သောမတ် မိုး

ဝီကီပီးဒီးယား မှ

သောမတ် မိုး
Lord Chancellor
တာဝန်သက်တမ်း
အောက်တိုဘာ ၁၅၂၉ – မေ ၁၅၃၂
ဧကရာဇ်Henry VIII
ယခင်လူThomas Wolsey
ဆက်ခံသူThomas Audley
Chancellor of the Duchy of Lancaster
တာဝန်သက်တမ်း
၃၁ ဒီဇင်ဘာ ၁၅၂၅ – ၃ နိုဝင်ဘာ ၁၅၂၉
ဧကရာဇ်Henry VIII
ယခင်လူRichard Wingfield
ဆက်ခံသူWilliam FitzWilliam
Speaker of the House of Commons
တာဝန်သက်တမ်း
၁၆ ဧပြီ ၁၅၂၃ – ၁၃ ဩဂုတ် ၁၅၂၃
ဧကရာဇ်Henry VIII
ယခင်လူThomas Nevill
ဆက်ခံသူThomas Audley
လက်မှတ်
သောမတ် မိုး
ထင်ရှားသည့်
လုပ်ဆောင်မှု
Utopia (1516)
ခေတ်Renaissance philosophy
ဒေသWestern philosophy
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)Utopian
အဓိက စိတ်ဝင်စားရာ
Social philosophy
မှတ်သားလောက်သည့် အတွေးအကြံ
Utopia

ဆာသောမတ်မိုး (ခရစ် ၁၄၇၈-၁၅၃၅)သည် လက်တင်ဘာသာဖြင့် ရေးထား၍ ကမ္ဘာ့စာပေဂန္ထဝင်တွင် ထင်ရှားသော ယူဘိုးပီးယားခေါ်သော စာအုပ်ကို ရေးသားပြုစုသူ အင်္ဂလိပ်လူမျိုးနိုင်ငံပြု သုခမိန် ဖြစ်၎င်း၊ ဘာသာအယူဝါဒ အာဇာနည်အဖြစ်၎င်း ထင်ရှားကျော်ကြား၏ အဌမ ဟင်နရီဘုရင်၏ လက်ထက်တွင်အရေးပါသော ပုဂ္ဂိုလ်တဦးဖြစ်သည်။

ဆာတောမတ်မိုးသည် လန်ဒန်မြို့၌ ၁၄၇၈ ခုနှစ် ဖေဖွာရီလ ၇ ရက်နေ့တွင် မွေးဖွား၍ ဖခင်မှာ ထင်ရှားသော ဝတ်လုံတော်ရတဦး ဖြစ်လေသည်။ ငယ်စဉ်က ကန်တာဗာရီ ဂိုဏ်းချုပ်ကြီး ကာဒင်နယ် မော်တန်ထံတွင် လက်ပါးစေအဖြစ် အမှုထမ်း ခဲ့လေသည်။ အောက်စဖို့တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီနောက် ဥပဒေပညာရပ်များကို ဆက်လက်သင်ယူခဲ့လေ၏။ ကျောင်းမှထွက်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့ရာ များမကြာမီ ထင်ရှားကျော်ကြား လာခဲ့လေသည်။ သို့သော မိုမှာ ဘုရားတရား ကြည်ညိုသူဖြစ်ရကား ဘုရားဝတ်ပြုကာ ဥပုသ်သီတင်းစောင့်ကာ နေထိုင်ရင်းက သာသနာဘောင်အတွင်းသို့ ဝင်ရန်ပင် ကြံရွယ် ခဲ့၏ နောင်မှ ထိုအကြံကိုဖျက်လိုက်သော်လည်း သူပြုမူလုပ်ကိုင်သမျှတွင် ဘာသာအယူဝါဒ ရည်ရွယ်ချက်များသာ လွှမ်းမိုးခဲ့ပေသည် ၁၅ဝ၄ ခုနှစ်တွင် ပါလီမန်အမတ်တဦး ဖြစ်လာလေသည်။ သို့သော်လည်း သတ္တမဟင်နရီက အခွန်တော်များ ကြီးလေးစွာ ကောက်ခံသည်ကို အတိုက်အခံလုပ်သဖြင့် ဘုရင်အမျက်ရှခြင်းကိုခံရလေသည်။

အဌမဟင်နရီနန်းတက်သောအခါ၌ မိုးသည် ဆက်လက်၍အမှုတော်ထမ်းသည် မင်းပျိုမင်းလွင်ဖြစ်သော အဌမဟင်နရီဘုရင်သည် မိုး၏ အရည်အချင်းအစွမ်းအစကို သဘော ကျသဖြင့်အရေးပါလှသည့်ရာထူးကြီးများကို ထမ်းရွက်စေ၏။ တိုင်းတပါးသို့ သံတမန် အဖြစ်နှင့် ၁၅ဝ၉ ခုနှစ်တွင် စေလွှတ်ခဲ့လေသည်။ ၁၅၁၈ ခုနှစ်တွင် ပရီဗီကောင်စီတွင် အဖွဲ့ဝင်တဦးအဖြစ်၎င်း ၁၅၂၃ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်၎င်း ခန့်အပ်ခြင်းခံရ၏။ ၁၅၂၁ ခုနှစ်တွင် ဆာဘွဲ့အမည်ဖြင့် ချီးမြှင့်ခြင်းခံရသည် ၁၅၂၉ ခုနှစ်တွင် ကာဒင်နယ် ဝူလဇီ၏ နေရာတွင်ချန်စယ်လာခေါ် တရားဌာနဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရလေသည်။ ယခင်က ထိုရာထူးကို သာသနာရေးဘက်မှ ပုဂ္ဂိုလ်ကြီးများသာ ထမ်းရွက်ခဲ့ရလေသာ လူဝတ်ကြောင်ဖြင့် ပထမဦးစွာထမ်းရွက်ရသူမှာ မိုးပင်ဖြစ်လေ၏။

