ဟင်းနရစ် အစ်ဗဆင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဟင်းနရစ် အစ်ဗဆင်သည် မျက်မှောက်ခေတ် ဥရောပတိုက် ပြဇာတ် လောကကို ခေါင်းဆောင်ထူထောင်လိုက်သော နော်ဝေးနိုင်ငံ သား ပြဇာတ်စရာကြီးဖြစ်သည်။ အစ်ဗဆင်သည် နော်ဝေးနိုင်ငံ တောင်ပိုင်းရှိ စကီးအင်းမြို့၌ ၁၈၂၈ ခုနှစ် မတ်လ ၂ဝ ရက် နေ့တွင် ဖွားမြင်သည်။ ငယ်ရွယ်စဉ်အခါက အလွန်ဆင်းရဲ သဖြင့် အလုပ်လုပ်ခဲ့ရသော်လည်း အတည်တကျအလုပ်ဟူ၍ ဘယ်သော အခါမျှမရခဲ့ချေ။ အလုပ်တစ်ခုမှတစ်ခုသို့ပြောင်းကာ အခြေ မတည်ဘဲရှိခဲ့ရ၏။ ဤသို့ အသက်ငယ်စဉ်ကပင် ဒုက္ခ သံသရာ ကြီး၌ ဦးစွာကျင်လည်ခဲ့ရသဖြင့် အစ်ဗဆင်သည် လောကကြီးကို စိတ်နာကာ လောကကို သရော်သောပြဇာတ် များကို ရေးခဲ့ခြင်း ဖြစ်လေသည်။

အစ်ဗဆင်သည် အသက် ၁၉ နှစ်အရွယ်ကပင် စာရေး သည်။ သူစတင်ရေးသောပြဇာတ်မှာ ၁၈၅ဝ ပြည့်နှစ်က ရုံတင် သော တလီနာပြဇာတ်ဖြစ်သည်။ သို့သော် သူ့ပြဇာတ်များကို လူမကြိုက်ကြချေ။ ၁၈၅၁ ခုနှစ်တွင် အစ်ဗဆင်သည် ဗာဂျင် မြို့တွင် အိုးဗူး၏အမျိုးသားဇာတ်ရုံ ဒါရိုက်တာအဖြစ် လုပ်ကိုင် သည်။ သို့ရာတွင် နော်ဝေးနိုင်ငံရေးကို သဘောမကျသဖြင့် ဂျာမနီနှင့် အီတလီနိုင်ငံများသို့ သွားရောက်နေထိုင်သည်။ နော်ဝေးတွင်နေထိုင်စဉ်က ရေးခဲ့သောပြဇာတ်များမှာ တစ်ခုမျှလူမကြိုက်၍ ဇာတ်ရုံပင် ဒေဝါလီခံရသည့်အဖြစ်သို့ ရောက်ခဲ့သော်လည်း အစ်ဗဆင်သည် အားမလျှော့ဘဲ နိုင်ငံခြား သို့ သွားလာလှည့်ပတ်ယင်း ပြဇာတ်များကိုသာ ဆက်လက် ရေးသားလေသည်။ ၁၈၆၆ ခုနှစ်တွင် အစ်ဗဆင်သည် ရောမမြို့ တော်မှနေ၍ ဗရင်းအမည်ရှိပြဇာတ်ဆန်သော ကဗျာတစ်ပုဒ်ကို ရေးလေသည်။ ထိုကဗျာကြောင့် နာမည်ကျော်စောသွားရာ သူ့ကို ဇာတိရင်းဖြစ်သော နော်ဝေးနိုင်ငံသူ၊ နိုင်ငံသားတို့ကပင် ယခင်ကကဲ့သို့ သူ့အပေါ် အထင်အမြင်မသေးတော့ဘဲ မိမိတို့ နိုင်ငံ၏ ဂုဏ်ကိုဆောင်နိုင်သော ပုဂ္ဂိုလ်ကြီးတစ်ဦးဟု အသိ အမှတ်ပြုလာကြရတော့သည်။ အစ်ဗဆင်ကို ၁၈၆၆ ခုနှစ်တွင် နော်ဝေးနိုင်ငံအစိုးရက လခရိက္ခာများပေး၍ နော်ဝေးသို့ပြန်လာ ရန်ခေါ်သော်လည်း ပြန်မသွားဘဲ ၁၈၉၅ ခုနှစ်အထိ နိုင်ငံခြား မှာပင် နေထိုင်လေသည်။

