မာတိကာသို့ ခုန်သွားရန်

သူငယ်နာ

ဝီကီပီးဒီးယား မှ

ကလေးသူငယ်ရောဂါကင်းဝေးနေနိုင်ရေး

[ပြင်ဆင်ရန်]

ကလေးသူငယ်တို့၏ ရောဂါဝေဒနာများကား ထွေပြား၏။ သို့သော်အနာသိက ဆေးရှိမြဲဖြစ်သည်။ ရောဂါအကဲခတ်မှား၍ အနာတလွဲဆေးတလွဲမဖြစ်ကြရ လေအောင် ကလေးသူငယ်တို့၏ရောဂါဖြစ်ခြင်းအကြောင်းရင်း၊ ရောဂါလက္ခဏာ၊ ရောဂါအမျိုးအမည်တို့ကို မြန်မာနည်း၊ အင်္ဂလိပ်နည်းတို့ဖြင့်ဖော်ပြထားသည်။

သူငယ်နာ

[ပြင်ဆင်ရန်]

သူငယ်နာဟူသည်မှာ ကလေးသူငယ်များ၌ ဖြစ်ပွားတတ်သော ရောဂါအမျိုးမျိုးတို့ကို ရှေးမြန်မာ ဆေးဆရာ ဟောင်းကြီးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ရှေးမြန်မာဆေးကျမ်းများတွင်သူငယ်နာရောဂါတို့ကို ကုထုံးများနှင့်တကွ အမျိုးမျိုးအပြားပြား ခွဲခြားပြထား လေသည်။ ထိုဆေးကျမ်းများအလိုအရ ကလေးသူငယ်တို့သည် အမိဝမ်း၌ပဋိသန္ဓေတည်သည့် ကာလ၌ပင် ထိုပဋိသန္ဓေသည် တည်သည်လည်းရှိ်သည်။ မတည်သည်လည်းရှိသည်။

သန္ဓေသားသည်အမိ၏သွေးကိုမှိီ၍ ဖြစ်ရသောကြောင့် အကယ်၍ အမိသည် သန္ဓေတည်စဉ် အနာရောဂါဖြစ်ခဲ့လျင် သန္ဓေသား၌လည်း အမိနည်းတူအနာရောဂါစွဲကပ်သည်။ ဖွားမြင်ပြီး ၁၅ ရက်အတွင်း ကလေးသူငယ်သည် နာမကျန်းရှိခဲ့လျှင် အမိရောဂါပါလာခြင်းဟုယူဆ၍ ဝမ်းစွဲသူငယ်နာဟုူခေါ်သည်။ ထိုသူငယ်နာ၏ လက္ခဏာကား သူငယ်သည်တရှင်ရှင်ငိုသည်။ နှုတ်ခမ်းမည်းသည်။ ခြေလက် ကုပ်သည်။ တစ်ကိုယ်လုံးတောင့်သည်။ ပန်းသည်။ ဟိုက်သည်။ အသံမထွက်ရှိသည်။ နို့မစို့နိုင်ရှိသည်၊ ထိုဝမ်းစွဲ သူငယ်နာသည် ဖွားသည့်နေ့မှ ၁၅ ရက်အတွင်းသာ ဖြစ်တတ်သည်။ ဖျားသည်ဟူလို။ မဂဓဘာသာ ဓာတုဝိဘာဂကျမ်းကို မောင်းထောင်ဆရာတော် မြန်မာပြန်သော ဓာတုဝိဘာဂဓီပနီတွင် သူငယ်နာ ၁၂မျိုးကိုပြဆိုသည်။ အကြောင်းသူငယ်နာ ခြောက်ပါးနှင့် အကျိုးသူငယ်နာခြောက်ပါးဟုဆိုသည်။ တစ်နည်းအားဖြင့်ဆိုသော် အစွဲကြောင့်ခြောက်ပါး၊ အမိနို့ရည်ကြောင့်ခြောက်ပါးဟူ၍ ဖြစ်သည်။ အစွဲကြောင့်ဖြစ်သော သူငယ်နာခြောက်ပါးတို့မှာ နှလုံးစွဲသူငယ်နာ၊ အသည်းစွဲသူငယ်နာ၊ အဆုတ်စွဲသူငယ်နာ၊ အရေသားစွဲသူငယ်နာ၊ အရိုးစွဲသူငယ်နာ၊ အအူစွဲသူငယ်နာဟူ၍ ဖြစ်သည်။

