သွေးခုန်ခြင်း

ဝီကီပီးဒီးယား မှ
==သွေးခုန်ခြင်း==

နှလုံးမှသွေးသည် သွေးကြောများ အတွင်းသို့ ပန်းထုတ်ခြင်းကြောင့် သွေးကြောများတွင် ဖောင်းလိုက်ကျုံ့လိုက်ဖြစ်နေသည်။ ယင်းသို့လှုပ်ရှားမှု ဖြစ်နေသည်ကိုအရေပြားနှင့် အနီးကပ်ဆုံးသွေးကြောများ၌ စမ်းသပ်ကြည့်ခြင်းဖြင့်သိသာသည်။ များသောအားဖြင့် လက်ကောက် ဝတ်ရှိအရိုးနှင့်အရေပြားကြားတွင်ရှိသော သွေးကြောတွင် သွေးခုန်ပုံကိုစမ်းသပ်လေ့ရှိကြသည်။ ဤနေရာ၌ သွေးကြောများမှာ အောက်တွင်အရိုးခံရှိပြီး အရေပြားနှင့် အနီးစပ်ဆုံး ဖြစ်သောကြောင့် အစမ်းရလွယ်ကူသည်။

သွေးခုန်ပုံကိုစမ်းခြင်းသည် လူနာ၏ ရောဂါအခြေအနေကို အကဲခတ်ရာ၌ အကူအညီပေးသည်။ လူကောင်းတို့၏သွေးခုန်ပုံမှာပျမ်းမျှခြင်းအားဖြင့် တစ်မိနစ်လျှင် ၇၂ကြိမ်မျှခုန်၍ ကလေးများ တွင်ကားအကြိမ် ၁၂ဝ မျှခုန်၏။ သို့သော်အချို့၌ထိုထက်နည်း၍ အချို့၌ကားထိုထက်များ၍ခုန်၏။ ကျန်းမာရေးကိုလုံးဝမထိခိုက်စေဘဲ ပင်ကိုနှေးခြင်းမြန်ခြင်းမှာ မထောင်းတာလှသော်လည်း ကျန်းမာခြင်းကို ထိခိုက်စေသောနှေးခြင်းမြန်ခြင်းကိုကား အထူးဂရုစိုက်ရန်လိုလေသည်။

သွေးခုန်ပုံအနှေးအမြန်အပြင် သွေးခုန်ပုံ အမျိုးအစားကိုလည်း သွေးစမ်းခြင်းဖြင့်သိနိုင်သည်။ သွေးကျဲသည်၊ သွေးပျစ်သည်၊ အကြောထဲတွင်သွေးပြည့်သည်၊ သွေးနည်းသည်စသည်ဖြင့်ခွဲခြား၍သိ နိုင်လေသည်။ ဖျားနေသည့်အခါ၌ဖြစ်စေ၊ နှလုံးရောဂါ ဖြစ်သည့်အခါ၌ဖြစ်စေ၊ နာ့ဗ်ကြောများအသွားအလာမမှန်သည့် အခါ၌ဖြစ်စေ၊ သွေးခုန်အလွန်မြန်တတ်သည်။ သို့ရာတွင်တိုက်ဖွိုက်ခေါ် အူရောင်ဖျား ရောဂါဖြစ်သည့်အခါ သွေးခုန်နှုန်းအလွန်နှေးသည်ကိုတွေ့ရ၏။ သွေးခုန်အလွန်နှေးခြင်းမှာတိုက်ဖွိုက် ရောဂါ၏အထူးခြားဆုံးသောလက္ခဏာတစ်ရပ်ဖြစ်သည်။

သွေးခုန်မမှန်ဆိုရာ၌တစ်ခါတစ်ရံ သွေးခုန်ပုံမှာ လေးငါးချက်အလွန်လျင်မြန်စွာခုန်ပြီးနောက် နှေးသွားလိုက်၊ မြန်လာလိုက်ဖြစ်သည်ကိုဆိုသည်။ အစာမကြေခြင်းကြောင့် လည်းကောင်း၊ အရက်ဆေးလိပ်စသော နစ်ကိုတင်အဆိပ်များပါသည့် အစားအသောက်များ ကိုအသောက်အစားကြူးမှုကြောင့်လည်းကောင်း၊ နှလုံးရောဂါ ဖြစ်သည့်အခါ၌လည်းကောင်း၊ သွေးခုန်မမှန်ဖြစ်တတ်သည်။

ကူးစက်တတ်သောရောဂါများဖြစ်ပြီးနာ လန်ထကာစတွင်လည်း ဖြစ်တတ်၏။ သွေးခုန်အနှေးအမြန်မှာ ကလေးနှင့်လူကြီး တွင်သာကွာခြားသည်မဟုတ်၊မိန်းမနှင့်ယောက်ျားတွင်လည်း ကွာခြားလေသည်။ ယောက်ျားထက်မိန်မကခုနစ်ကြိမ် ရှစ်ကြိမ်ပို၍သွေးခုန်မြန်သည်ကို တွေ့ရ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)