သော့နှင့်သော့ခလောက်

ဝီကီပီးဒီးယား မှ

အိမ်တံခါး၊ ပြတင်း၊ ဗိီရို၊ သေတ္တာ၊ အံဆွဲစသော ဖွင့်ရပိတ်ရသည့် အိမ်ထောင်ပစ္စည်းများကို လုံခြုံမြဲမြံစွာပိတ်ထားရန်အတွက် သော့နှင့်သော့ခလောက်များကို အသုံးပြုကြရလေသည်။ ရှေးပါရှားနိုင်ငံ ခေါစဗက်မြို့တွင်ရှိသော ရှေးခေတ်နန်းတော် ပျက်ကြီးအတွင်း၌ နှစ်ပေါင်း၄ဝဝဝ ကျော်ကျော်ခန့်က အသုံးပြုခဲ့သော သော့ခလောက်ကြီးကိုတွေ့ရှိခဲ့ကြောင်းဖြင့် ဂျိုးဇက်ဗိုနိုမီဆိုသူ ဣတာလျံလူမျိုး ခရီးသည်တစ်ဦးက ရေးသားခဲ့ဖူးလေသည်။ ယင်းသော့ခလောက်နှင့်သဏ္ဌာန်တူသော သစ်သားသော့ခလောက်ကြီးမျိုးကို စကော့တလန်ကမ်းရိုးတန်းနှင့် မကွာလှမ်းလှသော ဖာရိုးကျွန်းများ၊ ဂျပန်နိုင်ငံ၊ နော်ဝေး နိုင်ငံများ၌လည်းတွေ့ရှိကြသည်။

ရှေးခေတ် သစ်သားသော့ခလောက်များသည် အလွန်တစ်ရာ ထုထယ်ကြီးမားလေသည်။ သော့ခလောက် ကိ်ုဖွင့်သည့် သော့တံပင်လျှင် တစ်ပေခန့်ရှည်၍ တစ်ပေါင်ခန့်လေးသည်။ သစ်သားသည် သံ၊ကြေး နီစသောသတ္တုများလောက် မခိုင်ခန့်သဖြင့် ထိုကဲ့သို့ကြီးကြီး လုပ်၍ အသုံးပြုကြခြင်း ဖြစ်ဟန်တူသည်။ သံ၊ ကြေးနီ စသည်တို့ပေါ်လာသည့်အခါ ယင်းတို့ဖြင့် သော့နှင့် သော့ခလောက်များကိုပြုလုပ်ကြသည်။ ထိုသော့နှင့် သော့ခလောက်မျိုးကို အီဂျစ်လူမျိုးတို့ ပထမဆုံးပြုလုပ်ခါစကမူ သစ်သားဖြင့်ပြုလုပ်သကဲ့သို့ပင် ထုထယ်ကြီးကြီးပြုလုပ်ကြသည်။ ထို့ကြောင့်ပင် ရဲတိုက်များအကျဉ်းထောင်များကို စောင့်ရသော ရဲတိုက် စောင့်နှင့်ထောင်မှူးတို့၏ခါး၌ တချွင်ချွင်မြည်၍ တွဲလွဲကျနေသော သော့တွဲကြီးများသည် အဆင်တန်ဆာ လက်နက်သဖွယ် ထယ်ဝါလှပေသည်။ ယခုထက်တိုင်ထို သော့ကြီးမျိုးကို လန်ဒန်မြို့ရှိတင်းပဲချပ် အဆောက်အအုံကြီးတွင် တွေ့မြင်နိုင်သေးသည်။ ထိုသော့နှင့်သော့ခလောက်ကြီးများသည် အချိန်စီး၍ ကြီးလှသော်လည်း ခိုင်မြဲလုံခြုံမှု၌ကား အိတ်ထဲတွင် ထည့်ယူနိုင်သည့် ယခုခေတ်သော့မျိုးကဲ့သို့ စိတ်မချရချေ။ ထိုခေတ်က သော့နှင့်သော့ခလောက်တို့သည် ခိုင်မြဲလုံခြုံမှုထက် အလှအပကိုပိုမို ဂရုထား၍ပြုလုပ်ထားလေသည်။ ဂရိတို့သည် သော့များကို ရွှေငွေများနှင့်တန်ဆာဆင်ကာ ဆင်စွယ်အရိုးပင် တပ်ထားတတ်ကြသည်။ ယင်းတို့သည် အလွန်လေးသဖြင့် ပခုံးဖြင့်ထမ်းသွားရသည်ဟုပင်ဆိုကြသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ ရှေးကျဆုံးသောခေတ်ကပင် သော့ခလောက်များကို ပြုလုပ်သုံးစွဲခဲ့ သည်ဟုအဆိုရှိသည်။ သော့တံမပါဘဲ ဖွင့်ပိတ်၍ရသော သော့ခလောက်များကို တရုတ်တို့ပင်တီထွင်ခဲ့ လေသည်။ အချို့သော့ခလောက်များတွင် ရွှေ့၍ရသောကွင်းများစွာပါလေသည်။ ထိုကွင်းများတွင်စာလုံး အမှတ်အသားများရှိသည်။ စာလုံးများကိုသတ်မှတ်ထားသော အစီအစဉ်ကျသည်အထိ ကွင်းများကို လှည့်လိုက်သောအခါမှ သော့ခလောက်ကိုဖွင့်၍ရလေသည်။