နှလုံးစွဲသူငယ်နာဖြစ်သည့်လက္ခဏာမှာ ဝမ်းရောင်သည်။ ဝမ်းကျသည်။ နို့အန်သည်။ ပြင်းစွာငိုသည်။ မျက် လုံးစုံချီ၍ နို့ကိုကိုက်သည်။ ဝမ်းတွင်းပူ၍ လေပြည့်ပြီးလျှင် လေပူသောကြောင့်ဝမ်းကျသည်။ အထဲပူ၍ ချွေးစေးထွက်သောကြောင့် မနေသာ၍ငိုသည်။ လေပူအထက်သို့ မှုတ်၍ ရင်သို့ဆိုက်သဖြင့်နို့အန်သည်။ ဥလိပ်ဆန်၍ နို့ကိုကိုက်တတ်သည်။ ရင်တွင်လေနှင့်သလိပ်ရှိနေသဖြင့် မျက်လုံးစိုက်ခြင်းဖြစ်လေသည်။ အသည်းစွဲသူငယ်နာသည် ဝမ်းမဖြောင့်၍အထဲပူသည်။ သွေးဆင်းသည်။ မနေသာမထိုင်သာတညည်းညည်း ရှိတတ်သည်။ အဆုတ်စွဲသောသူငယ်နာ၏ လက္ခဏာကား ဝမ်းသွားသည်။ အတွင်းအပြင်အလွန်ပူသဖြင့် အသည်းနှလုံး၊ ကျောက်ကပ်၊ အဆုတ်တို့ကိုစွတ်စိုစေလျက် ရင်ဝ၌ တည်သောလောဟိတအသံ သယနသွေးသည်ပူ၍ အသည်း စသည် တို့ကိုမစိုစွတ်စေနိုင်သောကြောင့်ယင်းတို့သည် ခြောက်သွေ့၍ ရေပြင်းစွာငတ်သည်။ ထိုအပူကိုမှိီ၍သွေး၊ လေ၊ သလိပ် တို့စုဝေးခြင်းကြောင့် ရင်ခုန်လေသည်။ အရေအသားအကြောစွဲသော သူငယ်နာသည် အသားအရေအကြော၌ အပူပြည့်ခြင်း၊ ကိုယ်သားကိုယ်ရေ ပြောင်ခြင်း၊ ပျော့ခြင်း၊ ညံ့ခြင်း၊ အကြောတင်ခြင်း၊ ဖောရမ်းခြင်း၊ ကြုံဆို့ခြင်း လက္ခဏာများရှိလေသည်။ အရိုးစွဲနာသည်ရင်ခုန်သည်။ ပန်းသည်။ ဟိုက်သည်။ ရှိုက်သည်။ တစ်ကိုယ်လုံးနွေးနွေးပူသည်။ အအူစွဲသောသူငယ်နာ၏ လက္ခဏာသည်ကား ရင်ပူခြင်း၊ ရင်ခုန်ခြင်း ၊ဝမ်းကျခြင်းဖြစ်ပြီး လျှင်အသွေးအဆီ ကျဆင်းသည်။ ကြုံဆို့ခြင်း၊ မွေးဆိုးတောင်ညစ်ရှိခြင်း၊ ခေါင်းပူခြင်း၊ ကျောပူခြင်း၊ မျက်ဝတ်ထွက်ခြင်းတို့ဖြစ်ပေါ် လေသည်။ အမိနို့ကြောင့်ဖြစ်ရသော သူငယ်နာခြောက်ပါးတို့မှာ ဝမ်းစွဲသူငယ်နာ၊ နို့မြွေသူငယ်နာ၊ အဿ မုက္ခိသူငယ်နာ၊ အူလျှောက်သူငယ်နာ၊ နို့ငန်းသူငယ်နာ၊ ကြက်ညှာကျဗဟုန်း သူငယ်နာတို့ဖြစ်သည်။ အမိ၏သွေးကိုမှီ၍သန္ဓေဖြစ်ခြင်းကြောင့် ဖွားမြင်သည့်ကာလ သူငယ်နာအဖျားအနာသည် အမိနှင့်အသွင်အလား တူဖြစ်သည်ကို ဝမ်းစွဲသူငယ်နာဟု ခေါ်သည်။ ဝမ်းစွဲသူငယ်နာရောဂါလက္ခဏာကား တရှင်ရှင်ငိုသည်။ နှုတ်ခမ်းမည်း သည်။ ခြေလက်ကုပ်သည်။ တစ်ကိုယ်လုံးတောင့်သည်။ ပန်းသည်။ ဟိုက်သည်။ အသံမထွက်ရှိသည်။ နို့မစို့နိုင်ရှိသည်။ ဤဝမ်းစွဲသူငယ်နာသည် ဖွားသည့်နေ့မှအလွန် ၁၅ ရက်အတွင်းတွင်သာဖြစ်တတ်သည်။ ချဉ်သောနို့ရည်ကြောင့်ဖြစ်သော သူငယ်နာကို နို့မြွေသူငယ်နာဟုခေါ်သည်၊ ထိုရောဂါ၏လက္ခဏာကား ဝမ်းရောင်၊ ဝမ်းပူ၊ ရေငတ်၊ တစပ်တစပ်ဝါးသည်။ မျက်လုံးစိုက်သည်။ လက်ကုပ် ကုပ်ပေါ်တတ်သည်။ ခါးသောနို့ရည်ကိုအမှီပြုသော သူငယ်နာကို အဿမုက္ခိသူငယ်နာဟုခေါ်၍ ကိုယ်ပူရင်ဆာဖြစ်သည်။ ကြုံဆို့သည်။ ဝမ်းကသိကအောက်ကျတတ်သည်။ မျက်စိ ကြိုးတိုးကြောင်တောင်ကြည့်သည်။ လန့်ဖျပ်၍ငိုသည်။ ညဉ့်ဦးတွင် ကိုယ်နွေးနွေးပူသည်။ ညဉ့်တွင်ချွေးထွက်သည်။ စပ်သောနို့ရည်ကြောင့်ဖြစ်သောသူငယ်နာကိုအူလျှောက် သူငယ်နာဟုခေါ်သည်။ ထိုရောဂါ လက္ခဏာကား ဝမ်းကျ ဝမ်းသွန်များသည်။ ဝမ်းမီးမဖြောင့်။ ခေါင်းကျောပူသည်။ ရင်ပူရင်ဆာရှိတတ်သည်။

