သွေးတိုးအား

ဝီကီပီးဒီးယား မှ

သွေးတိုးအား[ပြင်ဆင်ရန်]

သွေးတိုးအားဟူသည်မှာ လူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးလွှတ်ကြောနံရံ များကိုသွေးဖိခြင်း၊ သို့မဟုတ်သွေးတိုးခြင်းကိုဆိုလိုသည်။ သွေးတိုးအား၏အမြင့်သည်နှလုံးကျုံ့ ခြင်း၏အားနှင့်နှုန်း၊ သွေးကြောစုများတွင်ရှိသော သွေး၏ပမာဏ၊ သွေးကိုသယ်ဆောင်သောသွေး လွှတ်ကြောများ၏ ရုန်းကန်သတ္တိများပေါ်တွင်တည်သည်။

ဆရာဝန်တစ်ဦးသည် လူတစ်ယောက်၏ သွေးတိုးအားကို တိုင်းတာရာ၌ ပထမလက်မောင်းတွင် တင်းတင်းပတ်ထားသော ရော်ဗာအိတ်ထဲသို့လေကိုထိုးသွင်း၏။ ယင်းသို့ လေထိုးသွင်းရာဝယ် လက်မောင်းရှိသွေးလွှတ်ကြော များတွင် စီးနေသောသွေးများရပ်သွားသောအခါမှ လေသွင်းခြင်းကို ရပ်လိုက်သည်။ သွေးအစီးရပ်သွားသောအခါ တိုင်းတာသည့်ပြဒါးချိန်သည် သွေးတိုးအားမည်မျှရှိ သည်ကိုပြနေတော့၏။ ဤပြနေသောအမှတ်အသားကား နှလုံးကျုံ့ချိန်တွင်သွေးတိုးအားပြသော အမှတ်ကိုမူ နှလုံးပွချိန်သွေးတိုးအားဟုခေါ်သည်။ သွေးတိုးအားကို အတိအကျ တိုင်းတာလိုလျှင် ရော်ဗာအိတ်ထဲရှိလေ၏ အတင်းအလျော့ကိုလိုက်၍ သွေးလွှတ်ကြောများတွင် ဖြစ်ပေါ်လာသောအသံများ ကိုနားကြပ်နှင့်နားထောင်ရန် လိုအပ်ပေသည်။ နှလုံးကျုံ့ချိန်သွေးတိုးအားကို အကြမ်းဖျင်း သတ်မှတ်ရန်အတွက် လက်ကောက်ဝတ်တွင် သွေးခုန်ခြင်းစမ်း၍ မရနိုင်သည့်အချိန်၌ တိုင်းတာသည့် ပြဒါးချိန်ပေါ်ရှိ အမှတ်ကိုယူနိုင်ပေသည်။ နှလုံးပွချိန်သွေးတိုးအားအတွက်မူ ပြဒါးချိန်၌နှလုံး ကျုံ့စဉ်ပြဒါးမတက်တော့သောအမှတ်ကိုယူနိုင်ပေသည်။

နှလုံးကျုံ့ချိန်နှင့်နှလုံးပွချိန် သွေးတိုးအားတို့ ခြားနားခြင်းကိုသွေးခုန်အားဟုခေါ်သည်။ လူကြီးတိုင်း၏ အခြေမှန်နှလုံးကျုံ့ချိန်သွေးတိုးအားသည် ၁၂ဝ မီလီမီတာခန့် ရှိရာ ၁၅ဝ မီလီမီတာထက် ကျော်လွန်သွားပါက မြင့်သည်၊ သို့မဟုတ် ပြင်းသည်ဟုယူဆရသည်။ နှလုံးပွချိန်အခြေမှန် သွေးတိုးအားသည် နှလုံးကျုံ့ချိန်သွေးတိုးအား၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ သို့သော် ၉ဝ မီလီမီတာထက် ပိုသော နှလုံးပွချိန်သွေးတိုးအားမှန်သမျှကို မြင့်သည်ဟုပင်ယူဆရသည်။

သွေးတိုးအားပြင်းခြင်း၏အကြောင်းရင်းကိုတိတိကျကျ မသတ်မှတ်နိုင်သောအခါ လိုအပ်သောသွေးတိုးအားပြင်းခြင်းဟု ခေါ်သည်။ တစ်သမတ်တည်းသွေးတိုးအားပြင်းရန်အတွက် နှလုံးသည်သာမန်ထက်အချိန်ပိုအလုပ် လုပ်ရပေမည်။ လူတစ်ယောက်၏သွေးတိုးအားသည် ကိုယ်အား စိတ်အားစိုက်ထုတ်မှု၊ စိတ်လှုပ်ရှားမှု၊ မောပန်း ခြင်းနှင့် ဆေးလိပ်သောက်ခြင်းစသည်တို့ကြောင့် တစ်နေ့နှင့်တစ်နေ့၊ တစ်နာရီနှင့် တစ်နာရီမတူဘဲ ပြောင်းလဲနိုင်ပေသည်။

ယေဘုယျအားဖြင့်အသက်ကြီးလာသည့်အခါ သွေးတိုးအားမြင့် လာတတ်သည်။ အဘယ်ကြောင့်ဆိုသော်သွေးလွှတ်ကြောများ၏ ရုန်းကန်သတ္တိနည်းလာမှုကိုအကြောင်းပြု၍ သွေးစီး မှုနှေးလာခြင်းကြောင့်ဖြစ်သည်။ သွေးတိုးအားပြင်းခြင်းအတွက် စိတ်သောကဖြစ်နေလျှင်လည်း သွေးတိုးအားသည် ရှိသင့်သည်ထက်ပို၍မြင့်တတ်ပေသည်။ အချို့သောသူများတွင် သွေးတိုးအား ပြင်းခြင်းသည် နှလုံးရပ်ခြင်း၊ လေသင်ဓုန်းထိခြင်းနှင့် ကျောက်ကပ်ရောဂါစသည်များဖြစ်စေပြီး လျှင်လူကိုသေစေနိုင်လေသည်။

သွေးတိုးအားနိမ့်ခြင်း၊ သို့မဟုတ်ပျော့ခြင်းသည် များသောအားဖြင့်စိုးရိမ်ရမည့်ရောဂါ မဟုတ် ချေ။ နာတာရှည်ရောဂါသည်များနှင့်နာလန်ထသူများသည် သွေးတိုးအားပျော့တတ်သော်လည်းကျန်းမာလာသည့်အခါ မူလသွေတိုးအားသို့ပြန်ရောက်နိုင်ကြသည်။ ယေဘုယျအားဖြင့် သွေးတိုးအားပျော့ ခြင်းသည် ကုစားရမည့်ရောဂါမဟုတ်ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)