သံရောင်လိုက်မှို

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သံရောင်လိုက်မှိုသည် ပင်ဖျက်ပိုးများကဲ့သို့အပင်များ အထူးသဖြင့်ကောက်ပင်များကို များစွာ ပျက်စီးစေနိုင်သောမှိုမျိုးဖြစ်သည်။ ယင်းမှိုမျိုးမှထွက်သော မျိုးမှုန်များသည် အလွန်သေးငယ်ကြ ၍ သံချေးနှင့်တူပြီးလျှင် သံချေးအရောင်ကဲ့သို့ရှိသောကြောင့် သံရောင်လိုက်မှိုဟု အမည်တွင်သည်။ ကောက်ပင်များတွင် သံရောင်လိုက်မှို ကျရောက်လာသည့်အခါ အပင်များညှိုးနွမ်း သွားကာ သီးနှံများမအောင်မြင်နိုင်တော့ချေ။ တစ်ခါတစ်ရံ စိုက် ပျိုးထားသည့် လယ်ယာတွင် တစ်ဝက်မျှအထိပျက်စီးဆုံးရှုံးစေနိုင်သည်။ သံရောင်လိုက်မှိုတွင် ခြည်မျှင်သဖွယ် အထူးအင်္ဂါများရှိရာ ယင်းတို့သည် အပင်၏ဆဲများထဲသို့ ဖောက်ထွင်း ထိုးဝင်ပြီးလျှင် အပင်၏အစာများကို စုပ်ယူစား သောက်ကြသည်။ ထိုအခါပင်စည်နှင့် အရွက်များသည် ခြောက်သွေ့သွားတော့၏။ ထိုကြောင့်သံရောင်လိုက်မှိုသည် တောင်သူလယ်သမားများအတွက် ကြီးစွာသောအန္တရာယ် တစ်ခုဖြစ်ပေသည်။ သံရောင်လိုက်မှို အများဆုံး ကျရောက်တတ်သော ကောက်ပင်များမှာ ဂျုံပင်၊ မြင်းစားဂျုံပင်၊ မုယောပင်တို့ ဖြစ်ကြသည်။ ရိုင်းစပါးပင်၊ ပဲပင်၊ ကလိုဗာပဲပင် နှင့် အစေ့မာသီးအပင်များ၌လည်း သံရောင် လိုက်မှို ကျရောက် စွဲကပ်တတ်သည်။ သံရောင်လိုက်မှိုသည် ကောက်ပင်များကိုသာမက သစ်ပင်ကြီးများကို လည်း ပျက်စီးစေနိုင်သဖြင့် သစ်လုပ်ငန်းကိုလည်းများစွာ ထိခိုက်စေနိုင်သည်။

သံရောင်လိုက်မှိုကို စတင်လက်ခံ၍ကြီးပွားစေသော လက်ခံပင်နှစ်မျိုးရှိ၏။ လက်ခံပင်တစ်မျိုးမှာ ဂျုံပင်ဖြစ်၍ အခြားလက်ခံပင်တစ်မျိုးမှာဗာဗာရီပင်ဖြစ်သည်။ အကယ်၍ ဗာဗာရီပင်များကို အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းလိုက်ပါက ဂျုံပင်များတွင် ကျရောက်တတ်သော သံရောင်လိုက်မှို များပါ ပျောက်ကွယ်သွားနိုင်သည်ဟု ရုက္ခဗေဒပညာရှင်များ ကယူဆကြသည်။ သံရောင်လိုက်မှို မူလကျရောက်လာပုံမှာ ဗာဗာရီပင်အရွက်၏ အောက်ဘက်ရှိ ချိုင့်ခွက်ကလေးများတွင် လိမ်မော်ရောင်မျိုးမှုန်စိုင်များကို ပထမတွေ့ရှိရသည်။ ဤမျိုးမှုန်များကို လေကမိုင်ပေါင်းများစွာ တိုက်ခတ်ယူဆောင်ရာမှ ဂျုံပျိုးပင်များ ပေါ်သို့ရောက်ရှိလာသည်။ မျိုးမှုန်များသည် ဂျုံပင်ပေါ်တွင် ခြည်မျှင်သဖွယ် အညှောက်ထွက်လာကာ ရိုးတံတွင်းသို့ ထိုးဖောက်ဝင်သွားပြီးလျှင် ဂျုံပင်၏အစာကို စားသောက်သဖြင့် အပင်မကြီးထွားနိုင်တော့ပဲ ညှိုးနွမ်း သွားလေသည်။ ကောက်ရိတ်ချိန်မတိုင်မီတွင် ဂျုံပင်၏ အရွက်များနှင့် တစ်ခါတစ်ရံရိုးတံများပေါ်တွင် သံရောင်စင်းများ နှင့်အစက်များပေါ်လာ၏။ ဤသံရောင်လိုက်မှိုစင်းများ၏ အရောင်မှာအနီဖြစ်သည်။ လေတိုက်ခတ်မှုကြောင့် ဤမှိုစင်းများမှ မျိုးမှုန်များသည်အနီးအနားဂျုံပင်များသို့ ပျံ့လွင့်သွားရကား မျိုးပွားကာ မှိုရောဂါ လျင်မြန်စွာကူးစက်သွားလေသည်။ ဂျုံပင်များကြီးရင့်လာသောအခါ ပင်စည်များတွင် အမည်း ရောင်အစင်းနှင့် အစက်များပေါ်လာပြန်၏။ လေတိုက်ခတ်မှုကြောင့် ထိုအမည်းရောင်အစင်းများမှ မျိုးမှုန်များသည် ဗာဗာရီပင်အရွက်များသို့ရောက်ရှိသွားပြန်လေသည်။ သို့ဖြင့် ဤသံရောင်လိုက်မှိုရောဂါသည် တစ်နေရာမှတစ်နေရာသို့ လှည့်လည်ကာ တစ်နှစ်ပြီးတစ်နှစ်ဆက်၍ ကောက်ပင်များ ကို ဖျက်ဆီးလေသည်။ စိုက်ပျိုးသည့်အခါ ဂျုံပင်တစ်မျိုး တည်းကို နှစ်စဉ်မစိုက်ပျိုးဘဲ အခြားကောက်ပင်များနှင့် လဲ၍အလှည့်ကျ စိုက်ပျိုးသွားပါက သံရောင်လိုက်မှိုရောဂါ ပျောက်ကင်းသွားနိုင်ပေသည်။

