သောမတ် ဂျိုနသန် ဂျက္ကဆန်

ဝီကီပီးဒီးယား မှ
ကောျက်နံရံ ဂျက်ဆင်ဟု ထင်ရှားသည်။

အမေရိကန်ပြည်ထောင်စု သမိုင်းတွင် ထင်ရှားသော တောင် ပိုင်းပြည်နယ်များနှင့် မြောက်ပိုင်းပြည်နယ်များတို့၏ ပြည်တွင်းစစ်ပွဲကြီးတွင် တောမတ်ဂျော်နသန်ဂျက္ကဆန်သည် တောင်ပိုင်းစစ်တပ်များကို အုပ်ချုပ်ရသော စစ်ဗိုလ်ချုပ်ကြီး ဖြစ်လေသည်။ တောင်ပိုင်းစစ်တပ်၏ စစ်သေနာပတိချုပ်ကြီးလီ၏ ညာလက်ရုံးလည်း ဖြစ်၏။ ဂျက္ကဆန်သည် ဗာဂျင်နီးယားပြည်နယ်၊ ကလတ်စဗတ်မြို့၌ ၁၈၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဖွားမြင် သည်။ ငယ်စဉ်ကပင် သူ၏ဖခင်သေဆုံးခဲ့လေရာ မိခင်ဖြစ်သူနှင့် ဆင်းရဲစွာ နေထိုင်ရသည်။ ထိုကြောင့် ဂျက္ကဆန်သည် တောရွာစာသင်ကျောင်းတစ်ကျောင်း၌ ရေးတတ်ရုံ၊ဖတ်တတ်ရုံမျှ ပညာသင်ကြားခဲ့ရသည်။ သို့ရာတွင် ဂျက္ကဆန်၏ လုံ့လ ဝီရိယ ကြောင့် ရသမျှအခွင့်အရေးဖြင့် ပညာကို အတန်ပင် တတ်မြောက်အောင် သင်ကြားနိုင်ခဲ့လေသည်။ ၁၈၄၂ ခုနှစ် အသက် ၁၈ နှစ်အရွယ်တွင် ဝါရှင်တန်မြို့ စစ်တက္ကသိုလ်သို့ ဝင်ခွင့်ရသည်။ နောက် ၄ နှစ်ခန့်ရှိသော် ဒုတိယဗိုလ်အဖြစ်ဖြင့် အမြောက်တပ်တွင် ပြန်တမ်းဝင်ရာထူး၌ခန့်အပ်ခြင်း ခံရလေသည်။ စစ်တက္ကသိုလ်မှ အောင်မြင်ခဲ့ပြီးနောက် ၁၈၄၆ ခုနှစ် မက္ကဆီကိုစစ်ပွဲ၌ ဝင်ရောက်အမှုထမ်းရာ အထူးပင် ထင်ပေါ် ကျော်စောခဲ့၏။ ယင်းသို့ ၇ လအတွင်း စစ်ပွဲ အပွဲပွဲတွင် အောင်ပန်းဆွတ်ခူး၍ နာမည် ကျော်ကြားလာခြင်းကြောင့် ဗိုလ်မှူးရာထူးသို့ တိုးတက်ခန့်ထားခြင်း ခံရလေသည်။ ၁၈၅၁ ခုနှစ်တွင် ဗာဂျင်နီးယား စစ်ပညာသင်ကျောင်း၌ အမြောက် တပ်ဖက်ဆိုင်ရာ ပါမောက္ခအဖြစ် ဆောင်ရွက်ရသည်။ လက်အောက် ငယ်သားတို့အား ကြင်နာသနားတတ်မှု၊ တည်ကြည်ဖြောင့်မှန်မှု၊ ရဲရင့်သတ္တိရှိမှု၊ ဘုရားတရား ကြည်ညိုမှုတို့ကြောင့် အားလုံးကုန်သော တပည့်စစ်သားများက သူ့အား ရိုသေလေးစားကြလေသည်။ ဘုရားတရားကို အလွန်ကြည်ညိုသူ ဖြစ်သည့်အလျောက် တိုက်ပွဲမစမီနှင့် တိုက်ပွဲပြီးတိုင်း ဘုရားဝတ်ပြုလေ့ရှိသည်ဟု အဆိုရှိလေသည်။


