည်။ သူသည် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဘုရင်ခံ ခေါင်းဆောင်သည့် ကြားဖြတ်ယာယီအစိုးရ ၌ ကူးသန်း ရောင်းဝယ်ရေး နှင့် ထောက်ပံ့ရေးဌာန ဝန်ကြီး တာဝန် နှင့် လွတ်လပ်ရပြီး ပထမဆုံး ဦးနုအစိုးရ ၏ အမျိုးသားစီမံကိန်း၊စက်မှုလက်မှု နှင့် သတ္ထုတွင်းဌာန ဝန်ကြီး တာဝန်များလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[]

၁၂၅၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၂ ရက် (၁၈၉၂ ခုနှစ် အောက်တိုဘာ ၂၁) သောကြာနေ့ တွင် အဖ ဦးဆင်၊အမိ ဒေါ်ရွှေမ တို့က မွေးဖွားခဲ့သည့် သား ဖြစ်သည်။မွေးရပ်ဇာတိ မှာ ဟင်္သာတနယ်သား ဖြစ်၏။

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၁၉၁၇ ခုနှစ် တွင် လူငယ်တစ်ဦးအနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုထဲ တက်ကြွစွာ စတင် ပါဝင်လာခဲ့ပြီး ဝိုင်အမ်ဘီအေ အဖွဲ့သို့လည်း ဝင်ရောက်ခဲ့ခြင်းဖြင့် နိုင်ငံရေးကို စတင်ခြေချခဲ့သည်။

ယင်းနောက် ၁၉၃၆ ခုနှစ် နောက်ပိုင်းတွင် ဒေါက်တာ ဘမော်ဝံသာနုအဖွဲ့ဦးဘဖေ၂၁ ဦး အဖွဲ့၉၁ ဌာန ရွေးကောက်ပွဲကာလ ငါးပွင့်ဆိုင် အဖွဲ့ဦးစောမျိုးချစ်ပါတီ တို့ထဲ ထဲထဲဝင်ဝင် ဝင်ရောက်ခဲ့သည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ ၌ သူသည် မျိုးချစ်ပါတီ ကိုယ်စားပြု၍ ဟင်္သာတအနောက်ပိုင်း အမတ် အဖြစ် ဝင်ရောက် အရွေးခံ၍ အမတ် ဖြစ်လာခဲ့သည်။ထိုအချိန်တွင် ဂဠုန်ဦးစော သည် ၎င်းနှင့် တစ်နယ်ထဲ ဟင်္သာတ မြောက်ပိုင်း အမတ် ဖြစ်ခဲ့သည်။

၁၉၄၂ ခုနှစ် တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် သည် မြစ်ဝကျွန်းပေါ်ဒေသသို့ ခြေချစိုးမိုးနိုင်ခဲ့ပြီးနောက် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်ရန်နိုင် မှ ဦးစီးဖွဲ့ခဲ့သည့် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ တွင် သူသည် ခရိုင်အုပ်ချုပ်ရေးအရာရှိ အဖြစ် ခန့်အပ်ခံရသည်။

၁၉၄၂ မတ်လတွင် ရန်ကုန်ကို ဂျပန်တို့မှသိမ်းပိုက်ပြီးနောက် ငြိမ်ဝပ်ပိပြားရေးကော်မတီခေါ် အုပ်ချုပ်ရေးအဖွဲ့များကို မြို့အသီးသီး၌ ဖွဲ့ခဲ့သည်။