သော့နှင့်သော့ခလောက်အကြီးကြီးများ ပြုလုပ် သုံးစွဲရာမှ တဖြည်းဖြည်း လှပသောပုံသဏ္ဌာန်ရှိ သော့ခလောက် အကြီးအသေးအမျိုးမျိုးကိုပြုလုပ်ကြပြန်သည်။ ငှက်ရုပ်၊ ငါးရုပ်၊ ခွေးရုပ်၊ တြိဂံပုံ၊ နှလုံးပုံ၊ စက်ဝိုင်းပုံ၊စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးပြုလုပ်ကြသည်။ တစ်ဆဲ့ရှစ်ရာစုနှစ်နောက်ပိုင်းတွင် ဂျိုးဇက်ဗရာမာဆိုသူ တီထွင်သော သော့တူလုပ်မရသည့် သော့ခလောက်မျိုး ပေါ်လာသည်။ ဗရာမာ၏ သော့ခလောက်ထဲတွင် မောင်းတံ ကလေးများ ပါရှိသည်။ ထိုမောင်းတံကလေးများအားလုံးကို တစ်ပြိုင်နက်လှုပ်ရှားနိုင်ပါမှသော့ခလောက်ပွင့်လေသည်။ တစ်ဆဲ့ကိုးရာစုနှစ်အစတွင် ချားချပ်ဆိုသူ တီထွင်သော သော့နှင့်သော့ခလောက်များပေါ်လာသည်။ ချပ်တိီထွင်သော သော့နှင့်သော့ခလောက်သည် အနည်းဆုံး မောင်းခြောက်ခုပါရှိသည်။ ယင်းမောင်းတံကို ကာကွယ်ထားသော မောင်းတံတစ်ခုလည်းပါရှိသဖြင့် သူ့သော့နှင့်သူမဟုတ်က ဖွင့်နိုင်ရန် မဖြစ်သလောက်ခဲယဉ်းလေသည်။ အခြားသော့နှင့် ဖွင့်ပါက ကာကွယ်ထားသော မောင်းတံကိုသာမ တင်လိုက်သကဲ့သို့ဖြစ် ပြီးပြန်မကျလာဘဲ သော့မှာလည်း ဖွင့်မရတော့သဖြင့် ဖွင့်ရန်ကြံစည်ကြောင်း ပိုင်ရှင်သိနိ်ုင်သည်။ ဂ္ဂျပ်၏ သူ့သော့နှင့်သော့ခလောက်မျိုးကို ယခုအခါ ငွေတိုက်ကြီးများ၊ ဘဏ်တိုက်ကြီးများတွင် အသုံးပြုလျက် ရှိလေသည်။ 0x100သစတြေးလီးယားနိုင်ငံဆစ်ဒနီမြို့ရှိ ဓနသဟာယ ငွေစုဘဏ်တွင် ချပ်ကုမ္ပဏီမှပြုလုပ် ပေးထားသော ငွေတိုက်တံခါးသော့ခလောက်ကြီးသည် အလေးချိန်ပိဿာပေါင်း ၁၅ဝဝဝ ကျော်လေး သော်လည်း အလွန်အံကျချိန်ဆ ပြုလုပ်ထားသောကြောင့်ကလေးသူငယ်တစ်ယောက် အသာတွန်းရုံဖြင့်ရွေ့ လေသည်။

