သံချပ်ကာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဥရောပတိုက်တွင် နပိုလီယန်စစ်ပွဲများပြီးသည့် တိုင်အောင် စစ်သင်္ဘောများကို အမြောက်ကျည်ဆံဒဏ်ခံနိုင်စေရန် နှစ်ပေအထူရှိသော ဝက်သစ်ချသားတို့ဖြင့် ဆောက်လုပ်လာခဲ့ကြသည်။ သို့သော် ၁၉ ရာစုနှစ်အလယ်ခေတ်လောက်ရောက်သောအခါ အမြောက်ကျည်ဆံများသည်ယခင်ကထက်ပိိုမိုပြင်း ထန်လာသည့်အတွက် စစ်သင်္ဘောများကို သံချပ်ကာများဖြင့်မဆောက်လုပ်လျှင် မဖြစ်သည့်အခြေသို့ ဆိုက်ရောက်လာလေသည်။

သံချပ်ကာသမိုင်းကိုပြန်ကြည့်လျှင် ၁၈ဝ၅ ခုနှစ်၌အင်္ဂလန်ပြည်တွင် အင်္ဂလိပ်လူမျိုးတစ်ဦးက ရှေးခေတ် စစ်သူရဲကောင်းတို့ဝတ်ဆင်ခဲ့သော ချပ်ဝတ်တန်ဆာ၏ သဘောကိုမှီး၍သံချပ်ကာစစ်သင်္ဘောဆောက်လုပ်နိုင်မည့် နည်းကိုကြံစည်ထုတ်ဖေါ်ခဲ့ဘူး၏။ သို့သော်ထိုအကြံအစည်မှာ အကောင်အထည်မပေါ်ခဲ့ပေ။

၁၈၅၅ခုနှစ်သို့ရောက်မှပြင်သစ်နိုင်ငံတွင် လက်တွေ့အောင်မြင်သော သံချပ်ကာစစ်သင်္ဘောများကို စတင်တည်ဆောက်နိုင်လာသည်။ထိုပြင် ပြင်သစ်လူမျိုးတို့သည် မိမိတို့ဆောက်လုပ်သော ပထမဆုံး သံချပ်ကာစစ်သင်္ဘော သုံးစင်းကို ရုရှတို့နှင့် တိုက်ခိုက်ရန်ကရိုင်မီးယားစစ်ပွဲသို့ ရှေးဦးစွာစမ်းသပ်ပို့လွှတ်လိုက်သည်။ ထိုသံချပ်ကာ စစ်သင်္ဘောသုံးစင်းသည်ကိုက် ရဝဝ မှပစ်ခတ်သော အမြောက်ကျည်ဆံဒဏ်ကို သုံးနာရီတိုင်တိုင် ခံခဲ့ရသော်လည်းဆိုလောက်အောင်ပျက်စီးခြင်းမရှိခဲ့ပေ။

အမေရိကန်နိုင်ငံပြည်တွင်းစစ်ဖြစ်ပွားစဉ် ကလည်း မော်နီတာနှင့်မာရီမက်အမည်ရှိသည့် သံချပ်ကာစစ်သင်္ဘောနှစ်စင်းယှဉ်ပြိုင်တိုက်ခိုက်ကြရာ နှစ်စင်းစလုံးအမြောက်ကျည်ဆံတို့၏ဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိပုံကို တွေ့ရသောကြောင့်သံချပ်ကာ၏ အကျိုးရှိပုံကိုသိလာကြသည်။ ထိုအချိန်မှစ၍ စစ်သင်္ဘောများတွင်သံချပ်ကာများကို အများအပြားတပ်ဆင် အသုံးပြုလာကြလေသည်။

စစ်သင်္ဘောများတွင်ပထမဆုံးအသုံးပြုသည့် သံချပ်ကာများကိုချွတ်သံဖြင့်ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် နောင်သော်သေနပ်အမြောက်စသည့်လက်နက်များက တစ်နေ့တစ်ခြား ပြင်းထန်လာသည့်အတွက် ချွတ်သံဖြင့် ပြုလုပ်သည့်သံချပ်ကာများကို နောက်ဆုံးတွင်မသုံးနိုင်တော့ပဲ ထိုထက်မာ၍ခံနိုင်ရည်ရှိသည့် သံများကိုကြံစည်ပြုလုပ် ကြရပြန်လေသည်။ သံချပ်ကာများတိုးတက်ခိုင်ခံ့ လာသည်နှင့်အမျှ အမြောက်ဆန် များကလည်း ထိုသံချပ်ကာများကိုဖောက်ထွင်းပစ်ခတ်နိုင်အောင်တိုးတက်ပြင်း ထန်လာသည်။ ဤနည်းဖြင့် အမြောက်ဆန်များကို ပြင်းထန်သည်ထက် ပြင်းထန်အောင် တိုးတက်လုပ်ကိုင်လာသလောက်သံချပ်ကာများကိုလည်း တစ်နေ့တစ်ခြား ခိုင်မာသည်ထက်ခိုင်မာအောင် ပြုပြင်လုပ်ကိုင်လာကြရာနောက်ဆုံးတွင် သံချပ်ကာများကို ကရိုမီယန်အနည်းငယ်ရောစပ်ထားသော နစ်ကယ်သံမဏိဖြင့် လုပ်ကိုင်သည့်နည်းကိုတွေ့လာကြ သည်။

