သုရာပါနဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၁ - သုရာပါနဇာတ်။ ။ မင်းကြီးလှူသော သေရည်ကို သောက်ကြသဖြင့် သူရူး ဖြစ်ကြရသော ရသေ့ငါးရာ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

နဂါးဆုံးမ ရှင်သာဂတ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပုထုဇဉ်တို့ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ရှင်သာဂတ မထေရ်ကို အလုပ်အကျွေးအဖြစ် ခေါ်တော်မူ၍ ဘဒ္ဒဝတီနိဂုံးသို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုနိဂုံးရွာအနီးတောအုပ်၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားခွင့်ပြုချက်အရ ရှင်သာဂတမထေရ်သည် အမ္ဗတိတ္တကရသေ့ကျောင်း၌ အလွန်အဆိပ်ပြင်းထန်လှသော အမ္ဗတိတ္တက နဂါးကြီးကို မိမိ တန်ခိုးဖြင့် သရဏဂုံသီလ၌ တည်စေလျက် ယဉ်ကျေးအောင် ဆုံးမလေ၏။ မြတ်စွာဘုရား ကောသမ္ဗီပြည်သို့ ပြန်ရောက်သောအခါ ထိုရှင်သာဂတမထေရ် နဂါးကြီးကို ဆုံးမခဲ့သောအကြောင်းသည် နဇပုဒ် တစ်ခုလုံး၌ ထင်ရှားလေ၏။

ကောသမ္ဗီပြည်၌နေသော ဒါယကာတို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရှင်သာဂတမထေရ်ထံသို့ ဆည်းကပ်ကာ “အရှင်ဘုရား ... အရှင်ဘုရားတို့အား ရခဲသော ဝတ္ထုကို အမိန့်ပေးတော်မူပါ၊ အကျွန်ုပ်တို့ ရအောင် ရှာကြံလှူပါမည်” ဟု လျှောက်ကြသောအခါ ရှင်သာဂတမထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။

သေရည်မူးယစ် သတိလစ်[ပြင်ဆင်ရန်]

ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဒါယကာတို့အား “ဒါယကာတို့ ... ရဟန်းတို့အား ခိုခြေအဆင်းရှိသော သေရည်သည် ရခဲကုန်၏၊ နှစ်လည်း နှစ်သက်ကြကုန်၏၊ အကယ်၍ ရှင်သာဂတမထေရ်ကို ကြည်ညိုလျှင် ခိုခြေအဆင်းရှိသော သေရည်ကို စီစဉ်ကြကုန်လော့” ဟု ဆိုကုန်၏။

ဒါယကာတို့လည်း မြတ်စွာဘုရားအား နက်ဖြန် ဆွမ်းဘုဉ်ပေးရန် ပင့်ဖိတ်ပြီးလျှင် ခိုခြေအဆင်းရှိသော သေရည်ကို စီရင်ကြကုန်၏။ ရှင်သာဂတမထေရ်ကို အိမ်သို့ သီးခြားပင့်ဖိတ်၍ အိမ်တိုင်း၊ အိမ်တိုင်း သေရည်ကို ကပ်လှူကြကုန်၏။ ရှင်သာဂတမထေရ်လည်း သေရည်သောက်သဖြင့် မူးယစ်ကာ မြို့ပြင်အထွက်တွင် အမှတ်သညာ လွတ်ကင်းလျက် တံခါးအကြား၌ လဲလေ၏။

သေရည်ကျိုးပြ ဆိုဆုံးမ[ပြင်ဆင်ရန်]

မြတ်စွာဘုရားလည်း ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွတော်မူသောအခါ ရှင်သာဂတမထေရ် တံခါးကြား၌ လဲနေသည်ကိုမြင်လျှင် ကျောင်းတော်သို့ယူစေ၍ ခြေရင်းတော်တွင် သိပ်စေ၏။ ရှင်သာဂတလည်း အိပ်ရာမှလည်၍ မြတ်စွာဘုရားဘက်သို့ ခြေပြုလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား မေးတော်မူ၏။

“ချစ်သား ရဟန်းတို့ ...

မေး။ ။ ရှင်သာဂတမထေရ်သည် ရှေးအခါကဲ့သို့ ငါဘုရားကို ရိုသေသေးသလော။

ဖြေ။ ။ မရိုသေတော့ပါ ဘုရား။

မေး။ ။ အမ္ဗတိတ္တက နဂါးမင်းကို မည်သူ ဆုံးမသနည်း။

ဖြေ။ ။ ရှင်သာဂတမထေရ် ဆုံးမပါသည် ဘုရား။

မေး။ ။ ယခုအခါ ရှင်သာဂတမထေရ် ရေမြွေကိုပင် ဆုံးမနိုင်ဦးမည်လော။

ဖြေ။ ။ မဆုံးမနိုင်တော့ပါ ဘုရား။

မေး။ ။ ဖောက်ပြန်ချွန်ယွင်း အမှတ်သညာ လွတ်ကင်းစေသော သေရည်ကို သောက်သင့်သလော။

ဖြေ။ ။ မသောက်သင့်ပါ ဘုရား” - ဟု လျှောက်ထားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်သာဂတမထေရ်ကို ကဲ့ရဲ့တော်မူပြီးလျှင် သေရည်မသောက်ကြရန် သိက္ခာပုဒ် ပညတ်တော်မူ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... သေရည်သောက်ခြင်းကား တန်ခိုးပညာနှင့် ပြည့်စုံသော ရှင်သာဂတမထေရ်ကိုပင် မြတ်စွာဘုရား ကျေးဇူးတော်မျှ မသိနိုင်အောင် ပြုတုံသေး၏။ အပြစ်ကြီးလှ၏” စသည်ဖြင့် သေရည်သောက်ခြင်း၏ ကျေးဇူးမဲ့ကို စကားစပ်၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့ ... ယခုအခါ၌သာ သေရည် သောက်သဖြင့် ရဟန်းတို့ အမှတ်သညာ လွှတ်ကင်းသည် မဟုတ်၊ ရှေးအခါ၌လည်း အမှတ် လွတ်ကင်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မင်းမှီနေရှာ ရသေ့ငါးရာ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ဥဒိစ္စ ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် တပည့်ငါးရာ အခြံအရံဖြင့် ဟိမဝန္တာအရပ်ဝယ် နေလေ၏။