ချပ်နှင့်မရှေးမနှောင်းပင်နာမည်ကျော် ယေး သော့ခလောက်ကို တီထွင်ပြုလုပ်လေသည်။ လီနပ်ယေးသည် နှစ်ပေါင်း ၃ဝဝဝကျော်ခန့်က အီဂျစ်လူမျိုးများပြုလုပ်ခဲ့သော သစ်သားသော့ခလောက် ပုံစံကိုကြည့်၍ စိတ်ကူးရကာ တီထွင်လိုက်ခြင်းဖြစ်သည်။ ယေးဆလင်ဒါသော့ခလောက်မျိုးမှာ လုံးလုံးရှည်ရှည် သော့ခလောက်မျိုးဖြစ်၍ သော့အပြားကလေးနှင့် ခတ်ရလေသည်။ ထိုသော့ခလောက် မျိုးသည် လုပ်ပုံကိုင်ပုံ သပ်ရပ်သေသပ်လှ၍ သူ့သော့မဟုတ်ဘဲ အခြားသော့၏ အထစ်သည် တစ်လက်မ၏ ၅ဝ ပုံတစ်ပုံလေးမျှ ကြွာုခားရုံမျှဖြင့် ဖွင့်၍မရနိုင်ပေ။ သူ့သော့နှင့်သော့ခလောက်မှသာလျှင် သော့အိမ် အတွင်းရှိသံချောင်းလုံးကလေးများကို အလိုက်သင့်တင်နိ်ုင်၍ ဖွင့်နိုင်လေသည်။

သော့နှင့်ခတ်ရသော သော့ခလောက် မည်မျှပင်ကောင်းသော်လည်း မာစတာကီးဆိုသောသော့ အခရာခေါ်ထစ်များမရှိဘဲ မည်သည့်သော့ခလောက်မျိုးကိုမဆို ဖွင့်နိုင်သည့် သော့ချောင်းမျိုးဖြင့် သူခိုးတို့ ဉာဏ်ထွင်လာပြန်ရာ မည်သည့် သော့ခလောက်မျိုးမှမလုံခြုံစိတ်မချရချေ။ ထို့ကြောင့်သော့ချောင်းဖြင့် မဖွင့်ရသော သော့အိမ် သော့ခလောက်မျိုးကို ကြံစည်တီထွင်ကြပြန်သည်။ သို့ဖြင့် အချို့အာမခံ သေတ္တာကြီးများမှ သော့အိမ်များမှာ သက်ဆိုင်သူတို့သာ သိနိုင်သောစကားလုံးများဖြင့် ညွှန်းထားသော နည်းနှင့်သော့အိမ်မှ လက်ကိုင်ဖုကို ရှေ့တိုးနောက်ငင် ရွေ့ရှားလှည့်ပတ်ကာဖွင့်နိုင်ရန် ထွင်ထားကြသည်။ အချို့က လူနှစ်ဦးဖြစ်စေ၊ ထိုထက်ပိုသောသူများ၌ဖြစ်စေ၊ သော့များ ထားရှိ၍ ထိုသော့များနှင့် တစ်ယောက်ပြီးတစ်ယောက် သူ့အလှည့်နှင့်သူ သူ့အရေအတွက်နှင့် လှည့်ကာဖွင့်ရသည့် သော့အိမ်မျိ်ုးကိုလည်း အသုံးပြုကြလေသည်။ ၁၈၅ရခုနှစ်တွင် နောက်ဆုံးပေါ်သည့် သော့အိမ်မှာကား နာရီစက်ကလေး တပ်ဆင်ထား၍ ထိုနာရီဖြင့် သတ်မှတ်ထားသော အချိန်နာရီကျမှသာ သော့ပွင့်သည့်သော့မျိုးဖြစ်လေသည်။ ပွင့်စေလိုသော အချိန်ရောက်မှ အလိုလိုပွင့်သော သော့ခလောက်များဖြစ်၏။

သော့နှင့်သော့ခလောက်များမှာ ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းအသုံးပြုရသော အသုံးအဆောင်ဖြစ်၍ ငါးမူးတန် တစ်ကျပ်တန် တစ်ထောင်တန်လောက်အထိ အမျိုးမျိုးအစားစား ရှိပြီးလျှင် တစ်နှစ် တစ်နှစ်တွင် လုပ်ကိုင်ရောင်းချသော သော့ခလောက် သော့အိမ်များမှာသန်းပေါင်း ၅ဝကျော်မျှ ဖြစ်သည်ဟုသိရပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)