သောမတ် ကရန်း မား

ဝီကီပီးဒီးယား မှ
သောမတ် ကရန်း မား

ဗြိတိသျှ နိုင်ငံသမိုင်းတွင် ထင်ရှားသော ကန်တာဗါရီ ဂိုဏ်းချုပ် သောမတ် ကရန်း မားသည် ၁၄၈၉ ခု ဇူလိုင်လ ၂ ရက်နေ့တွင် နော့တင်ဂမ်ရှိုင်ယာနယ်တွင် ဖွားမြင်သည်။ ကိမ်းဗရစ်တက္ကသိုလ်၊ ဂျီးဆပ် ကောလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်၊ ၁၅၂၃ ခုနှစ်တွင် ဗရင်ဂျီဘုန်းကြီးအဖြစ်ကို ခံယူပြီးသော် များမကြာမီ အယူ ဝါဒပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကို ရလေသည်။ ထိုအခါတွင်တက္ကသိုလ်၌ အယူဝါဒပညာရပ်ဆိုင်ရာ စာစစ်သူ ဖြစ်လာ၏။

၁၅၂၉ ခုနှစ်တွင် ကရန်းမားသည် နယ်တစ်နယ်သို့ သွားရောက်ခဲ့ရာ၌ အဋ္ဌမ ဟင်နရီဘုရင်နှင့် ကံအားလျော်စွာ တွေ့ဆုံ ခဲ့သည်ဟု ဆို၏။ ထိုအခါ အဋ္ဌမဟင်နရီဘုရင်သည် ပထမမိဖုရား အာရဂွန် မင်းသမီး ကက်သရင်းကိုကွာ၍ အန်းဗူးလင်း အား လက်ထပ်ရန်အရေးတွင် အယူဝါဒဆိုင်ရာ အချုပ်အတည်းများကြောင့် စိတ်ရှုပ်ထွေးနေခိုက် ဖြစ်လေသည်။ ကရန်းမားနှင့် တွေ့ဆုံခဲ့ရာတွင် ပထမမိဖုရားကို ကွာရှင်းနိုင်သော နည်းလမ်း များကို ကရန်းမားက ပြောပြခဲ့သည်။ ထိုအခါတွင် ဘုရင်သည် သဘောကျ၍ ကရန်းမားအား သူ၏ထံတွင် အမှုထမ်းစေပြီး သော် မိဖုရားကြီးကက်သရင်းအား ကွာရှင်းနိုင်ရေးအတွက် ဆောင်ရွက်စေလေသည်။ ရှေးဦးစွာ ကရန်းမားသည် ကွာရှင်း နိုင်ကြောင်းနှင့် ကျမ်းစာများမှ အထောက်အထားများ ရယူပြီး နောက်၊ ကျမ်းတစ်စောင်တစ်ဖွဲ့ ပြုပြီးသော် ကိမ်းဗရစ်နှင့် အောက်စဖို့ တက္ကသိုလ်များသို့ တင်ပြဆွေးနွေးခဲ့လေသည်။ ၁၅၃ဝ ပြည့်နှစ်တွင် ရောမမြို့သို့ အင်္ဂလိပ်သံအဖွဲ့နှင့်အတူ သွားရောက်၍၊ မိဖုရားကြီးအား ကွာရှင်းရေးကို မည်သို့မည်ပုံ သဘောထားကြသည်ကို စနည်းနာခဲ့လေသည်။ ၁၅၃၁ ခုနှစ် တွင် ဥရောပတိုက် နိုင်ငံအသီးသီးရှိ တက္ကသိုလ်များသို့ သွား ရောက်ကာ မိဖုရားကြီးနှင့် ကွာရှင်းရေးကို ဝါဒ ဖြန့်ယင်း၊ ထိုကိစ္စတွင် မည်သို့သဘောထားသည်ကို စုံစမ်းခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)