၁၉၄၃ ခုနှစ် မေလဆန်း တွင် ဒေါက်တာ ဘမော်၊သခင်မြ နှင့် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော အဖွဲ့ဝင် ၂၆ ဦးပါ မြန်မာ့လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ တွင် အဖွဲ့ဝင် အဖြစ် တာဝန်ပေးခံရသည်။ယင်းနောက် မြန်မာတစ်နိုင်ငံလုံး ဂျပန်လက်အောက်သို့ကျရောက်သွားပြီးချိန် ဂျပန်တို့သည် ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက် တွင် ဒေါက်တာဘမော် အား နိုင်ငံတော်အဓိပတိအဖြစ်ခန့်၍အဖွဲ့ဝင် (၁၅)ဦးပါ နိုင်ငံတော်အစိုးရအဖွဲ့အား တိုးချဲ့ဖွဲ့စည်းပေးခဲ့သည်။စကားချပ် အဆိုပါအစိုးရအဖွဲ့ ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဌာန ဝန်ကြီး မှာ ပျော်ဘွယ် ဦးမြ (ဝန်ကြီး ကာလ သက်တမ်း ၁-၈-၁၉၄၃ - ၂၇-၉- ၁၉၄၆) ဖြစ်ပြီး ဟင်္သာတဦးမြ နှင့် မှားယွင်းဖော်ပြလေ့ရှိခဲ့ကြသည်။[] []

ထိုရက် ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက် တွင် အဓိပတိ ဒေါက်တာ ဘမော် သည် နိုင်ငံတော် အိမ်တော် ဒေါင်းခန်းမ ၌ ဩဂုတ် (၁)ရက်က စပြီး အလုပ်လက်ခံထမ်းရွက်ကြရမည့် သခင်ကိုယ်တော် မှိုင်း ဦးဆောင်မည့် အတိုင်ပင်ခံ လွှတ်တော် အမတ် (၂၀)ဦး အား ခန့်အပ်စဉ် ဟင်္သာတဦးမြ သည် မြန်မာ့လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ ဝင် အပြင် အတိုင်ပင်ခံလွှတ်တော်အမတ် ပါ ဖြစ်လာခဲ့သည်။ထိုနှစ်မှာပင် တရားရေးဝန်ကြီး ဦးသိမ်းမောင် ဖွဲ့စည်းလိုက်သည့် ဦးသွင် ဦးဆောင်သည့် လွှတ်တော် စည်းမျဉ်းဥပဒေများ ရေးဆွဲရေး အဖွဲ့ တွင် ဦးဘလှိုင်၊ဦးချစ်လှိုင်၊ဦးဘသီ၊ဦးဘိုးစံ၊ဦးတင် နှင့် အတူ ဟင်္သာတဦးမြ လည်း အဖွဲ့ဝင် အဖြစ် ပါဝင် ခဲ့သည်။

၁၉၄၅ ခုနှစ် တွင် ဦးစော ၏ မျိုးချစ်ပါတီ မှ နုတ်ထွက်၍ ဖဆပလအဖွဲ့ချုပ် ၌ တစ်သီးပုဂ္ဂလ အဖြစ် လက်တွဲ ပါဝင်ခဲ့သည်။သူသည် ဗိုလ်ချုပ်အောင်ဆန်း၊သခင်မြ တို့နှင့်အတူ လွတ်လပ်ရေးလုပ်ငန်းများအတွက် စည်းရုံးရေးခရီးစဉ်များ တွင် လိုက်ပါသူ ဖြစ်ခဲ့သည်။ထိုစဉ်အခါက ဟင်္သာတဦးမြ သည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ( ဖဆပလ ) ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်သည်။

၁၉၄၇ ခုနှစ် ဧပြီ ၉ ရက် တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ တွင် ဟင်္သာတမြို့မ မဲဆန္ဒနယ် ၏ တိုင်းပြုပြည်ပြုအမတ် အဖြစ် ရွေးချယ်ခံရသည်။အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်၊အမျိုးသားစီမံကိန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စသည့် တာဝန်များ ပေးအပ်ခံရသည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်ကြီးများ လုပ်ကြံခံရပြီး ညနေပိုင်းအချိန်တွင် ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ အဖြစ် ဘုရင်ခံ၊ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးနု တို့၏ ကြားဖြတ်ယာယီအစိုးရအဖွဲ့ တွင် ကူးသန်းရောင်းဝယ်ရေး နှင့် ထောက်ပံ့ရေးဌာန ဝန်ကြီး အဖြစ် ထည့်သွင်းခန့်အပ်ခံရသည်။အဆိုပါ ကြားဖြတ်ယာယီအစိုးရအဖွဲ့သည် အဖွဲ့ဝင် (၁၇)ဦး ပါဝင်ခဲ့သည်။