ပူသောနို့ရည်ကိုအမှီီပြု၍ ဖြစ်သောနို့ငန်းရောဂါ၏ လက္ခဏာတို့ကား ခြေလက်အေးသည်၊ ဝမ်းပူ သည်။ ရင်ပူသည်။ ရင်ခုန်သည်။ ရေငတ်သည်။ ကြုံဆို့သည်။ မျက်လုံးစိုက်ခြင်း၊ ခြေလက်ကုပ်ခြင်း၊ တွန့်လိမ်ခြင်း ဖြစ်တတ် လေသည်။ ရောဂါများသော အမိနို့ရည်ကြောင့် ကြက်ညှာ ကျဗဟုန်းသူငယ်နာဖြစ်တတ်သည်။ ထိုသူငယ်နာ၏လက္ခဏာ ကား ဝမ်းမဖြောင့်ဝမ်းကျသည်။ ဝမ်းသွန်ဝမ်းကိုက်သည်။ တကြုံကြုံတလှီလှီရှိသည်။ မွေးဆိုးတောင်ညစ်ရင်ရိုး ကပ်သည်။ ထို့ပြင်ထို ၁၂ ပါးသော သူငယ်နာတို့သည်ရင့်၍ အားကြီးသည်ရှိသော် ငန်းသို့ရောက်သွားသည်။ ထိုလက္ခဏာကား အသံ0x100သသည်။ ဝမ်းကျသည်။ ပြင်းစွာပူသည်။ ဝမ်းပြည့်သည်။ ရင်ပူသည်။ ရင်ခုန်သည်။ ရေငတ်သည်။ နှုတ်ခမ်းလျှာသွေ့သည်၊ စားဘိသကဲ့သို့ တစပ်စပ်ရှိသည်။ နှုတ်ခမ်းစောင်း ရွဲ့သည်။ မျက်လုံးစိုက်သည်။ မျက်စိတကြောင်ကြောင်ရှိသည်။ သွားစေ့သည်။ ဦးခေါင်းလှုပ်သည်။ ခြေလက်တွန့်တွန့်လှုပ်သည်။ ပန်းဟိုက်သည်။ မာတြာစွဲသူငယ်နာကုထုံး ငါးစောင်တွဲဆေးကျမ်းအရမူ အစွဲကြောင့် ဖြစ်သောသူငယ်နာ ၁၃ ပါး၊ သူငယ်နာ ကြက်ညှာ ၁ဝပါး၊ သူငယ်နာကျဗဟုန်း ၁ဝပါး၊ သူငယ်နာ နို့စွဲ၃ပါး၊ သူငယ်နာငန်း ငါးပါး၊ အပုပ်သူငယ်နာ သုံးပါး၊ သူငယ်နာဥပဒါန် ခြောက်ပါး၊ သူငယ်နာမြင်းသရိုက်စွဲ သုံးပါး၊ ပါဒရက်သူငယ်နာ သုံးပါး၊ မုက္ခိစွဲသူ ငယ်နာ သုံးပါး၊ မာတြာစွဲသူငယ်နာ သုံးပါး၊ မြေစွဲသူငယ်နာ ဟူ၍ ပိုမို အသေးစိတ်လျက် ပိုင်းခြားဖော်ပြထားသည်။ ထို့ပြင် ဓာတ်လေးပါးကို စွဲ၍ ဖြစ်ပေါ်သော သူငယ်နာ လေးပါးကိုလည်း ဖော်ပြထားလေသည်။ ထိုဆေးကျမ်းပါအစွဲကြောင့်ကပ်ရောက်သော သူငယ်နာ၁၃ပါးတို့မှာ (၁)ပိတ်၊ ပြည်ကဲ့သို့ ဖြူဖြူရိရိဝမ်းသွား သောအူစွဲသူငယ်နာ၊ (၂)ရင်ပြည့်ဝမ်းလားခြင်း၊ ဖြစ်သောအဆုတ်စွဲသူငယ်နာ၊ (၃) ခေါင်ရည်ကဲ့သို့ဝမ်းစိမ်း ရွှေရွှေ၊ ဝင်းဝါဝါဝမ်းမျိုးသွားသောအသည်းစွဲသူငယ်နာ၊ (၄)ပုပ်ပုပ်စပ်စပ် ကစော်ကဲ့သို့ဝမ်းလားသောနှလုံးစွဲသူငယ်နာ၊ ချွဲချွဲပျစ်ပျစ်ကြက်ဥနှစ်ကဲ့သို့ ညိုညိုပုပ်ပုပ် ဝမ်းကျသော သည်းခြေစွဲသူငယ်နာ၊ (၆)ဝမ်းသရိုးသရီတညည်းညည်းနှင့် နေမထိထိုင်မထိဖြစ်သော သရက်ရွက်စွဲ သူငယ်နာ၊ (ရ)အနည်းငယ်ဝမ်းသွား၍ မျဉ်းခွေ့မှိုင်တွေခြင်းဖြစ်သော အဖျဉ်းစွဲသူငယ်နာ၊ (၈)မျက်ရည်ယိုခြင်း၊ ခြေဖဝါးလက်ဖဝါး ပူခြင်းဖြစ်သော အရိုးစွဲသူငယ်နာ၊ (၉)နှစ်ရက်သုံးရက်ဖျား၍ ကျောကော့နေပြီးလျှင်မအိပ်နိုင်၊ ယောက်ျားကလေးဖြစ်မူလက်ဝဲ၊ မိ်န်းကလေးဖြစ်မူ လက်ယာကိုယ်တစ်ခြမ်း သေခြင်း၊ လိမ်ခြင်း၊ စောင်းခြင်းဖြစ်သောအကြောစွဲသူငယ်နာ၊ (၁ဝ)ကိုယ်တနွေး နွေးနှင့်ဖျော့တော့ခြင်း၊ မျဉ်းခွေ့မှိုင်တွေခြင်း ဖြစ်သောအသားစွဲသူငယ်နာ၊ (၁၁)ဝမ်းတချုပ်ချုပ်နှင့် အသားအရေ ပိန်သောအရေစွဲသူငယ်နာ၊ (၁၂)သလိပ်ကဲ့သို့ ရိရိချွဲချွဲ ဝမ်းသွားသောရင်စွဲသူငယ်နာ၊ (၁၃)ဦးခေါင်းလေးခြင်း၊ နွေးခြင်း၊ မျက်စိမှိတ်ခြင်း၊ ခေါင်းပူခြင်းဖြစ်သောဦးခေါင်းစွဲ သူငယ်နာတို့ဖြစ်သည်။ သူငယ်နာကြက်ညှာ ၁ဝ ပါးတို့မှာ (၁)အသံ တကြည်ကြည်ဟစ်အော်၍ ရှိတတ်သောနှလုံးစွဲကြက်ညှာ (၂)ဝမ်းသွား၍ သွေးပါပြီးလျှင်တညည်းညည်း ငိုလျက်ရှိသော အသည်းစွဲကြက်ညှာ၊(၃) ချက်တဖူးဖူးထ၍နေမထိထိုင်မသာ ရှိသောချက်စွဲကြက်ညှာ၊ (၄)ဝမ်းပြည့်၍ကိုယ်ပူသော အသားစွဲကြက်ညှာ၊ (၅)ထိုင်ခြင်းထခြင်း၊ သွားခြင်း၊ ရပ်ခြင်း ကာလ၌ တစ်ချောက်ချောက်မည်သောအရိုးစွဲကြက်ညှာ၊ (၆)ခြေပစ်လက်ပစ်လန့်ဖျပ်သောမြင်းခေါင်းစွဲကြက်ညှာ၊ (ရ)ရင်လုံးသောရင်စွဲကြက်ညှာ၊ (၈)အသက် ရှူတိုင်းရင်၌ ထွက်တုံဝင်တုံလှိုက်လှဲသောလေစွဲကြက်ညှာ၊ (၉)ရင်လည်ချောင်း၌ တစီစီမြည်နေသော သွေးစွဲကြက်ညှာ၊ (၁ဝ)လည်ရင်လည်ချောင်း၌ တစ်ချောက်ချောက်မြည်နေသော သလိပ်စွဲကြက်ညှာ တို့ဖြစ်သည်။ သူငယ်နာကျဗဟုံး (၁ဝ)ပါးတို့ကား (၁)နှလုံးစွဲ ကျဗဟုန်းဖြစ်လျှင်ချုပ်ကိုင်မရပြင်းစွာငိုသည်။ (၂)အသည်းစွဲ ကျဗဟုန်းဖြစ်လျှင်ငိုတုံရယ်တုံရှိသည်။ (၃)အရိုးစွဲ ကျဗဟုန်းဖြစ်မူဆီးဝမ်းမသွား၊ ဝမ်းတကျက်ကျက်ရှိသည်။ (၄) အရေစွဲကျဗဟုန်းဖြစ်လျှင် အလွန်မိန်းမောတွေဝေေ နတတ်သည်။ (၅) ပုဆစ်ဒူးစွဲကျဗဟုန်းဖြစ်မူ တမျဉ်းမျဉ်း တခွေ့ခွေ့ အိပ်နေတတ်သည်။ (၆)သည်းခြေစွဲ ကျဗဟုန်းဖြစ်လျှင် ရေငတ်၍အော့အန်သည်။ (ရ)လေစွဲ ကျဗဟုန်း ဖြစ်လျှင် သမ်း ဟိုက်လိမ်ကော့ စောင်းရွဲ့၍တက်သည်။ (၈)သွေးတက်ကျဗဟုန်းဖြစ်လျှင် တစ်ကိုယ်လုံးအပြောက်ပြောက် အကွက်ကွက်ထွက်သည်။ (၉) လေအပုပ်တက် ကျဗဟုန်းဖြစ်မူ မျက်နှာနှုတ်ခမ်းကစ၍ လက်ဖျားခြေဖျား ညိုမည်း၍တက်သည်။ (၁ဝ)သွေး အပုပ်တက် ကျဗဟုန်းဖြစ်လျှင် တစ်ကိုယ်လုံး ညိုမည်းတက်လေသည်။ သူငယ်နာနို့စွဲသုံးပါးကား (၁)မျက်ဖြူဆိုက်တုံမှိတ်တုံ ပြုလျက် ခြေလက်ကျောက်ကန်၍ ခေါင်းလှုပ်နေပြီးလျှင် လူမှန်းမသိသော်နို့မြွေငန်းသူငယ်နာ၊ (၂)အမိနိ်ု့ကိုစို့သည်မှစ၍ မငိုဘဲတလူးလူး တလဲလဲရှိနေမူ နို့ငန်းသူငယ်နာ၊ (၃)အမြုပ်တစီစီထွက်၍ ဝမ်းတကြုတ်ကြုတ်မြည်လျက် ဝမ်းသွားများမူ နို့ပုပ်သူငယ်နာတို့ဖြစ်သည်။ သူငယ်နာငန်းငါးပါးတိုမှာ (၁)တစ်ကိုယ်လုံး အေးလျက် မျက်စိတမျဉ်းမျဉ်း တမှိန်းမှိန်းတက်သော သူငယ်နာလေငန်း၊ (၂)တစ်ကိုယ်လုံးနွေးလျက် ခြေလက်လန့်ဖြန့်၍ တက်သော သူငယ်နာ သွေးငန်း၊ (၃)ချောင်းတသက်သက်နှင့် တစ်ကိုယ်လုံးအေးတုံပူတုံရှိလျက် တမှိန်းမှိန်းတက်သော သူငယ်နာသလိပ်ငန်း၊ (၄) တစ် ကိုယ်လုံးပူလျက်မျက်စိဦးခေါင်းရမ်း၍ ကိုက်ခဲထိတ်လန့် ဖျားနာသော သူငယ်နာငန်းပုပ်၊ (၅)လျင်မြန်စွာတက်၍ လူမှန်း မသိမျက်ဖြူဆိုက်တတ်သော သူငယ်နာ အပြင်းဖမ်းငန်းတို့ဖြစ်သည်။ အပုပ်သူငယ်နာသုံးပါးတို့မှာ (၁)ကိုယ်တနွေးနွေးဖြင့် ဝမ်းပြည့်၍ အော့အန်ကာမျဉ်းခွေ့၍ နေသောလေအပုပ် သူငယ်နာ၊ (၂)အလွန်ပူ၍ရေငတ်ပြီးလျှင် ချောင်းလည်း ဆိုးအသားအရေလည်း ခြောက်ကပ်သောသလိပ်ပုပ်သူငယ်နာ၊ (၃)ခြေပစ်လက်ပစ်ဖျား၍ ခြေအေးတုံပူတုံရှိလျက်ခြေလက် ကိုက်တုံခဲတုံရှိသည့်ပြင် မျက်နှာနှုတ်ခမ်းရုံရွဲ့သော သွေးပုပ် သူငယ်နာတို့ဖြစ်သည်။