အဆိုပါသံမဏိမှခေတ်မှီသောစက်၊ ခေတ်မီသောနည်းများဖြင့် အထူးတလည် ပြုလုပ်ရရှိသော သံချပ်ကာတို့မှာ အလွန်ပင်ခိုင်ခံ့၏။ မည်မျှခိုင်ခံ့သည့်သံချပ်ကာမျိုးဖြစ်စေကာမူ အနီးကပ်တိုက်ပွဲ မျိုးဖြစ်လျှင်ကား အလွန်ပြင်းထန်သော ခေတ်ပေါ်အမြောက်ကျည်ဆန်များကိုခံနိုင်ရည်မရှိပေ။ သို့သော် ယခုခေတ်စစ်ပွဲများတွင် စိုးရိမ်လောက်အောင် အနီးကပ်တိုက်ပွဲများလည်းဖြစ်ပွားခဲ့ပေသည်။ ယခုခေတ်စစ်သင်္ဘောကြီးများတွင် သံမဏိသံချပ်ကာ များကို ရေအောက်သို့ ငါးပေလောက် ရောက်အောင်အထိ ကာရံတပ်ဆင်ထားကြသည်။ သင်္ဘောအလယ်ပိုင်းတွင် သံချပ်ကာများသည် ၁၂ လက်မမှ၁၈ လက်မအထိထူတတ်၍ ဦးနှင့်ပဲ့ပိုင်းတွင်အနည်းငယ်ပါးတတ်သည်။ သင်္ဘောဝမ်းတွင်း၌ လည်း သံမဏိသံချပ်ကာများဖြင့် ကန့်လန့်ဖြတ်၍ ကာရံတပ်ဆင်ထားလေ့ရှိရာ သင်္ဘောသားများအခန်း၊ စက်ခန်းနှင့်ခဲယမ်းမီး ကျောက်များထားရာအခန်းများသည်သံချပ်ကာသေတ္တာထဲတွင် ထည့်ထားသည်နှင့်မခြားအလွန်ပင်လုံခြုံလှ ပေသည်။

နောက်ဆုံးပေါ်စစ်သင်္ဘောကြီးအချို့တွင်တပ်ဆင်ထားသော သံချပ်ကာများမှာ နှစ်ပေအထိပင် ထူသည်ဟုသိရလေသည်။ စစ်သင်္ဘောများတွင်ရှိသောအမြောက်စင်များကိုလည်း အထူးကာကွယ်ရန်အရေးကြီးသည့်အတိုင်း အထူဆုံးသံချပ်ကာများဖြင့်ကာကွယ်ထားတတ်သည်။

ရေတပ်ဆိုင်ရာစစ်သင်္ဘောနှင့်အမြောက်စင်များတွင် သာမဟုတ်၊ ကြည်းတပ်များတွင်အသုံးပြုကြသည့်အမြောက် ကျည်ကာအမြောက်စင်နှင့်တကွ သံချပ်ကာ မော်တော်ကား၊ သံချပ်ကာမီးရထား၊ သံချပ်ကာတင့်ကားများ၌လည်း ယခုအခါသံချပ်ကာများကိုအကျိုးရှိစွာ အနှံ့အပြား အသုံးပြုလျက်ရှိကြ၏။ သို့သော်ဤသံချပ်ကာများမှာ စစ်သင်္ဘောတွင်အသုံးပြုသောသံ ချပ်ကာမျိုးလောက် မထူကြချေ။ လက်နက်နှင့်တိုက်ခိုက်နည်းများ တိုးတက်ပြောင်းလဲ လာခြင်းကြောင့် စစ်သင်္ဘောကုန်းပတ်များကိုလည်း တစ်မျိုး တစ်မည် ပြုပြင်ပြောင်းလဲပေးခဲ့ရသည်။ ရှေးက စစ်သင်္ဘော များတွင် အပေါ်ဘက်မှကျရောက်သည့် ဘေးအန္တရာယ်များနည်းပါးခဲ့သည်။ ထိုကြောင့်ကုန်းပတ်များကို သံချပ်ကာအပါးစားနှင့်ပင်ဆောက်လုပ်ခဲ့ကြ၏။ သို့သော် ပြီးခဲ့ သော ပထမကမ္ဘာစစ်ပွဲမှစ၍ အဝေးမှပစ်ခတ်၍သော်၎င်း၊ လေယာဉ်ပျံများဖြင့် တိုက်ခိုက်ခြင်းကြောင့်သော်၎င်း သင်္ဘော ကုန်းပတ်များကို မကြာခဏထိမှန်နိုင်သည့်အတွက် ယခုခေတ် စစ်သင်္ဘောများတွင်သင်္ဘောကုန်းပတ်ကိုခံနိုင်ရည်ရှိသည့် သံချပ်ကာအထူစားများဖြင့်ဆောက်လုပ်ထားကြရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)