ထိုနေ့မှာပင် အဖွဲ့ဝင် (၂၀)ဦးပါ ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ကို ဖွဲ့ခဲ့ရာတွင် ဟင်္သာတဦးမြ သည် အမှုဆောင် အဖြစ် ပါဝင်ခဲ့သည်။

ယင်းအပြင် သူသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈပနကျင်းပရေးကော်မတီ ၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် သူသည် လွတ်လပ်ပြီးခေတ် ပထမဆုံး ဦးနုအစိုးရ ၏ အမျိုးသားစီမံကိန်း၊စက်မှုလက်မှု နှင့် သတ္ထုတွင်းဌာန ဝန်ကြီး ဖြစ်လာခဲ့သည်။[]

ထိုတာဝန်ကို ရက်ပိုင်းခန့်သာ တာဝန်ထမ်းဆောင်ခဲ့ပြီး နုတ်ထွက်စာတင်သည်။၎င်း၏ နုတ်ထွက်စာကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၃ ရက် တွင် ကျင်းပသည့် ဝန်ကြီးများအဖွဲ့ တတိယအကြိမ် အစည်းအဝေးက သဘောတူခွင့်ပြုပေးခဲ့ပြီး၊တစ်ဆက်တည်းတွင် စီးပွားရေးစီမံကိန်းအဖွဲ့ ၏ အကျိုးတော်ဆောင် ဥက္ကဋ္ဌ ရာထူးကို ဝန်ကြီးများအဖွဲ့က အပ်နှင်းခဲ့သည်။သူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် ၏ ပထမဦးဆုံး ဥက္ကဋ္ဌ အဖြစ်လည်း ခန့်အပ်ခံရသည်။

သူသည် လွတ်လပ်ရေးရပြီးနောက် ပထမဆုံးပြုလုပ်သော ၁၉၅၁-၅၂ ရွေးကောက်ပွဲတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) မှနေ၍ ဟင်္သာတ အလယ်ပိုင်း ပါလီမန် အမတ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံရပြီး အမတ်တာဝန်များကိုသာ ထမ်းဆောင်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း

[ပြင်ဆင်ရန်]

၁၉၀၆ ခုနှစ် တွင် အကိုကြီးဖြစ်သူ ဦးအောင်မြတ်ကျော် နှင့် ဒေါ်ငွေယုံ တို့က မွေးစားခဲ့သည်။ထိုအချိန်မှစ၍ မိဘလက်ငုတ်လက်ရင်းလုပ်ငန်းဖြစ်သည့် ဆန်စက်လုပ်ငန်းဖြင့် စီးပွားရေးလောကထဲ စတင်ဝင်ရောက်လာခဲ့သည်။သူသည် ဆီစက်လုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့သည်။

အသက် ၂၀ အရွယ်မှာပင် မြို့မျက်နှာဖုံးတစ်ဦး ဖြစ်လာကာ ဟင်္သာတနယ်တကြော ကျော်ကြားသူ ဖြစ်လာခဲ့သည်။

ထိုနောက်ပိုင်းကစ၍ သူသည် ရန်ကုန်မြို့တွင် ကုမ္ပဏီထူထောင်နိုင်သည်အထိ စီးပွားရေးအင်အား တောင့်တင်းခိုင်မာလာသည်။သူ၏ ဆန်စပါးလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး နှင့် သစ်စက်လုပ်ငန်း၊ကြေးနီ၊ ခဲ နှင့် သတ္ထုတူးဖော်ရေးလုပ်ငန်း၊ကျောက်မျက်လုပ်ငန်း၊ဆေးတံသောက်ဆေးလုပ်ငန်း၊ပိန်းကြာဖက် ဖဲထီး နှင့် ပဒုမ္မာဆပ်ပြာ လုပ်ငန်း အစရှိသည့် လုပ်ငန်းပေါင်းစုံတို့ကို လုပ်ကိုင်ခဲ့သည်။

သူသည် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် မော့စကိုဗစ်ကားအမျိုးအစား နှင့် ချက်ကိုစလိုဗက်ကီးယားမှ ထုတ်လုပ်သည့် စကိုဒါကားများကို မြန်မာပြည်အတွက် တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် တင်သွင်းခဲ့သည်။