သူငယ်နာဥပါဒါန် ခြောက်ပါးတို့ကား (၁)ခြေသည်း သိပ်ခြင်း၊ (၂)လက်သည်းသိပ်ခြင်း၊ (၃)လက်ကိုကုပ်ခြင်း၊ ကိုက်ခြင်း၊ (၄)မျက်စိကိုနှိုက်ခြင်းမျက်တောင်နုတ်ခြင်း၊ (၅) နားကိုနှိုက်ခြင်း၊ (၆) နှာခေါင်းကိုနှိုက်ခြင်းတို့ဖြစ်သည်။ သူငယ်နာမြင်းသရိုက်စွဲသုံးပါးတို့မှာ (၁)တဖျပ်ဖျပ်လန့်သောသူငယ်နာမြင်းသရိုက်၊ (၂)ဝမ်းသွား၍ဒွာရထွက်သောသူငယ်နာအူစွဲမြင်းသရိုက်၊ (၃)ညှစ်အားနှင့်တကွဝမ်းဝါဝါရွှေရွှေ၊ နီနီစိမ်းစိမ်း မည်းမည်းသွားသော သူငယ်နာတြိ ဒေါသမြင်းသရိုက်တို့ ဖြစ်ပေသည်။ ပါဒရက်သူငယ်နာသုံးပါးတို့မှာ (၁)ဥဘယပါဒရက် ဖြစ်သည့်အခါ ကိုယ်တစ်ပိုင်းပူတစ်ပိုင်းအေးပြီးလျှင် ခြေလက်အမွေးအသားအရေညစ်ခြင်း၊ (၂)ဥဏှပါဒရက် ဖြစ်လျှင်ခြေဖဝါးလက်ဖဝါးပူ၍ အသားအရေခြောက်ကပ်ကြုံလှီ ခြင်း၊ (၃)သီတပါဒရက်ဖြစ်လျှင်ခြေဖျားလက်ဖျားကစ၍ အဆစ်အဆက်အေးလျက်ဝမ်းစူခြင်းတို့ဖြစ်သည်။ မုက္ခိစွဲသူငယ်နာသုံးပါးမှာ (၁)တစ်ကိုယ်လုံးနွေး၍ ဦးခေါင်းလှုပ်ပြီးလျှင် အလွန်ငိုသောအဿ မုက္ခိကိုစွဲသူငယ် နာ၊ (၂)ကိုယ်ခဏပူခဏအေး၍ ဦးခေါင်းလည်းလည်လျက် အလွန်ငိုသောနာဂမုက္ခိစွဲသူငယ်နာ၊ (၃)မျက်စိမှိတ်၍ခါးရင် ကော့ပြီး ငိုသောယက္ခမုက္ခိစွဲသူငယ်နာတို့ဖြစ်သည်။ မာတြာစွဲသူငယ်နာသုံးပါးတို့မှာ (၁)ဒေဝမာ တြာစွဲလျှင် တစ်ကိုယ်လုံးဆတ်ဆတ်တုံလျက်လန့်၍ငိုသည်။ (၂)ယက္ခမာတြာစွဲလျှင်မျက်စိစိုက်လျက်ကြည့်၍ ပြင်းပြစွာလူးလဲငိုသည်။ (၃)ပုတ္တမာတြာစွဲလျှင်ပူချမ်းမမျှ အမြုပ်တစီစီ နှင့်သွားတကြိတ်ကြိတ်ပြုလျက် ဟိန်းဟဲညည်းညူ သည်။

