သွား(လူ)
သွားဆိုသည်မှာ လူပါးစပ်ထဲတွင်တည်ရှိနေသော လူ့အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သွားသည် အမာဆုံးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ အရိုးထက်ပင်မာပါသေးသည်။ သွားများသည် မိခင်ဝမ်းတွင်းမှာ စတင်ဖြစ်ပေါ် နေ ခြင်းဖြစ်သည်။ မွေးပြီးခြောက်လ မှ စ၍ ကလေးသွားများ ပေါ်လာလေသည်။
သွား
[ပြင်ဆင်ရန်]လူတစ်ယောက်၌ အရွယ်ရောက်၍ သွားစုံလျှင်အထက် ၁၆ချောင်း၊ အောက် ၁၆ ချောင်း၊ ပေါင်း ၃၂ချောင်းရှိ၏။ ငယ်သွားမှာအထက် ၁ဝချောင်း၊ အောက် ၁ဝချောင်း၊ ပေါင်းအ ချောင်း ၂ဝရှိ၏။ ငယ်သွားသည် ကလေးခြောက်လကစ၍ ပေါ်လာရာ သုံးနှစ်အရွယ်ကျမှစုံညီသည် သွားစုံသည့်အခါ ရှေ့သွားလေးချောင်း၊ အစွယ်နှစ်ချောင်း၊အံသွားလေးချောင်း ဟူ၍ အထက်သွား ၁ဝချောင်း၊ အောက်သွား၁ဝချောင်းရှိ၏။ ထိုငယ်သွားတို့သည် ခုနစ်နှစ်ရှစ်နှစ်အရွယ်မှ အစပြု၍ တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ထွက်ကုန်၏။ ထိုနေရာတွင် သွားသစ်များ ထပ်၍ပေါက်လာသည်။
သွားများကိုလေးမျိုးလေးစားခွဲထား၏။ ထိုသွားများမှာထိပ်တွင် ညီညီညာညာရှိသော ရှေ့သွား၊ အတန်ငယ်ရှည်ပြီး အလွန်ထက်မြက်သောသွား စွယ်ထိပ်တွင်နှစ်ထစ်ကွဲလျက် အလယ်တွင်ချိုင့်နေသောအံသွား၊ နောက်ဆုံးမှ ပေါက်သောအံဆုံးတို့ ဖြစ်၏။ ရှေ့သွားကား အထက်အောက် အားလုံးပေါင်း ရှစ်ချောင်းရှိ၏။ ဆောက်သွားကဲ့သို့ သဏ္ဌာန်ရှိ၍ ထက်၏။ ကိုက်ဖြတ်ရန်အသုံးဝင်၏။ အမြစ်တစ်ခုစီသာရှိသည်။ အစွယ်ကား အထက်အောက်အားလုံးပေါင်း လေးချောင်းရှိ၏။ ရှေ့သွားထက်ရှည်၍ချွန်၏။ အထက်မေးရိုးတွင်ထိုသွားသည်မျက်စိ ၏အလယ်ဗဟိုနှင့်တတန်းတည်းရှိသည်။ အစွယ်၏နောက်၌ အံသွားနှစ်ချောင်းစီပေါက်၍အထက် အောက်အားလုံးပေါင်း အံသွားရှစ်ချောင်းရှိသည်။ ဤသွားတွင် အမြစ်တစ်ခုမှ နှစ်ခုအထိရှိ၏။ အံသွားတို့၏နောက်၌ အံဆုံးသုံးချောင်းစီပေါက်၍ အထက်အောက်အားလုံးပေါင်း အံဆုံး ၁၂ ချောင်းရှိ၏။ ဤသွားများတွင် အမြစ်နှစ်ချောင်းမှသုံးချောင်းအထိရှိသည်။ အစားအစာများကို ကြေညက်စွာ ကိုက်ဝါးနိုင်ရန်အတွက် သန်စွမ်း၍များပြားသော အမြစ်များနှင့်ကျယ်ပြန့်သော မျက်နှာပြင်များ သဘာဝအလျောက်ရှိသည်။
အထက်ပါသွား ၃၂ချောင်းအနက် အံဆုံးလေးချောင်းမှတစ်ပါး ကျန်သွားများသည် အသက် ၁၂နှစ်၊ ၁၃နှစ်တွင်စုံလေ့ရှိ၏။ အံဆုံးလေးချောင်းမှာမူကား အသက် ၁၆နှစ်မှ ၂၅နှစ်အတွင်း ပေါက်တတ်သည်။ အံဆုံးပေါက်သည်ကိုမသိသူ မသိလိုက်ကြသော်လည်း အချို့မှာအံဆုံး ပေါက်သည့် ဝေဒနာကို အတော်ပြင်းပြင်း ခံကြရလေသည်။
