သံလွင်အိပ်မက်

ဝီကီပီးဒီးယား မှ

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းသည် စင်္ကာပူအခြေစိုက် စာပေအနုပညာဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သည်။

သံလွင်မီဒီယာ

“သံလွင်” ဟု အတိုကောက် ခေါ်ဝေါ်ကြသော သံလွင်မီဒီယာကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် စာပေဝါသနာရှင် လူငယ်တစ်စုမှ စတင်ဖန်တီးခဲ့ကြသည်။ သံလွင်မီဒီယာ၏ သင်္ကေတ (Logo) မှာ အနက်ရောင် မြန်မာနိုင်ငံမြေပုံတွင် သံလွင်မြစ်ကို ထင်ရှားစွာ ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။ wwww.thanlwin.com တွင် အခြေပြုသည့် သံလွင်မီဒီယာသည် လက်ရှိအချိန်အထိ အင်တာနက်တွင် ဖတ်ရှုနိုင်သည့် Online Media အဖြစ်သာ တည်ရှိနေသော်လည်း အနာဂတ်ကာလတွင် ပိုမိုကျယ်ပြန့်၍ ပြည်သူကို အကျိုးပြုနိုင်သော မီဒီယာတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်ပါသည်။ သံလွင်အိပ်မက်သံလွင်မီဒီယာနှင့်အတူ ပေါက်ဖွားလာသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို မြန်မာတို့အတွက် လိုအပ်လျက်ရှိသည့် e-zine ခေါ် အင်တာနက်ပေါ်တွင် ဖတ်ရှုနိုင်သည့် မဂ္ဂဇင်းအဖြစ် စီစဉ်ခဲ့သည်။ ပုံနှိပ်မဂ္ဂဇင်းတစ်စောင် မဟုတ်သော်လည်း မဂ္ဂဇင်းတစ်စောင်တွင် ပါဝင်သင့်သော ကဏ္ဍများ စုံလင်စွာပါဝင်နိုင်ရန် အထူးပင်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။


သံလွင်အိပ်မက်နှင့် ဝိုင်းတော်သား အယ်ဒီတာများ၏ ရည်ရွယ်ချက်များမှာ - (၁) သုတ၊ရသ အဖုံဖုံပေးစွမ်းနိုင်သည့် စာပေဖန်တီးသူများအား မြေတောင်မြှောက်ပံ့ပိုးရန် (၂) အဆိပ်အတောက်ကင်းသော စာပေများကို စုစည်း၍ စာဖတ်သူများထံ မျှဝေရန် (၃) တိုင်းပြည်နှင့် လူမျိုးအကျိုးကို မီဒီယာ၊ မဂ္ဂဇင်းတစ်ခုအနေဖြင့် တာဝန်ကျေစွာ သယ်ပိုးဆောင်ရွက်သွားရန် တို့ဖြစ်သည်။၂၀၀၅ ခုနှစ်နောက်ပိုင်း သံလွင်အိပ်မက်ကို လူသိများလာပြီးနောက် အင်တာနက်ပေါ်တွင် စာရေးသူ၊ စာချစ်သူများအကြား ဆုံစည်းရာ၊ လက်ရည်သွေးရာ၊ ခံစားချက်များ ဖလှယ်ရာ အင်တာနက် စာမျက်နှာတစ်ခုအဖြစ် ရပ်တည်လာသည်မှာ ယခု ၂၀၁၂ ခုနှစ်တွင် ၈ နှစ်တိုင်ပြီဖြစ်သည်။


သံလွင်အိပ်မက် သမိုင်းကြောင်း

အင်တာနက် စာမျက်နှာတစ်ခုအဖြစ် ရပ်တည်လာသည်မှာ ယခု ၂၀၁၂ ခုနှစ်တွင် ၈ နှစ်တိုင်ပြီဖြစ်သည်။ ထို ၈ နှစ်တာဖြတ်သန်းခဲ့သော သံလွင်အိပ်မက် သမိုင်းကြောင်းကို အောက်ပါအတိုင်းမှတ်တမ်း တင်အပ်သည်။


၂၀၀၄

ညီညီ(သံလွင်)၊ စည်သူ(သံလွင်) နှင့် ကိုဇေ(သံလွင်) တို့မှ ဦးစီး၍ ဩဂုတ်လတွင် ပထမဆုံး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို စီစဉ်ဖြန့်ချိခဲ့သည်။ ၄ လ တစ်ကြိမ်ထုတ်ဝေရန် သဘောတူခဲ့ကြသည်။