၁၈၆၁ ခုနှစ်တွင် တောင်ပိုင်းနှင့် မြောက်ပိုင်း ပြည်တွင်းစစ် ဖြစ်သောအခါ ဂျက္ကဆန်သည် စစ်ထဲသို့ ဝင်ရောက်အမှုထမ်း ပြန်လေသည်။ သူ၏လက်ရုံးရည်နှင့် နှလုံးရည်တို့မှာ သူ အုပ်ချုပ်ရသော စစ်တပ်များ၌သာမက ရန်သူစစ်တပ်များသို့ပင် ပျံ့နှံ့ကျော်ကြားခဲဲ့သည်။ သူ၏တပ်သားများနှင့် ရန်သူဖြစ်သော မြောက်ပိုင်းတပ်သားများ နှစ်ဖက်စလုံးပင် သူ့ကို လေးစားကြသည်။ ဗူလရန်းတိုက်ပွဲတွင် မြောက်ပိုင်းတပ်များဖက်မှ အပြင်းအထန် ဖိတိုက်ခြင်းခံရသော တောင်ပိုင်းစစ်တပ် ဗိုလ်ချုပ်ဗီး သည် ဂျက္ကဆန်ထံသို့ ပြေးလာပြီးလျှင် 'ဗိုလ်ချုပ်၊ ဗိုလ်ချုပ် ကျွန်ုပ်တို့ကို ရန်သူတွေ ဖိလိုက်လာကြပြီ'ဟု ပြောသည်။ ထိုအခါ ဂျက္ကဆန်က 'သို့ဖြစ်လျှင် သူတို့အား လှံစွပ်ဖြင့် ဆီး၍ ခံလော့'ဟု ဆိုပြီးလျှင် ဗာဂျင်းနီးယန်စစ်တပ်များ၏ နောက်မှ ကြံ့ကြံ့ခံလေသည်။ ဗိုလ်ချုပ်ဗီးလည်း စိတ်အားတက်ကြွကာ သူစစ်သားများထံ ပြန်သွားပြီးလျှင်'ရဲဘော်တို့ ရှုလော့၊ ဗိုလ်ချုပ် ဂျက္ကဆန်သည် သင်တို့ထံပါး၌ ကျောက်နံရံကြီးသဖွယ် ကြံ့ကြံ့ခံနေပေသည်'ဟု အားပေး၍ ရန်သူတို့ကို ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ခိုက်စေသည်။ ထိုအခါမှစ၍ ဂျက္ကဆန်အား 'စတုန်းဝေါ ဂျက္ကဆန်'ဟု ခေါ်ကြတော့သည်။ 'ကျောက်နံရံဂျက္ကဆန်'ဟု အဓိပ္ပာယ်ရသည့် ထိုအမည်ကား သူနှင့် သင့်လျော်လှပေသည်။ ၁၈၆၃ ခုနှစ်၊ မေလအတွင်း၌ ချန်စယ်လာစဗီးတိုက်ပွဲတွင် သူ၏တပ်အား ဝိုင်းထားသောရန်သူတပ်ကို ပြန်ဝိုင်းမိအောင် စစ်ဆင်ခြင်းဖြင့် ဗိုလ်ချုပ်ဂျက္ကဆန်သည် စစ်သမိုင်းတွင် ဥဒါန်း တွင်ရစ်သော ရဲစွမ်းသတ္တိကိုပြခဲ့သည်။ သို့ရာတွင် ဂျက္ကဆန်သည် ထိုတိုက်ပွဲဖြစ်ပွားနေစဉ် သူ၏ စစ်သားများက လူမှား၍ ပစ်ခတ်မိသောကြောင့် ဒဏ်ရာအကြီးအကျယ် ရရှိခဲ့လေသည်။ ထိုဒဏ်ရာဖြင့်ပင် လကျာ်လက် ဖြတ်ပစ်ရရုံမက တစ်ပတ်ခန့် အကြာ ၁၈၆၃ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် စစ်သားကောင်းကြီး ဂျက္ကဆန် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)