မြေစွဲသူငယ်နာကား ချည့်နဲ့ခြင်း၊ ခြေလက်သေခြင်း၊ ကြုံလှီခြင်းဖြစ်သည်။ ထို့ပြင်ချွေးလည်း ထွက်သည်။ ဆေးပေးသော်လည်း ချမ်းသာသကဲ့သို့သာဖြစ်၏။ မချမ်းသာဘဲ အဖန်တလဲလဲနာသောကြောင့် စုန်းဖုတ်တို့ဖမ်း စားသောသူငယ်နာဟုဆိုကြလေသည်။ ဓာတ်လေးပါးကိုစွဲ၍ကပ်ရောက်သော သူငယ်နာ လေးမျိုးကို ဤသို့ဖော်ပြလေသည်။ သူငယ်တို့သည် မိဿရာသီ၊ ပြိဿရာသီ၏မေထုန်ရာသီဟူ၍ အသီးသီးဖြစ်ကြသော တန်ခူးလ၊ ကဆုန်လ၊ နယုန်လတို့တွင် ကိုယ်လုံးမီးအုံး သကဲ့သို့ပူခြင်း၊ ရင်တကော့ကော့ရှိခြင်း၊ ဝမ်းပျော့တုံမာတုံရှိခြင်း၊ ခြေဖျားလက်ဖျားကုပ်ခြင်း၊ ရေကိုအလိုရှိခြင်းဖြစ်လျှင် တေဇောဓာတ်ပျက်၍ ကပ်ရောက်သော သူငယ်နာ၏ လက္ခဏာဖြစ်သည်။ ကရကဋ်ရာသီ၊ သိဟ်ရာသီ၊ ကန်ရာသီဟု ဆိုအပ်သောဝါဆိုလ၊ ဝါခေါင်လ၊ တော်သလင်း လတို့တွင်နေ့ ညဉ့်မစဲဝမ်းသွားခြင်း၊ အော့အန်ဖြင်း၊ ရင်ဝလည်ချောင်းတို့၌ ချွဲသလိပ်ဖွဲ့ခြင်း၊ ဖုတ်လိုက်ဖုတ်လိုက်အသက်ရှုခြင်း၊ ကြို့ထိုးခြင်းတို့အပြင် အသားအရေဝင်းဝင်းဝါဝါဖြစ်လျှင်ဝါယော ဓာတ်ပျက်၍ ဖြစ်သောသူငယ်နာ၏လက္ခဏာဖြစ်သည်။ တူရာသီ ၊ဗြိစ္ဆာရာသီ၊ ဓနုရာသီဟုဆိုအပ်သော သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလ၊ နတ်တော်လတို့တွင် အာခံတွင်း၌ဖူးဖူးပေါက်ခြင်း၊ ဦးခေါင်းချွေးစီးထွက်ခြင်း၊ ဝမ်းနံစွာသွားခြင်း၊ အပုပ်အစပ် အစားအစာမျိုးကို အလိုရှိ ခြင်းတို့ဖြစ်လျှင် အာပေါဓာတ်ပျက်သော သူငယ်နာ၏ လက္ခဏာဖြစ်သည်။ မကာရ၊ ကုံ၊ မိန်ဟုဆိုအပ်သောရာသီများဖြစ်သည့် ပြာသိုလ၊ တပို့တွဲလ၊ တပေါင်းလ တို့တွင်ခြေဖျား လက်ဖျား အေးတုံပူတုံဖြစ်ခြင်း၊ မြေကြီးစားလိုခြင်း၊ ပိုးမျိုးတို့ လှုပ်ရှားခြင်းကြောင့် အသည်း၊ အူနာခြင်း၊ ကျော ကျောက်ကုန်းပူခြင်း၊ မျက်စိမျက်တောင်လေး၍ တမှေးမှေး တမှိန်မှိန်ရှိခြင်း၊ မြွေကဲ့သို့တွန့်လိမ်ခြင်းဖြစ်သော် ပထဝီဓာတ်ပျက်သော သူငယ်နာ၏လက္ခဏာဟုသိအပ်သည်။ ယင်းသို့ဖြင့်မြန်မာဆေးကျမ်းများအလိုအရ ကလေး သူငယ်တို့တွင် ကိုယ်ခန္တာအစိတ်အပိုင်းတို့ကို အစွဲပြု၍ ဖြစ်သောအနာရောဂါ၊ အမိနို့ရည်ကိုအစွဲပြု၍ဖြစ်သောရောဂါ၊ ဓာတ်လေးပါးပျက်၍ ဖြစ်သောအနာရောဂါ၊ အမှောင့် ပယောဂတို့ကြောင့်ဖြစ်သော အနာရောဂါဟူ၍ သူငယ်နာအမျိုးမျိုးတြို့ဖစ်သည့်အကြောင်းရင်းနှင့်လက္ခဏာတို့ကို ဖော်ပြ ထားလေသည်။ အနောက်နိုင်ငံဆေးကျမ်းများတွင် သူငယ်နာ ရောဂါများကိုဖော်ပြရာ၌ ရောဂါဖြစ်သည့်အကြောင်းရင်းတို့မှာ အစားအစာကိုအစွဲပြု၍လည်းဖြစ်သည်။ အနေအထိုင်ကို အစွဲပြု၍ လည်းဖြစ်သည်။ ရောဂါပိုးတို့ကြောင့်လည်းဖြစ် သည်။ ရာသီဥတုကြောင့်လည်းဖြစ်သည်ဟုဆိုလေသည်။ ရောဂါဖြစ်သည့်အကြောင်း ရင်းနှင့်လက္ခဏာတို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလေသည်။ မြန်မာတို့အခေါ်အဝေါ်အားဖြင့် သူငယ်နာရှိုက်ကုန်း ခေါ်သည့် ရစ်ကက်ရောဂါဖြစ်ပွားရခြင်းသည်အာဟာရ ဓာတ်နည်းပါးသော အစားအစာကြောင့်လည်းကောင်း၊ အနေအထိုင်ကျပ်တည်းဖြင်းကြောင့်လည်းကေင်း၊ နေရောင် ခြည်အရနည်းခြင်းကြောင့်လည်းကောင်း၊ အခြားသော ကျန်းမာရေးချွတ်ယွင်းမှုများကြောင့်လည်းကောင်း၊ ဖြစ်ပွားသည်ဟုဆိုသည်။ မြို့ကြီးပြကြီး၌နေထိုင်သော ကလေးများနှင့်ဆင်းရဲသောကလေးများ၌ ဖြစ်တတ်သည်။ အထူးသဖြင့်ဆန် ထမင်းကိုချည်း ဂရုတစိုက်ကျွေးမွေးသော မြန်မာကလေးများနှင့်နို့ဆီကိုချည်း တိုက်ကျွေးသော ကလေးများတွင်လည်း ထိုရောဂါမျိုးဖြစ်တတ်သည်ဟု ဆိုလေသည်။