မှိုရောဂါတစ်မျိုးရှိသေးသည်။ ထိုမှိုမျိုးသည်သံရောင်လိုက် မှိုမျိုးကဲ့သို့မဟုတ်ဘဲ မျိုးစေ့များတွင်ဦးစွာ စွဲကပ်တတ်သည်။ ထိုမျိုးစေ့များကို လယ်တွင်ကျဲလိုက်သည့်အခါ ပျိုးပင်များ ထွက်ပြူလာသည်နှင့်တစ်ပြိုင် နက်မှိုရောဂါပါ တစ်ဆက်တည်းပါ လာတော့၏။ ကောက်ပင်နှင့်အတူရောဂါမျိုးမှုန်တို့လည်း တိုးပွားလာကြ၍ အပင်၏အစာကို စုတ်ယူစားသောက်ကြ သည်။ ထိုကြောင့် ထိုမှိုရောဂါမျိုးကျရောက်သော ကောက်ပင်တို့တွင် အနှံများမအောင်မြင်ဘဲရှိတတ်သည်။ အောင်မြင် သော်လည်း အစေ့များအဖျင်းများ၏။ အဖျင်း များတွင်ရောဂါ မျိုးမှုန်တို့ဖြင့် ပြည့်နေသဖြင့် ကောက်နှံနယ်သည့်အခါ၌ဖြစ်စေ၊ ကောက်လှိုင်းများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူသည့်အခါ၌ဖြစ်စေ၊ ထိုရောဂါမျိုးမှုန်တို့သည် အောင်မြင်သော ကောက်စေ့များသို့ကူးစက် သွားလေသည်။ ဤနည်းဖြင့် ရှေ့တစ်နှစ်တွင် ကြဲရမည့်မျိုးစေ့များ၌ မှိုရောဂါတွယ်လျက် ရှိပြန်လေသည်။ ဤမှိုရောဂါမျိုးမှာသုံးမျိုးရှိသည်။ တစ်မျိုးမှာကောက်နှံကို ကျပ်ခိုးမှုန့်ကဲ့သို့ဖြစ်သွားစေ၏။ ထိုကျပ် ခိုးမှုန့်ကိုလေ တိုက်ခတ်၍ လွင့်ထွက်သွားသည့်အခါ အပင်ရိုးတံသာထီးတည်းကျန်ခဲ့တော့သည်။ ဒုတိယ ရောဂါမှိုရောဂါမျိုးမှာ ကောက်နှံတစ်ခုလုံးကို ကောက်ရိတ်ချိန်ရောက်မှ ကြွေ ကျစေသည်။ တတိယရောဂါမျိုးမှာအခွံအတွင်း၌ရှိသော အစေ့များကို ဖျက်ဆီးသဖြင့် အဆိုးရွားဆုံးရှိသည်။ တစ်ခါ တစ်ရံလယ်တဝက် ခန့်လောက်ပျက်စီးသွားနိုင်သည်။ ဤတတိယမှိုရောဂါမျိုးကျရောက်သည့်အခါ အစေ့အတွင်း ၌ရှိသော အမှုန့်နံ့မှာငါးပုပ်နံ့ရသည်။

ကောက်ပဲသီးနှံပင်တို့ကို ဤမျှပျက်စီးစေနိုင်သောသံရောင်လိုက်မှိုနှင့် အခြားမှိုရောဂါများကို ကာကွယ်ရန် နည်းလမ်းများရှာရာ၌ ထိုရောဂါများကိုခံနိုင်ရည်ရှိမည့် မျိုးသန့်များရရှိအောင်ထိန်းသိမ်း နည်းမှာ အကောင်းဆုံးနည်းဖြစ်သည်ဟု စိုက်ပျိုးရေးလေ့လာသူများတွေ့ရှိရသည်။ ထိုရောဂါမျိုး ကျရောက်လျက်ရှိသေ ာလယ်မြေများတွင် ကောက်ပင်အမျိုးမျိုးကိုအလှည့်ကျ စိုက်ပျိုးခြင်းဖြင့်လည်း ပပျောက်သွား နိုင်သည်။ မြေဆီလွှာတွင်နိုက်ထရိုဂျင်ဓာတ်၊ သို့မဟုတ် အစိုဓာတ်များလွန်းလျှင်လည်း ထိုရောဂါမျိုးကျ ရောက်နိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)