၂၀၀၅

ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ကိုဇေ(သံလွင်) အနားယူခဲ့ပြီး နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။ စည်သူ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ယူခဲ့သည်။


၂၀၀၆

အယ်ဒီတာအဖွဲ့တွင် ကိုငယ်(မန္တလေး) ပါဝင်လာခဲ့ပြီး ပိုမိုအင်အားတောင့်တင်းလာသဖြင့် သံလွင်အိပ်မက်ကို ၄ လ တစ်ကြိမ်မှ ၃ လ တစ်ကြိမ် ပြောင်းလဲ ထုတ်ဝေခဲ့သည်။


၂၀၀၇

ဘလော့ဂါမောင်ပွတ် အေးချမ်း(သံလွင်) အမည်ဖြင့် သံလွင်အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။


၂၀၀၈

နေမျိုး(သံလွင်) ကို နိုင်ငံရေးပုဒ်မများဖြင့် ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလတွင် ထောင်တွင်းမျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ ချမှတ်ခြင်းခံခဲ့ရသည်။ ညီညီ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ကို ယူခဲ့ပြီး သံလွင်အင်တာနက်စာမျက်နှာကို ခေတ်မီအဆင့်မြင့်ပုံစံအသစ်ဖြင့် စတင်လွှင့်တင်ခဲ့သည်။ သံလွင်ပရိသတ်များအတွက် မြန်မာနှင့် ကမ္ဘာ့သတင်းများကို သံလွင်မီဒီယာအနေဖြင့် ဖော်ပြခဲ့သည်။


၂၀၀၉

အပြောင်းအလဲအနေဖြင့် သံလွင်အိပ်မက်ကို အကြောင်းအရာ တစ်ခုအပေါ် အလေးပေးဖော်ပြသည့် Theme များ သတ်မှတ်ကာ ထုတ်ဝေခဲ့သည်။ သံလွင်မီဒီယာနှင့် သံလွင်အိပ်မက် ငါးနှစ်ပြည့်အထိမ်းအမှတ် အထူးထုတ် စာစောင်ကို ဇူလိုင်လတွင် စာမူအင်အား တောင့်တင်းစွာဖြင့် ထုတ်ဝေနိုင်ခဲ့ရာ အားပေးမှု အထူးရရှိခဲ့သည်။ ၎င်းနှင့် ပတ်သတ်၍ VOA အသံလွှင့်ဌာနမှ ရေဒီယိုအင်တာဗျူးတင်ဆက်ခဲ့သည်။


၂၀၁၀-၂၀၁၁

၂ နှစ်အတွင်း သံလွင်အိပ်မက် ၂ ကြိမ်သာ ထုတ်ဝေနိုင်ခဲ့သလို ပုံမှန်တင်ဆက်နေသည့် သတင်းကဏ္ဍကိုလည်း ရပ်နားခဲ့ရသဖြင့် ပရိသတ်နှင့် ထိတွေ့မှု အတန်အသင့် ကင်းကွာသွားခဲ့ရသည်။ သံလွင်မီဒီယာအတွက် Facebook စာမျက်နှာ ဖွင့်လှစ်ခဲ့သည်။


၂၀၁၂

အကျဉ်းချခံထားရသည့် အယ်ဒီတာ နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာကာ အယ်ဒီတာချုပ်အနေဖြင့် သံလွင်အိပ်မက်ရှေ့ဆက်နိုင်ရန် အားဖြည့်ကူညီခဲ့သည်။ ဇူလိုင်လတွင် ညီညီ(သံလွင်) သံလွင်အိပ်မက်မှ အနားယူခဲ့သည်။ စာမူများကို စုဆောင်းထားပြီး ၃ လ တစ်ကြိမ်ထုတ်ဝေနေမည့်အစား ပြောင်းလဲမှု မြန်ဆန်သော ခေတ်နှင့် လျော်ကန်မှု ရှိစေရန် သင့်လျော်ရာ စာမူများကို အချိန်အနည်းငယ်အတွင်း ဖော်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ မပြောင်းလဲမီ အချိန်အထိ သံလွင်အိပ်မက် အစောင် ၂၀ ခန့် ထုတ်ဝေခဲ့ပြီး စာမူများကို အခြားမီဒီယာများနှင့် ပုံနှိပ်စာနယ်ဇင်းများမှ ဆင့်ပွားဖော်ပြခဲ့ကြသည်။ မီဒီယာတစ်ခုအနေဖြင့် သုတ၊ရသ စာပေများ တင်ဆက်ရုံသာမက အခြားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာ့အရေးကို ဘက်စုံမှကူညီပံ့ပိုးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]