အစ်ဗဆင်သည် သူ၏ကဗျာ့ဉာဏ်အာဘော်ကို ပြဇာတ် များတွင် ထင်ရှားစေခဲ့သည်။ သူ့ကို ပြဇာတ်ရေးဆရာကြီးအဖြစ် သာမက စာဆိုတော်ကြီးဟူ၍လည်း ခေါ်နိုင်သည်။ အစ်ဗဆင် အား ရှေးခေါမ ပြဇာတ်ဆရာကြီး ယူရစ်ပီးဒီးနှင့်ပင် နှိုင်းရှည့် ချီးကျူးကြသည်။ ကြောင်သူတော်အကျင့်များ၊ လူ့လောက၏ မမျှတပုံများ၊ မတရားမှုများကိုသရော်၍ရေးသားရာ၌ အစ်ဗဆင် သည်ပြိုင်ဖက်ကင်းအောင် ရေးနိုင်သူဖြစ်သည်။ သူသည် နာမည်ကျော်ကြားလာပြီးနောက်၌ လူ့လောကကိုသရော်သော ပြဇာတ်များ ရေးသားလေသည်။ အစ်ဗဆင်သည် ကမ္ဘာကျော် ပြဇာတ်ရေးဆရာကြီး ဗားနဒ်ရှောကပင် ချီးကျူးရသူဖြစ်သည်။ ဗားနဒ်ဗေဒါသည် အစ်ဗဆင်၏ပြဇာတ်များကို သရုပ်ဖော်ပေး ကာ လူအများသဘောပေါက်အောင် ပြုလေသည်။ အစ်ဗဆင်၏ လူ့လောကကိုစိတ်နာနာနှင့် သရော်၍ရေးထားသော ဒဒပြည်သူ့ ရန်သူဒဒ ပြဇာတ်မှာ ယခုတိုင်ကျော်စောလျက်ရှိ၏။ ယင်း ပြဇာတ်ကို အကြိမ်ပေါင်းများစွာ စင်တင်၍ကပြခဲ့ရ၏။ အစ်ဗဆင်သည် ပြဇာတ်နှင့်ကဗျာများအပြင် စကားပြေ ကိုလည်း ရေးသားသေးသည်။ သို့ရာတွင် ပြဇာတ်လောက်မများ ချေ။

အစ်ဗဆင်ရေးသော ပြဇာတ်များတွင် နာမည်အကျော် ဆုံးမှာ "ယဉ်မင်းအိမ်" ဖြစ်သည်။ ထို ပြဇာတ်ပေါ်ခါစက အစ်ဗဆင်အား မိန်းမများဘက်က လိုက်ရေးသည်ဟု ဆိုကြ သည်။ စင်စစ် အစ်ဗဆင်သည် မည်သူ့ဘက်ကမျှလိုက်ရေးရန် စိတ်မရှိချေ။ ယောကျာ်းဖြစ်စေ၊ မိန်မဖြစ်စေ ကိုယ်ရေးကိုယ် တာ လွတ်လပ်မှုရရှိရန်ကိုသာ ယုံကြည်သူတစ်ဦးဖြစ်သည်။ အစ်ဗဆင်၏စာများသည် လောကကြီး၏အပြစ်များကို ဖော်ထုတ်ရေးထားသော်လည်း ထိုအပြစ်များကိုမပြုရန် တားမြစ် ခြင်း၊ ပြုပြင်ရန်နည်းလမ်းပြသခြင်းတို့ကား လုံးဝမပါရှိချေ။ လူ့လောက၏ လက်ရှိအခြေအနေကို သုံးသပ်ဝေဖန်သူအဖြစ်နှင့် သာ ရေးသားခဲ့လေသည်။ အစ်ဗဆင်သည် ဇာတ်ရုံအလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်၍ ပြဇာတ်နိုင်နင်းစွာရေးသားနိုင်သည်။ သူ၏ ဇာတ်လမ်းများမှာ လိုရင်းကိုထိမိအောင် မညှာမတာ စီစဉ် ထားတတ်သည်။ လူတို့၏ စိတ်သဘာဝကို အသေးစိတ်ပိုင်းခြား သရုပ်ဖော်ရာတွင် ကြက်သီးမွေးညင်းထလောက်အောင် ထိမိ သည်။