ထိုရောဂါ၏လက္ခဏာတို့ကိုလည်း ဤသို့ ဖော်ပြထားလေသည်။ ရစ်ကက်ရောဂါ၏လက္ခဏာမှာ ကလေးသည် ညဉ့်အခါလန့်၍ ကောင်းစွာမအိပ်၊ ခြုံစောင်အဝတ်စသည်တို့ကို ဖယ်ရှားပစ်တတ်သည်။ ခေါင်းချွေးထွက်သည်။ သွားပေါက်နှေးသည်။ နံရိုး၌ အဖုကလေးများပေါ်ခြင်း၊ တံတောင်ဆစ်ရိုးလက်ဖျံရိုးများ အစွန်းထူခြင်း၊ ဝမ်းပိုက်ပွခြင်း၊ လမ်းလျှောက်သည့်အရွယ်တွင် လမ်းမလျှောက်နိုင်၊ မတ်တတ်မရပ်နိုင်ခြင်းတို့ဖြစ်သည်။ ထို့ပြင်အရိုးနှင့်စပ်လျဉ်းသော အကြောအခြင်၊ကြွက်သား၊ဒူး၊ အရိုးအဆစ်များအားနည်း၍ကောက်ကွေးနေပြီးလျှင်ကျောရိုးကုန်း နေသည်။ ငယ်ထိပ် ပိတ်ချိန်တွင်လည်းမပိတ်၊ အရိုးရှည်များသည်ကွေးနေ၍ ရင်ညွန့်ရိုးသည်ကော့၍ လည်းကောင်း၊ စုချွန်၍လည်းကောင်း၊ ကြက်ရင်ပုံကဲ့သို့ ရှိနေတတ်လေသည်။ ထိုရောဂါရှင်ကလေးသည် အစဉ်နှာစေးခြင်း၊ ဝမ်းပျက်ခြင်းတို့လည်းဖြစ်နေတတ်ပြီးလျှင် တက်လည်းတက်တတ်သည်။ ပေါင်ရိုးလက်ဖျံရိုးတို့ကို အနည်းငယ်ထိခိုက်မိရုံနှင့် သစ်စိမ်းကျိုးကျိုးတတ်လေသည် ရစ်ကက်ရောဂါနှင့်တစ်ခါတစ်ရံ ပူးတွဲ ဖြစ်ပေါ်တတ်သောစကာဗီရောဂါသည်လည်း အစားအစာကြောင့် ဖြစ်သည်။ နွားနို့၊ နို့စိမ်း၊ နို့မှုန့်ကိုချည်း တိုက်ကျွေး၍ အချဉ်ဓာတ်လျော့နည်းသော အာဟာရမျိုးချည်း စားသောက်ရ သောကလေးသူငယ်များ၌ဖြစ်တတ်သည်။ ရောဂါဖြစ်စကလေးသည် အသားအရေကြုံလှီ၍ ဖြူဖျော့လာသည်။ တို့မိထိ မိရုံနှင့်အထိမခံနိုင်သကဲ့သို့ငိုသည်။ ခြေလက်ကောင်းစွာမလှုပ်ဘဲငြိမ်နေတတ်သည်။

ခြေနှင့်လက်ဖျံများ ရောင်သည်။ သွားပေါက်ပြီးသော ကလေးများသည် သွားဖုံးရောင်၍ ထိမိလျှင်သွေးထွက်သည်။ သွားဖုံးမှသွေးယိုသဖြင့်မစားချင်မသောက်ချင်ဖြစ်ကာ ကြုံလှီလာသည်။ ကြောက်လန့်တတ်လာသည်။ ကလေး၏ ဆီးရောင်သည် မီးခိုးရောင်ကဲ့သို့ရှိ၍ တစ်ခါတစ်ရံ သွေးများပင်ပါသည်။ အချို့ကလေးများတွင်မူ သွားဖုံး မရောင်ပဲမျက်ခွံရောင်ပြီးလျှင် အထက်မျက်ခွံ၌ သွေးချည်များ မည်းနေသည်ကိုတွေ့ရတတ်လေသည်။


မြန်မာတို့အခေါ်အားဖြင့် သူငယ်နာရေငတ်ဝမ်းကျကို အနောက်နိုင်ငံ ဆေးကျမ်းများ၌ ကလေး ကာလဝမ်း ဟုခေါ်သည်။ သို့သော်လူကြီးကာလဝမ်းကဲ့သို့ ကူးစက် တတ်ခြင်းမရှိချေ။ မြန်မာနိုင်ငံ၌မိုး ရာသီနှင့်နွေရာသီအခါတွင် ဖြစ်ပေါ်တတ်ရာ ထိုဆေးကျမ်းများအလိုအရ မသင့်သော အစာကြောင့်လည်းကောင်း၊ သန်ကောင်ကြောင့်လည်းကောင်း၊ ဝမ်းပိ်ု်က်အအေးမိ၍သော်လည်းကောင်း ဖြစ်တတ်သည်ဟုဆို လေသည်။


ရောဂါ၏လက္ခဏာမှာကလေးသည် အခါများစွာ ဝမ်းသွားသည်။ သို့သော်ရုတ်တရက်ဒုက္ခမဖြစ်နိုင်ချေ။ ဝမ်းသွားသည့်ပြင်အန်လည်းအန်သည်။ အန်ရလွန်း၍ ငယ်ထိပ်နိမ့်သွားတတ်သည်။ အလွန်ပိန်ချုံး၍ မျက်တွင်း ဟောက်ပက် ရှိနေတတ်သည်။ ရေလည်းအလွန်ငတ်သည်။ ခြေလက်တို့အေး၍ ပြာနေသည်။ မျက်နှာလည်းပြာနေ တတ်သည်။ ဝမ်းအရောင်သည်အစ၌ဝါသော်လည်း မကြာမီဆန် ဆေးရည်၊ ထမင်းရည်ကဲ့သို့ဖြစ်လာလေသည်။

ထိုရောဂါနှင့်ယှဉ်တွဲ၍ကလေး၏လျှာပေါ်၌မက်ခရုကွက်

များပေါ်လာတတ်သည်။ ဝမ်းလျှောနေစဉ်ချောင်းဆိုးခြင်း၊ အဆုတ်နှင့်အဆုတ်ပြွန်ရောင်နာ၊နားကိုက်ခြင်း၊ နားပြည်ယိုခြင်း၊ ဦးနှောက်မြှေး ရောင်နာတို့ဝင်လာတတ်ပြီးလျှင် ကလေးသည်လည်းတက်တတ်သည်။ ထို့ပြင်အနည်းငယ်ဖောရောင် ရာမှအစ ဆီးရောဂါလည်း ဖြစ်လာတတ်လေသည်။ သူငယ်နာချောင်းဆိုးရောဂါဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကို အနောက်နိ်ုင်ငံဆေးကျမ်းများ ကဤသို့ဆိုသည်။ ချောင်းဆိုးခြင်းသည်လူကြီး၊လူငယ်၊ကလေးမရွေး ဖြစ်တတ်သောရောဂါပေတည်း။ သို့သော်ငါး နှစ်အောက် ကလေးများသည် အများဆုံးချောင်းဆိုးကြရာ ယင်းတို့၌ဝက်သက်နှင့်ကြက်ညှာရောဂါ များစွဲကပ်လေ့ ရှိသောကြောင့်ဖြစ်သည်။ ကလေးများသည်မိုးနှင့်ဆောင်းရာသီအခါများတွင် အအေး မိတတ်သဖြင့်ပို၍ချောင်းဆိုးကြသည်။ နေအိမ်များတွင်လေဝင်လေထွက်မကောင်းလျှင် မီးဖိုမှမီးခိုးများ အိမ်ထဲ၌ ပြည့်နေတတ်၍လည်း ချောင်းဆိုးလေသည်။ အချို့ကလေးများသည်သွားပေါက်လျှင် ချောင်းဆိုးသည်။