၁၉၄၂ ခုနှစ် တွင် မြန်မာကုန်သည်ကြီးများအသင်း၏ ပထမဦးဆုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။ထိုတာဝန်ကို ၁၉၄၇ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[]

၁၉၄၈ ခုနှစ် တွင် စီးပွားရေးဆိုင်ရာ နှင့် တည်ဆောက်ရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အမျိုးသားစီမံကိန်းအဖွဲ့ နှင့် ရေအားလျှပ်စစ်ရှာဖွေရေးအဖွဲ့ တို့၏ ဒုတိယဥက္ကဋ္ဌ( ၁၉၄၈ - ၅၂)၊အစိုးရသတ္ထုရောင်းဝယ်ရေးအဖွဲ့၊ရေနံလုပ်ငန်းဆိုင်ရာအဖွဲ့ တို့၏ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။[]

သူသည် ၁၉၅၁ ခုနှစ် တွင် အောင်မြင်နေပြီဖြစ်သည့် ဦးမြ နှင့် သားများ ကုမ္ပဏီ သည် မုံရွာ၊ချင်းတွင်း၊ဘုတလင် ဒေသတို့ရှိ Bauxite သတ္ထုတစ်မျိုးကို ခြေရာခံမိရင်း သတ္ထုရှာဖွေရေးလုပ်ငန်နယ်ပယ်ထဲ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

သူသည် ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ် အမြောက်အများသွားရောက်ခဲ့ပြီး ၁၉၅၂ ခုနှစ် တွင် မော်စကိုမြို့ ၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးကွန်ဖရင့် ခရီးစဉ် နှင့် ၁၉၆၀ ပြည့်နှစ် မြောက်ကိုရီးယားနိုင်ငံ ခရီးစဉ်တို့မှာ အထူးထင်ရှားခဲ့ပြီး ထိုခရီးစဉ်တို့ကို မြန်မာကုန်သွယ်ရေးအဖွဲ့ ခေါင်းဆောင် အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး သား ၇ ဦး၊သမီး ၂ ဦး ထွန်းကားခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ် ဩဂုတ် ၁၆ ရက် နံနက် ၁ နာရီ တွင် ရန်ကုန်မြို့၊ခြောက်မိုင်၊ပြည်လမ်း (ဓမ္မာရုံလမ်း) ရှိ နေအိမ် ၌ လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး (မတ် ၁၉၉၆)။ "အခန်း(၁)"။ နိုင်ငံရေးအဖွဲ့အစည်း အင်အားစုများ အခြေအနေ (pdf)။ တပ်မတော်သမိုင်း။ စတုတ္ထတွဲ (၁၉၄၈–၁၉၆၂) (ပထမအကြိမ် ed.)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ p. ၈၁။ ၁၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး
  2. မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းကို ဝိမုတ္တိအမြင်ဖြင့် လေ့လာခြင်း MOI Myanmar (၁ စက်တင်ဘာ ၂၀၂၄)။ ၁၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ပျော်ဘွယ်ဦးမြ၊ ဗိုလ်ချုပ်ယောက်ဖနဲ့ လုပ်ကြံမှုက လွတ်ခဲ့သူ BBC (၁၇ ဇူလိုင် ၂၀၁၉)။ ၁၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ၁၉၄၈ ခုနှစ် ပထမဦးဆုံး မြန်မာ့လွတ်လပ်ရေးအောင်ပွဲအခမ်းအနား ပသာဒ မြင်ကွင်း MOI Myanmar (၃၁ ဒီဇင်ဘာ ၂၀၂၁)။ ၁၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. နှစ် ၁၀၀ ပြည့် UMFCCI ဘယ်လို ဖြတ်သန်း ရပ်တည်ခဲ့သလဲ The Irrawaddy (၃၁ အောက်တိုဘာ ၂၀၁၉)။ ၁၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. မဟာသီရိသုဓမ္မ ဟင်္သာတဦးမြ၊တင့်ဇော် ပြုစုသည်