သောတမောင်

ဝီကီပီးဒီးယား မှ

သောတမောင်[ပြင်ဆင်ရန်]

ကိုတင်မောင် (ခ) သောတမောင်သည် ဝါးခယ်မမြို့နယ်၊လမ်းသမိုင်ရွာ၊ ရွှေပန်းထိမ်ဆရာကြီး ဦးချစ်နှင့် ဒေါ်စိုးတို့မှာ ၁၂၈၁ခုနှစ်တွင် မွေးဖွားခဲ့သည်။

ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပြီး ဂီတဘက် စိတ်သန်နေမှုကြောင့် ကျောင်းမတက်တော့ဘဲ တယော၊ ဘင်ဂျို၊ မယ်ဒိုလင်တို့ကို သင်ကြားတတ်မြောက်သည်။ ဆရာရင်းများမှာ ဆရာရွှေပြည်အေး၊ အေဝမ်းခင်မောင်၊ ဂီတာစိမ်းမောင်တို့ဖြစ်ပြီး ရုပ်ရှင်ပြဇာတ်များ၊ အသံလွှင့်တီးဝိုင်းများ၊ တယောထိုးပေးခြင်းနှင့် ဂီတနယ်သို့ ရောက်ရှိလာခဲ့သည်။

ရုပ်ရှင်တေးများ လိုအပ်သလို ရေးပေးရသည်။ ရန်ကုန်ရုပ်ရှင်မှ ခင်ရဲ့ဝါသနာဇာတ်ကားတွင် “မြင်းလှည်းလေးနဲ့ခေါ်” သီချင်းကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုပေးခဲ့သည်။ ပထမပိုင်းတွင် သောတမောင်သည် ခေတ်စမ်းတင် ဟူသောအမည် သုံးခဲ့သော်လည်း နောက်ပိုင်းတွင် သောတမောင် ကလောင်အမည်ဖြင့် အေဝမ်းကုမ္ပဏီသို့ ပြောင်းရွှေ့ရေးပေးသည်။ မြဲတဲ့သစ္စာ၊ ချစ်သက်ဝေ ဇာတ်ကားများတွင် မေသစ်၊ ကြည်ကြည်ဌေးတို့အတွက် သီချင်းများ ရေးပေးသည်။

ဆရာသောတမောင်၏ သီချင်းများသည် စာသားဖွဲ့ဆိုမှု လွယ်ကူသောသံစဉ်ကို အလေးထားရေးသားသည့်အတွက် လူအများ ကြိုက်နှစ်သက်ပြီး ယခုအချိန်အထိ လူတကာလိုက်ဆိုနေကြသော သီချင်းများအဖြစ် ကျော်ကြားလျက်ရှိသည်။

သီချင်းအချို့ ဖော်ပြရလျှင် မေသစ် သီဆိုသော ပစ်တိုင်းထောင်၊ စမ်းရေအိုင်၊ လမင်းကြီးသာစမ်းပါ၊ နွားညီနောင်၊ ငွေဗျိုင်းဖြူ၊ ရွှေကျီးလေး၊ လီလီကြာညွန့်သီဆိုသော တွေးရခက်ကြီး၊ မေလှမြိုင်၏ ဆောင်းအမီ၊ ခင်ခင်ညွန့်၏ ရွှေနှင်းဆီ၊ သဲလွန်းတယ်၊ ကျေးဇူးရှင်မျောက်မင်း၊ ပဒေသာပင်၊ ခင်ယုမေ၏ ရိုင်းတဲ့စင်ရော်၊ ကိုမျိုးလှိုင်+ခင်ယုမေတို့၏ မြင်းလှည်းလေးနဲ့ခေါ် သီချင်းတို့ ဖြစ်သည်။

ဆရာသောတမောင်သည် ၁၉၄၆ခုနှစ်တွင် ဥက္ကံသူ ဒေါ်တင်တင်နှင့် အိမ်ထောင်ကျပြီး ၁၉၅၅ခုနှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်တင်တင်နှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]