ရစ်ကက်ရောဂါဖြစ်သောကလေးများလည်း ချောင်းဆိုးတတ်သည်။ အာခေါင်အတွင်း၌အဖုကလေးများနှင့် ပသိလုံးများရောင်နေလျှင်လည်းချောင်းဆိုးတတ်လေသည်။ ကလေးများချောင်းဆိုးလျှင်အဖျားပါပါတတ်သဖြင့် အဆုတ်ရောင်ရောဂါနှင့်အထင်မှားတတ် သည်ကလေးသည်လည်း အသက်ရှူပြင်း၍မျက်နှာမို့ပြီးနောက် ပြာလာတတ်သည်။ ချွဲသံများကိုလည်း ရင်အတွင်းတစ်ပြင်လုံး၌ကြားရပြီးလျှင် အောက်ပိုင်း၌သေးငယ်သောချွဲသံများပင်ကြားရသည်။ သို့သော် တီးခေါက်ကြည့်လျှင်လှိုင်သံသာကြားရ၍ အတွင်း၌ အဆုတ်ခဲသောအမာသံမရှိချေ။ မြန်မာဆေးကျမ်းများအရ ကုတ်ဟီးချောင်းဆိုး၊ သို့မဟုတ် ကြက်ညှာချောင်းဆိုးဟုခေါ်သော ရောဂါကိုအင်္ဂလိပ်ဆေးကျမ်းများတွင်ကုတ်ဟီးရောဂါပိုး (ဗက်ဆိီလပ်ပါတတ်စစ်) ကြောင့်ဖြစ်ပွားသည် ဟုဆိုပြီးလျှင်ကူးစက်တတ်သောရောဂါဟုလည်းခေါ်ကြသည်။ ထိုရောဂါသည်လည်းကလေးများ၌ဖြစ်ပွားတတ်၍ ဆေးကောင်းမတွေ့ပါက လွန်စွာကြာမြင့်မှ ပျောက်ကင်းနိ်ုင်သည်။

ထိုရောဂါ၏လက္ခဏာမှာချောင်းဆက်ကာဆက်ကာဆိုးပြီးလျှင် လေရှူသွင်းသော အခါအူသံပါ၍အော့အန်တတ်သည်။ ဆူညံစွာချောင်းဆိုး၍ ထပ်ကာထပ်ကာညှစ်၍ဆိုးရသောကြောင့် မျက်နှာပြာလာသည်။ မျက်ရည်နှင့်နှပ်များပါထွက်၍ လွန်စွာပင်ပန်းသည်။ လေကိုရှူသွင်းသည့်အခါ ကြက်ညှာသံကူ·ကူဟူသောအသံထွက်လေသည်။ ထိုချောင်းဆိုးမျိုးသည်ညဉ့်အခါ၌လည်းကောင်း၊ အမောအပန်းခံလျှင်လည်းကောင်း၊ လန့်လျှင်လည်းကောင်း အထူးပင်ဆိုး တတ်သည်။ ချောင်းဆိုးရပ်လျှင်အော့အံသည်။ ထိုချောင်းဆိုးရှိနေသမျှကလေးသည်ပိန်ချုံးနေပြီးလျှင် ချောင်းဆိုး လွန်းသဖြင့်မျက်နှာအမ်းတတ်သည်။


မျက်စိများလည်းနီနေတတ်သည်။ ဤသို့ညှစ်၍ ချောင်းဆိုးရသဖြင့်နားပြည်ယိုခြင်းလည်းဖြစ်တတ်သည်။ ချောင်းဆိုးရလွန်းသဖြင့် ကလေးသည်အစာ မစားနိုင်သော ကြောင့်အစာမဝသောရောဂါလည်း ဖြစ်တတ်လေသည်။ ကြက်ညှာချောင်းဆိုးသည် ရိုးရိုး ချောင်းဆိုးရာမှလည်းကောင်း၊ အဆုတ်နှင့်အဆုတ်ပြွန်ရောင်နာမှလည်းကောင်း အရင်းအစပြု၍ဖြစ်ပေါ်တတ်သည်။

ကြက်ညှာချောင်းဆိုးနှင့်တွဲ၍ ဖြစ်တတ်သော ရောဂါမှာကလေးများအတွက် အလွန်စိုးရိမ်ဖွယ် ကောင်းသောဆုံဆို့နာဖြစ်သည်။ ထိုရောဂါသည်လည်ချောင်းအမြှေး၌ ဗက်ဆီလီဒစ်ဖသီးရီးယား ခေါ်ရောဂါပိုးစွဲကပ်၍အမြှေးဖတ်ဖြူဖြူများပေါ်ထွက်သောလည်း ချောင်းနာတစ်မျိုးဖြစ်သည်။ ထိုရောဂါသည်ကူးစက်တတ်သည်။ ကလေးများ၌ များသောအားဖြင့် တစ်နှစ်သားမှာ ၁၅ နှစ်သားအထိ ထိုရောဂါမျိုးဖြစ်တတ်သည်။ ထိုရောဂါကူးသည့်နေ့မှ ရောဂါပေါ်သောနေ့သည်လေးရက်မျှသာဖြစ်သည်။ ရောဂါစွဲသော နေရာများမှာ လျှာခင်၊ လျှာခင်ဘေးမှအမြှေး၊ ပသိလုံး၊ လည်မျို နှင့်နှာခေါင်းဖြစ်လေသည်။ ထိုရောဂါဝင်လာပုံလက္ခဏာကိုအင်္ဂလိပ်ဆေးကျမ်းများ၌ ဤသို့ဖော်ပြသည်။


ဆုံဆို့နာရောဂါဝင်လာသောကလေးသည် အနည်းငယ်ဖျား၍ ခေါင်းကိုက်သည်။ ခြေလက်နာသည်။ တစ်ခါတစ်ရံအော့အန်၍ဝမ်းပျက်သည်။ ရောဂါပြင်းလျှင်အသားအရေဖြူဖျော့၍ လျှာခင်နှင့် ပသိလုံးများ၌မွဲပြာပြာအရောင်ရှိသောအမြှေးကပ်လျက် အနာပေါ်လာသည်။ အနာပေါ်သောနေရာနှင့် နီးစပ်သော်လည်း ချောင်းအတွင်းရှိနေရာများသည် နီမြန်း၍အနာ၏အခြေသည် အစိမ်းပုပ်အရောင်ဖြစ်လာပြီးလျှင်အနံ့နံလာသည်။ လည်ပင်းသည်လည်းရောင်သည်။ နားရွက်အနီးအနား၌ အကျိတ်လုံးများ ပေါ်ထွက်လာလေသည်။ အဖျားအပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ ၁ဝ၁အထိတက်၍လေးရက်အတွင်းအဖျားကျသည်။ ရောဂါပြင်းလျှင်လေရှူရာ၌ဆို့၍ အသက်ရှူကြပ်လာသည်။ အားစိုက်၍အသက်ရှူရသည့်အခါ ရောဂါပိုးသည် တစ်ခါတစ်ရံလေပြွန်များထဲသို့ရောက်၍ကူးစက်ပြန့်ပွားသည်။ ဆေးနောက်ကျလျှင်လေပြွန် နှင့်လေပြွန်အဝင်အဝနေရာများ၌ လေဝင်လေထွက်ပိတ်သွားတတ်သည်။ ထို့ပြင်တော့ဆင်ခေါ် ငန်းဆိပ်တစ်မျိုးကြောင့်နှလုံးခုန်ရပ်သွားတတ်သည်။ မရပ်မီနှလုံးနေရာ၌အောင့်၍နာလာသည်။ အော့အန်စဉ် သွေးခုန်ခြင်းသည် အလွန်လျင်မြန်လာသည်။ ခြေဖျားလက်ဖျားအေး၍ အသည်းသည်လည်းရောင်ပွလာသည်။ ထိုရောဂါကိုအကြောင်းပြု၍ အဆုတ်ရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နားပြည် ယိုရောဂါနှင့်ဦးနှောက်ထဲ၌ သွေးကြောဆို့ရောဂါများပါနောက်လိုက်၍ဖြစ်ပေါ်တတ်လေသည်။ ဝက်သက်ရောဂါ၊ ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ တုပ်ကွေးကြီးရောဂါများမှ တစ်ဆင့်ကလေးများတွင် အဆုတ်ရောင်ရောဂါဖြစ်ပေါ်တတ်သည်။ ထိုရောဂါသည် ရိုးရိုးနှာစေးချောင်းဆိုးမှတိုက်ရိုက်သော်လည်းကောင်း၊ထိုရောဂါပိုး ဝင်စွဲ၍သော်လည်းကောင်းဖြစ်တတ်သေးသည်။ ရောဂါစွဲကပ်သည့်အဆုတ်၏နေရာကိုလိုက်၍ အဆုတ်ရောင်နာအမျိုးမျိုးရှိရာကိုးလသားအောက်ကလေးများ၌ ဖြစ်ပွားတတ်သောအဆုတ်ရောင်နာသည် အဆုတ်ပြွန်များတွင် ပါရောင်သဖြင့် အဆုတ်နှင့် အဆုတ်ပြွန်ရောင်နာ (ဗရွန်ကိုနျူမိုးနီးယား) ဟုခေါ်သည်။ နှစ်နှစ်သားအထက် ကလေးများတွင်ဖြစ်လျှင် အဆုတ်ရောင်နာဟုခေါ်သည်။ ငါးနှစ်အောက်ကလေးများသည် အဆုတ်ရောင်နာ ဖြစ်လွယ် လေသည်။