အစ်ဗဆင်သည် "ပျော်ရွှင်စွာနေကြလေသတည်း" ဟု အဆုံးသတ်သောဇာတ်လမ်းမျိုးကို မနှစ်သက်ချေ။ သူ၏ပြဇာတ် များသည် ဇာတ်လမ်းဝတ္ထုအတွက် ပေါ့ပေါ့ဖတ်ရန်မဟုတ်ဘဲ လူတို့၏စိတ်သဘာဝ လူ့လောက ဖြစ်ပျက်ပုံများကို ဝေဖန် ပိုင်းခြားပြသော တကယ့်အဖြစ်အပျက်များကဲ့သို့ ဖတ်ရပေမည်။ အချို့က အစ်ဗဆင်အား တရားဟောဆရာဟုပင် ဆိုသည်။ သို့ရာတွင် သူ့ပြဇာတ်များသည် အကျင့်စာရိတ္တနှင့် မည်သို့မျှ မဆိုင်ဟု အစ်ဗဆင်ကဆိုသည်။

အစ်ဗဆင်သည် ၁၈၉၁ ခုနှစ်တွင် သူ၏နေရင်းဌာနီ နော်ဝေးနိုင်ငံသို့ ပြန်သွားသည်။ ကမ္ဘာကျော်ဆရာကြီးအဖြစ်ဖြင့် ပြန်လာသော အစ်ဗဆင်အား နော်ဝေးနိုင်ငံသူ၊ နိုင်ငံသားများ သည် ဝမ်းသာအားရ ကြိုဆိုကြလေသည်။ အစ်ဗဆင် အသက် ခုနစ်ဆယ်ပြည့်သောနှစ်တွင် သူ၏ကျောက်ရုပ်ကို မြို့လယ်၌ အမှတ်တရစိုက်ထူသည်။ ၁၉ဝ၆ ခုနှစ်တွင် ဟင်းနရစ်အစ်ဗဆင် ကွယ်လွန်လေရာ ဈာပနပွဲကို ဘုရင်မင်းမြတ်ကိုယ်တိုင် လိုက်ပို့ ချီးမြှင့်ခဲ့လေသည်။ အစ်ဗဆင်၏ ကျော်ကြားသောလက်ရာများ မှာ ဟယ်လဂျီလန်စစ်သည်တော်များ (၁၈၅၈)၊ ဗရင်း(၁၈၆၆)၊ ပီယာဂျင့်(၁၈၆၇)၊ သ-ပီးလား-အော့ ဆိုဆိုင်းယဲတီး(၁၈၇၇)၊ ယဉ်မင်းအိမ် (၁၈၇၉)၊ တစ္ဆေ(၁၈၈၁)၊ တောဘဲရိုင်း(၁၈၈၄)၊ ဟက်ဒါ ဂက်ဗလာ(၁၈၉ဝ)နှင့် မတ်စတာဗစ်လဒါ(၁၈၉၂) တို့ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)