ဟင်နရီ ဝါ့စ်ဝါ့သ် လောင်းဖဲလို

ဝီကီပီးဒီးယား မှ
ဟင်နရီ ဝါ့စ် ဝါ့သ် လောင်းဖဲလို

ဟင်နရီ ဝါ့စ် ဝါ့သ် လောင်းဖဲလိုသည် ၁၉ ရာစုတွင် လူကြိုက်အများဆုံး အမေရိကန်ကဗျာဆရာတစ်ဦးဖြစ်သည်။ ကလေးကဗျာ အများအပြားအား ရေးသားခဲ့ပြီး စာပေဆိုင်ရာ ပါမောက္ခလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံ မိန်းပြည်နယ် ပေါ့လ်လန်တွင် ၁၈၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မွေးဖွားသည်။ သူ့ဖခင် စတီဖင် လောင်းဖဲလိုးသည် ပေါ့တ်လန်မှ ရှေ့နေဖြစ်သည်။

လောင်းဖဲလိုးသည် ငယ်စဉ်ကပင် စာဖတ်ခြင်းကို ဝါသနာထုံပြီး အသက် ၁၃ နှစ်တွင် သူ၏ ပထမဆုံးကဗျာ The Battle of Lovell’s Pond ကို ရေးသည်။ လောင်းဖဲလိုးသည် ဗိုဒင်ကောလိပ်ကျောင်းတွင် ပညာသင်ယူရာ ၁၈ နှစ်အရွယ်တွင် ထိုကောလိပ်မှ ဘွဲ့ထူးဆွတ်ခူးအောင်မြင်ခဲ့၍ ထိုကျောင်း၌ပင် ခေတ်သစ်ဘာသာစကားနှင့် စာပေဆိုင်ရာပါမောက္ခအဖြစ် လုပ်ကိုင်ရန် စကားကမ်းလှမ်းခြင်းခံရသည်။ သို့သော် ချက်ချင်းလက်မခံသေးပဲ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီနိုင်ငံများသို့ သွားရောက်၍ ယင်းတို့၏ ဘာသာ စကား၊ စာပေနှင့် အလယ်ခေတ်သမိုင်းတို့ကို လေ့လာဆည်းပူးသည်။ ၁၈၂၉ ခုနှစ် အသက်၂၂ နှစ်အရွယ်တွင် ဗိုဒင်ကောလိပ်တွင် ပါမောက္ခအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၈၃၄ ခုနှစ်၌ ဟားဗဒ်တက္ကသိုလ်တွင် အလားတူရာထူးဖြင့် ခန့်အပ်ခြင်းခံရသည်။ သို့ရာတွင်အင်္ဂလန်၊ နယ်သာလန်၊ ဂျာမနီ၊ ဆွစ်ဇာ လန်နိုင်ငံများသို့ သွားရောက်၍ ဆက်လက်ပညာဆည်းပူးပြီးနောက် ၁၈၃၆ ခုနှစ်တွင်မှ ထိုရာထူးတွင် စတင်အမှုထမ်းသည်။ လောင်းဖဲလိုးသည် ၁၈၅၄ ခုနှစ်အထိ ၁၇ နှစ်တာမျှအမှုထမ်းခဲ့သည်။ ၁၈၆၈ - ၆၉ ခုနှစ်၌ ဥရောပတိုက်သို့ နောက်ဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့စဉ်က အောက်စဖို့ တက္ကသိုလ်နှင့် ကိမ်းဗရစ်တက္ကသိုလ်များက လောင်းဖဲလိုးအား ဂုဏ်ထူး ဆောင်ဘွဲ့ထူးများ ချီးမြှင့်ခဲ့လေသည်။

၁၈၃၁ ခုနှစ်တွင် မာ့စထရာပေါ်တာနှင့် လက်ထပ်သည်။ လောင်းဖဲလိုးသည် စာပေများလေ့လာဆည်းပူးရန် ဥရောပတိုက်သို့ သွားခဲ့ရာတွင် ဇနီး ဖြစ်သူကိုပါခေါ်သွားရာ၊ ထိုသို့ခရီးသွားစဉ် နယ်သာလန်နိုင်ငံ ရော့တဒမ်း မြို့၌ မေရီပေါ့တာမှာ ဖျားနာ၍ ၁၈၃၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် Hyperion ဝတ္ထုနှင့် Voices of the Night ကဗျာစုကို ထုတ်ဝေသည်။ ၁၈၃၉ ခုနှစ် တွင် ဖရန်စစ် အက်ဖဲတန်နှင့် လက်ထပ်သည်။ ၁၈၅၄ ခုနှစ်တွင် The Song of Hiawatha ကဗျာကို ထုတ်ဝေသည်။ လောင်းဖဲလိုး၏ ဒုတိယဇနီးသည် ၁၈၆၁ ခုနှစ်တွင် ကွယ်လွန်သည်။

လောင်းဖဲလိုး အသက် ၇၅ နှစ်ပြည့်မြောက်သောနေ့တွင် အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၊ အထူးသဖြင့် စာသင်ကျောင်းများတွင် အထိမ်းအမှတ်ပွဲများပြုလုပ်ခဲ့ကြသည်။ လောင်းဖဲလိုးသည် ကင်းဗရစ်ချ်တွင် ခရစ် ၁၈၈၂ ခုနှစ် မတ်လ ၂၄ ရက်နေ့၌ ကွယ်လွန်အနိစ္စရောက်သည်။ လောင်းဖဲလိုးအားဂုဏ်ပြုသောအားဖြင့် အင်္ဂလန်နိုင်ငံ ဝက်စမင်စတာဘုန်းတော်ကြီးကျောင်းရှိ စာဆိုရိပ်မြုံဟု ခေါ်ဆိုအပ်သော ကဗျာစာဆိုတို့အတွက် သတ်မှတ် ထားသောထောင့်တွင် လောင်းဖဲလိုး၏ ကိုယ်တစ်ပိုင်းရုပ်လုံးကို ထားရှိပေသည်။

ကိုးကား[ပြင်ဆင်ရန်]