အဆုတ်နှင့်အဆုတ်ပြွန်ရောင်နာသည် တိုက်ရိုက် ဝင်ရောက်လာလျှင် ရုတ်တရက်အဖျားကြီး၍ အချမ်းပါပါတတ်သည်။ အချို့တက်သည်။ ချောင်းဆိုးနှာစေးမှတစ်ဆင့်ဝင်လာလျှင်မူ အဖျားတငွေ့ငွေ့မှ စသည်။ မချမ်းလည်းမချမ်း၊တက်လည်းမတက်ချေ။ ထိုရောဂါဖြစ်သောကလေးသည်အသက်ရှူမြန်လာ ပြီးလျှင်နှုတ်ခမ်းပြာလာသည်။ အသက်ရှူရာ၌ နှာဖျားလှုပ်သည်။ ရောဂါစွဲသောနေရာတွင် စူးရှသောချွဲသံများကြားရသည်။ ထိုနေရာ၌လက်ဖြင့် တီးခေါက်ကြည့်လျှင်အတွင်းမှအမာခံ သံကြားရလေသည်။ ရောဂါမပြင်းလျှင်ရက်ပေါင်း၂၁မှ၃ဝအထိ ဝေဒနာခံကြရသည်။ ရောဂါပြင်းလျှင်အဆုတ်နေရာ၌ တီးခေါက်ကြည့်သည့်အခါ အမာခံအသံသည်ပို၍ ထင်ရှားသည့်ပြင်အသက်ရှူလည်းမြန်သည်။ သလိပ်သံ ထင်ရှားလာလျှင် ကလေးသည်ခြေလက် အလွန်လှုပ်ရှားခြင်းမှငြိမ်သွားသည်။ ရောဂါစဖြစ်သည်မှရက် သတ္တသုံးပတ်အတွင်းဆိုခဲ့သောလက္ခဏာမျိုးပေါ်လာလျှင် ကလေးသည်အလွန်ပျော့ပြီးသေဆုံးတတ်လေသည်။ ကိုးလသားအထက်ကလေးများ၌ ဖြစ်တတ်သောအဆုတ်ရောင်ရောဂါသည် ကူးစက်တတ်သည်။ ထိုရောဂါဝင်လာလျှင်ကလေးသည်အပူချိန်ရုတ်ခြည်း တက်လာ၍အန်သည်။ အချို့အကြောဆွဲ၍ တက်သည်။ ကလေးသည်ထိုင်းမှိုင်းနေပြီးလျှင် ကယောင်ကတမ်းဖြစ်သည်။ စကားမပြောတတ်သေးလျှင် ခြေလက်ပစ်၍ ကြောင်တောင်ကြည့် တတ်သည်။ အသက်ရှူမြန်သည်။ အပူကြီးသည်။ မျက်စိ မျက်နှာနီသည်။ အသားအရေခြောက်သည်။ ရင်တွင်နားကြပ်ဖြင့်နားထောင်ကြည့်ပါက အသက်ရှူ သွင်းသည့်အခါ အတွင်းမှပွက်သံကြားရသည်။ ရောဂါစွဲသောနေရာကိုလက်ဖြင့်တီးခေါက်ကြည့်လျှင် အခြေခံမာသောအသံကိုကြားရသည်။ ကလေးများ၌ထိုရောဂါဖြစ်သောအဆုတ်နေရာသည် ဂျိုင်းအောက်နှင့်ရင်၏ အနီးအနား၌ုဖြစ်သည်။ ကလေးသည်အန်သည့်အခါ သွေးအနည်းငယ်လည်းပါတတ်၍ တစ်ခါတစ်ရံနှာခေါင်းသွေးလျှံတတ် လေသည်။ ထိုရောဂါစွဲကပ်နေသောကလေးများ၌ နှုတ်ခမ်းနှင့်မေးစေ့တွင်အပူဖုကလေးများထွက်သည်။ အဆုတ်နှင့်အဆုတ်ပြွန်ရောင်နာတွင်မူအပူဖုမထွက်ချေ။ ချောင်းဆိုးနှင့်ယှဉ်လျက်အပူချိန်သည်တစ်သမတ်တည်း တန်းနေတတ်သည်။ အပူချိန်ဖာရင်ဟိုက် ဒီဂရီတရာ့သုံး၊လေး၊ ငါးခန့်တက်နေရာမှခုနစ်ရက်မှ၁ဝရက်ခန့်အကြာတွင် တစ်မဟုတ်ခြင်း လူကောင်း အပူချိန်သို့ပြန်ကျတတ်သည်။ ချောင်းဆိုးကားကျန်နေတတ်လေသည်။

အချို့ကလေးများတွင် ထိုရောဂါပျောက်လွယ်သော်လည်း အချို့ကလေးများသည် ထိုရောဂါ ပျောက်ခဲပြီးလျှင် အခြားရောဂါများဆက်လက်ဝင်တတ်ရာယင်းတို့မှာ ဦးနှောက်မြှေးရောင်ခြင်း၊ နှလုံးရောင်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်းတို့အပြင် အဆုတ်နှင့်နံရံအကြား၌ သွေးခြည်ဥပြီး အရည် တည်တတ်လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)