၄ နှစ်မျှကြာသောအခါ မိုးမှာ ကျန်းမာရေးချို့ယွင်းသည်ဟု အကြောင်းပြကာ ရာထူးမှနုတ်ထွက်လိုက်လေသည်။ စင်စစ်မူကား အဌမ ဟင်နရီဘုရင်သည် မိမိ၏ ကြင်ယာတော် အာရဂွန်မင်းသမီး ကက်သရင်းနှင့် ကွာရှင်းလိုမှုဖြင့် ဗရင်ဂျီဂိုဏ်းနှင့်အတိုက်အခံပြုခြင်းကို မလိုလားမနှစ်ခြိုက်သောကြောင့် ဆာတောမတ်မိုး နုတ်ထွက်ခြင်းဖြစ်၏၊ မိုးကား ဗရင်ဂျီဂိုဏ်းဝင် စစ်စစ်ကြီးဖြစ်လေသည်။ ထို့ကြောင့် အင်္ဂလန်ပြည် သာသနာဂိုဏ်း၏ အထွတ်အထိပ်အဖြစ်ဖြင့် ဟင်နရီဘုရင်ခံယူသည့်အချက်ကို လက်ခံရန်ငြင်းပယ်ခဲ့လေသည်။ သို့ဖြစ်ရကား ဟင်နရီဘုရင်သည်။ မိုးနှင့်အပေါင်းဂိုဏ်းအုပ် ဖစ်ရှာတို့အား သစ္စာဖောက်မှုဖြင့် စွပ်စွဲဖမ်းဆီးပြီးသော် လန်ဒန်မြို့ရှိ မျှော်စင်ကြီး၌ ချုပ်နှောင်ထားခဲ့၏ မိုးမူကား သူ၏သဘောထားကိုပြောင်း၍ ဘုရင်အလိုကျအောင်အလျော့မပေးခဲ့ချေ။ သားမယားဆွေမျိုးမိတ်သင်္ဂဟများက အတန်တန်တောင်းပန်သော်လည်း ခေါင်းမာမြဲ မာနေခဲ့လေသည်။

ထို့ကြောင့် ၁၅၃၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ခေါင်းဖြတ်ကွပ်မျက်ခြင်းခံရလေ၏။ အရည်အချင်းနှင့်ပြည့်စုံသလောက်သတ္တိလည်းရှိသူဖြစ်လေရာ ဆာတောမတ်မိုးသည် ရဲရင့်တည်ကြည်စွာပင် အသတ်ခံလေသည်။ ဟင်နရီဘုရင်က မိုး၏ပစ္စည်းဥစ္စာများကိုလည်း ဘဏ္ဍာတော်အဖြစ် သိမ်းယူလိုက်၏။

မိုးသည် ယူတိုးပီးယားစာအုပ်ကို ၁၅၁၆ ခုနှစ်တွင် ရေးသား၏ ယင်းသည် စိတ်ကူးယဉ်ကျွန်းတကျွန်းအကြောင်းဖြစ်၏။ ပေါင်းသင်းဆက်ဆံရာ၌ လူတို့သည် တတန်းတစားတည်းထားသောသဘောကို သရုပ်ဖော်ထားလျက် ဖိနှိပ်စိုးမိုးခြင်းကင်း၍ တကိုယ်ကောင်းစိတ် မမွေးမြူဘဲ ကိုယ်စီကိုယ်ငှ မိမိတွင်ကျရောက်သည့် ဝေပုံကျအလုပ်ကို လုပ်ကိုင်ခြင်းဖြင့် သောကကင်းဝေး နေနိုင်ရေးလမ်းညွှန်ဖြစ်၏ စင်စစ်မှာ အင်္ဂလန်ပြည်၌ ထိုစဉ်က အခြေအနေဆိုးသွမ်းနေသည်ကို စောင်းမြောင်းလျက် ပြုပြင်ရန်အလို့ငှာ ရည်ရွယ်၍ရေးထားသော နိုင်ငံပြုပြင်ရေးစာတမ်းဖြစ်၏။

မိုး၏အိမ်သည် သူ၏စိတ်ကူးယဉ်ကျွန်းကဲ့သို့ပင် ဧငြိမ်းသာယာပျော်ရွှင်ဖွယ်ရှိသောဟူ၏။ မိုးသည်အပြန်အလှန်စကားပြောဆိုခြင်းနှင့် တတိယရစ်ချတ်ဘုရင်၏ ရာဇဝင်တို့ကိုလည်း ရေးသားခဲ့သေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)