သွားကို (၁)သွားဖုံးအထက်တွင်ပေါ်နေသော အပိုင်းနှင့် (၂)သွားဖုံးအတွင်းသို့ဝင်နေသောအမြစ်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည်။ အတွင်းသို့ အထပ်ထပ် အလွှာလွှာခွဲလိုက်သော (၁)အပေါ်ယံကြွေ ရည်သုတ်သကဲ့သို့ပြောင်လက်ချောမွတ်နေသောအပိုင်း၊ (၂) အတွင်းရှိအရိုး၊(၃) သွား၏အခြေဖြစ် သောကျောက်၊ (၄) အရိုးခေါင်းအတွင်းရှိသွေးကြောကလေးများနှင့် နာဗ်ကြောစုပေါင်းတည်ရာဌာနတို့ဖြစ်ကြသည်။ အပေါ်ယံ ကြွေရည်သုတ်သကဲ့သို့ပြောင်လက် ချောမွေ့နေသော အပိုင်းသည် သွား၏အပေါ်ဆုံးအ ထပ်ဖြစ်၏။ ကြွေရည်ခပ်ပါးပါးလောင်းထားသကဲ့သို့ဖြစ်နေ၏။ ဤစာကို ကြိတ်ချေရသောအပိုင်း များ၌မူကား ကြွေသားထူလေသည်။ သို့သော်အကြိတ်အချေများလာသည့်အခါ ထိုကြွေသားလည်း တဖြည်းဖြည်းပါးလာ၏။ ကြွေရောင်အပိုင်းအောက်တွင် ဆင်စွယ်ကဲ့သို့အရိုးရှိ၏။ ဤအရိုးသည်အ ပေါ်ယံကြွေသား ထက်ပျော့သော်လည်း သာမန်အရိုးထက်မာသည်။
သွား၏အရင်းပိုင်းတွင်ပါးသောအရိုးလွှာကလေးဖြင့်ဖုံးအုပ်နေ၏။ ဤသို့ဖုံးအုပ်နေပုံမှာသွား၏ အထက်ပိုင်းတွင် ကြွေသားဖြင့်ဖုံးအုပ်နေသကဲ့သို့ပင်ဖြစ်လေသည်။ အရိုးခေါင်းထဲရှိ သွေးကြောကလေးများနှင့် နာဗ်ကြောများတည်ရာဌာနတွင် သွားများ အစဉ်ခိုင် မြဲလျက်ရှိစေရန် အာဟာရဓာတ်ဖြင့်ထောက်ပံ့ပေးနေသော သွေးကြောကလေးများရှိ၏။ ဤသွေးကြောများသည် အရိုးတွင်းရှိ အလွန်သေးသွယ်ငယ်ငေါင်းသော ပြွန်များမှတစ်ဆင့် သွားတစ်ခုလုံးကို အာဟာရဓာတ်ဖြင့်ထောက်ပံ့လျက်ရှိသည်။
ငယ်သွားများသည်ကြီးသွားများထက်ငယ်၏။ ငယ်သွားကျိုးပြီးနောက် ကြီးသွားထပ်ပေါက်လာခြင်းမှာ ငယ်သွားအောက်၌ ကြီးသွားသည်သွားအထက်သို့ ထွက်ပြူရန်အဆင်သင့်ရှိနေခြင်း ကြောင့်ဖြစ်လေသည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]သွားတွင် အပိုင်း(၂)ပိုင်းပါဝင်သည်။ ပါးစပ်ထဲတွင် မြင်နေရသောအပိုင်းကို အပေါ်ပိုင်း(Crown) နှင့် အရိုးအတွင်းတွင် မြှပ်နေသောအပိုင်းကို အမြစ်(Root)အပိုင်းဟူ၍ ဖြစ်သည်။ သွားတွင် အဓိကအာ့ဖြင့် အလွှာ (၄)လွှာရှိသည်။ သွား၏အပေါ်ဆုံးအလွှာကို ကြွေလွှာ(Enamel)ဟုခေါ်ပါသည်။ ကြွေလွှာသည် အမာဆုံးအလွှာဖြစ်သည်။ အရောင်မှာလည်း အဖြူရောင်ရှိပြီး အလှအပ အတွက် အသုံးဝင်ပါသည်။ ထိုအလွှာအောက်တွင် ဆင်စွယ်နှစ်လွှာ(Dentine)ရှိသည်။ ထို ဆင်စွယ်နှစ်လွှာသည် ကြွေလွှာထက် အနည်းငယ်ပျော့ပျောင်းပြီး အရောင်မှာ လည်း အဝါရောင် သမ်းနေပါသည်။ ဆင်စွယ်နှစ်လွှာအောက်တွင် မွသွားလွှာ(Pulp)ရှိလေသည်။ မွသွားလွှာထဲတွင် သွေးကြောမျဉ်များ အာရုံကြောများရှိတည်ရှိသည်။ ထိုသွေးကြောများ အာရုံကြောများက သွားကို အသက်ရှင်သန်အောင် ဖန်တီးပေးထားသည်။ သွားအတွင်းပိုင်းလွှာ အမြစ်လွှာကို ပတ်ထားသောအလွှာကိုမူ သွားမြစ်ပတ်လွှာ(Cemetum) ဟုခေါ်ပါသည်။
သွားအမျိုးအစားများ
[ပြင်ဆင်ရန်]သွားများတွင် အရှေ့သွားများ(Incisors)၊ စွယ်သွား(canines)၊အရှေ့အံသွားများ(premolars) နှင့် အံသွားများ(Molars) ရှိသည်။ ကလေးများတွင်မူ အရှေ့အံသွားများ(premolars) များမရှိပါ။ အရှေ့သွားများ(Incisors) များသည် အစားအစာများကို ကိုက်ဖြတ်ရာတွင် အသုံးပြုပါသည်။ စွယ်သွား(canines) များမှာ အစားအစာများကို ကိုက်ဖြတ်ရာတွင်သော်လည်းကောင်း ဆုတ်ဖြဲရာတွင် လည်းကောင်းအသုံးပြုရသည်။ အရှေ့အံသွားများ(premolars) နှင့် အံသွားများ(Molars) များမှာ အစားအစာများကို ကြိတ်ါးရာတွင် အသုံးပြုပါသည်။
အရေအတွက်
[ပြင်ဆင်ရန်]သွားအရေအတွက်မှာ ကလေးသွားနှင့်လူကြီးသွားအရေအတွက်မှာ မတူညီပေ။ ကလေးသွားအရေအတွက်မှာ အချောင်း(၂၀)ရှိသည်။ ကလေးများတွင် ရှေ့သွား(၈)ချောင်း၊ အစွယ်သွား(၄)ချောင်းနှင့် အံသွား(၈)ချောင်းစီရှိသည်။ စုစုပေါင်း အချောင်း(၂၀)ရှိသည်။ လူကြီးသွားမှာ မူ ရှေ့သွား(၈)ချောင်း စွယ်သွား(၄)ချောင်း ၊အံအရှေသွား (၈)ချောင်း နှင့် အံသွား(၁၂)ချောင်း ရှိသည်။ စုစုပေါင်း လူကြီးသွားအရေအတွက် (၃၂)ချောင်းရှိသည်။ ကလေးများတွင် အံအရှေသွားများမရှိပါ။
သွားပေါက်လာပုံအဆင့်ဆင့်
[ပြင်ဆင်ရန်]သွားများသည် ကလေးဘဝ အသက်ခြောက်လ အရွယ်မှစ၍ စပေါက်လာသည်။ အသက်ခြောက်လ အရွယ်တွင် ကလေးအရှေ့သွားများ စပေါက်လာပြီးထိုမှ တဆင့်တဖြည်းဖြည်းကလေးသွားများ ပေါက်လာသည်။ ကလေးသွားများသည် ပုံမှန်အား (၂-၃)နှစ်ခန့်တွင် စုံပါသည်။ စုစုပေါင်းသွားအရေအတွက်(၂၀) ဖြစ်သည်။ အသက်ခြောက်နှစ် အရွယ်တွင် လူကြီးသွားများ စပေါက်လာသည်။ လူကြီးသွားများသည် အရှေ့သွားများ အရင်ပေါက်ပါသည်။ ထိုကြောင့်အသက်ခြောက်နှစ်အရွယ်တွင် ကလေးအရှေ့သွားများစ၍ လှုပ်လာသည်။ အောက်မှ လူကြီးသွားမှတိုးထွက်လာသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင်တပြိုင်တည်း လူကြီး အံသွားများစပေါက်ပါသည်။ အံသွားများ၏အရှေ့ဆုံးသွား(First Molars) ဖြစ်သည်။ ထိုနောက်ကလေးသွားများ တဖြည်းဖြည်းကျိုးကာ အသက်(၁၂)နှစ်အရွယ်တွင် ကလေးသွားများ အားလုံး ကျိုးပြီးဖြစ်သည်။ ထိုအချိန်တွင် လူကြီးသွားများမှာ နောက်ဆုံးအံသွား(Last molars)မှ လွဲ၍ အကုန်စုံနေပါသည်။ နောက်ဆုံးအံသွားများမှာ အသက်(၁၆)နှစ်မှ (၂၄)နှစ်အကြားပေါက်လာသည်။ နောက်ဆုံးအံသွားမပေါက်သူများလည်း ရှိနိင်ပါသည်။
အရေးပါဝင်မှု
[ပြင်ဆင်ရန်]သွားများသည် အဓိကအားဖြင့် အစာစားရန်ဖြစ်သော်လည်း အခြားအရေးပါမှုများလည်း ရှိသည်။ အရှေ့သွားများသည် မျက်နှာ၏အလှအပကို အထောက်အကူပြုတဲ့အတွက် အလှအပ အတွက်အသုံးဝင်လှပါသည်။ အံသွားများမှာ အဓိက အစာကိုကြိတ်ါးရန်အတွက် ပင်ဖြစ်သည်။ အခြားလုပ်ဆောင်ချက်များမှာ စကားပြောရန်အတွက်ပင်ဖြစ်သည်။ အသံအိုးအတွင်းမှ တက်လာသော လေများကို သွားများဖြင့်ထိန်းညှိ၍ အသံအနေအထား ပြောင်းလဲပေးခြင်းဖြစ်သည်။ သွားများမရှိသောအခါ စကားမပီခြင်းများ ဖြစ်လာနိင်ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)