မိုးကာလရောက်လတ်သော် ရသေ့ငါးရာတို့သည် ဆရာရသေ့ကြီးထံ ခွင့်ပန်၍ ချဉ်၊ ဆား မှီဝဲရန် လူတို့နေရာသို့ လာကြရာ ဗာရာဏသီမြို့ မင်းကြီးဥယျာဉ်တော်၌သာ နေကုန်၏။ နက်ဖြန် မြို့တွင်းသို့ ဆွမ်းခံလတ်သော် လူတို့သည် ကြည်ညိုသည်ဖြစ်၍ ဆွမ်းလှူဒါန်းကြကုန်၏။ နှစ်ရက်၊ သုံးရက် လွန်လျှင် မင်းကြီးသိ၍ အလွန်ကြည်ညိုသဖြင့် ဥယျာဉ်တော်သို့သွားကာ ရသေ့တို့အား “အရှင်ဘုရားတို့ ... မိုးလေးလပတ်လုံး ဤဥယျာဉ်တော်၌ သီတင်းသုံးကာ နေ့စဉ် နန်းတော်မှာ ဆွမ်းဘုဉ်းပေးတော်မူပါဘုရား” ဟု လျှောက်ထားလေ၏။ ရသေ့တို့သည် ထိုအခါမှစ၍ နန်းတော်၌သာ ဆွမ်းဘုဉ်းပေးကြရကုန်၏။

သေရည်သောက်က ဖောက်ပြန်ကြ[ပြင်ဆင်ရန်]

တစ်နေ့သ၌ မြို့တွင်းဝယ် သေရည်သောက်ပွဲသဘင် ဖြစ်လေ၏။ ထိုအခါ မင်းကြီးသည် ရသေ့ရဟန်းတို့အား သေရည် အလွန်ရခဲသည်ဟု သေရည်များစွာတို့ကို လှူစေ၏။ ရသေ့တို့လည်း သေရည်သောက်ကြပြီးလျှင် ဥယျာဉ်တော်သို့သွား၍ မူးယစ်သဖြင့် အမှတ်သညာ လွတ်ကင်းကုန်လျက် အရှက်အကြောက် မရှိကြတော့ဘဲ တချို့ရသေ့တို့သည် ထ၍ ကကြကုန်၏။ တချို့ရသေ့တို့သည် သီချင်းဆိုကြကုန်၏။ တချို့ရသေ့တို့သည် ကလည်းက သီချင်းလည်း ဆိုကြကုန်၏။ တချို့ရသေ့တို့သည် ခဲဖွယ်ဘောဖဉ်တို့ကို ဖိ၍ အိပ်ကြကုန်၏။

ဆရာကင်းကွာ ပျက်စီးရှာ[ပြင်ဆင်ရန်]

ဆရာရသေ့ကြီးလည်း တပည့်တို့ ပြန်လာလျှင် ဝမ်းမြောက်ဝမ်းသာ “တပည့်တို့ ... လူတို့နေရာဝယ် ဆွမ်းရလွယ်ပါ၏လော၊ တစ်ယောက်နှင့်တစ်ယောက် ညီညွတ်ကြပါ၏လော” ဟု မေးလေ၏။ ရသေ့တို့သည် “ဆရာ ... ဆွမ်းလည်း ရလွယ်ပါ၏၊ တစ်ယောက်နှင့်တစ်ယောက်လည်း ညီညွတ်ကြပါ၏။ သို့သော်လည်း ကျွန်ုပ်တို့သည် မသောက်သင့်သော သေရည်ကို သောက်မိသည့်အတွက် သတိတရားမကပ်၊ အမှတ်သညာကင်းမဲ့ကုန်လျက် ထ၍ ကလည်း ကခဲ့ကြကုန်ပြီ၊ သီချင်းလည်း သီဆိုခဲ့ကြကုန်ပြီ၊ ငိုလည်း ငိုခဲ့ကြကုန်ပြီ၊ ယခုဘဝတွင် တိရစ္ဆာန်မျောက် ဖြစ်မသွားသည်ကိုပင် ဝမ်းမြောက်ရပါတော့သည်” ဟု ဖြစ်သမျှ အကြောင်းစုံကို ပြန်ပြောင်းကာ လျှောက်ထားကြကုန်၏။

ဆရာကြီးလည်း “တပည့်တို့ ... ဆရာနှင့်ကင်း၍ နေခြင်းမည်သည် မကောင်းပေ၊ ဤလိုပင် ဖြစ်တတ်သည်” ဟု ပြစ်တင်ကဲ့ရဲ့ကာ “နောင်အခါ ဤလို မဖြစ်ကြစေနှင့်” ဟု အဆုံးအမပေးသဖြင့် မယုတ်လျော့ မပျက်စီးသောဈာန် ရှိကြသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ရသေ့အပေါင်းသည် - ယခုအခါ ဘုရားပရိသတ်။

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) သေရည်သေရက်၊ လူကိုဖျက်၊ အရှက်မရှိပါ။

(၂) ကကုန်, သီကုန်၊ တီးမှုတ်ကုန်၊ လုံးစုံပြုဝံ့ပါ။

(၃) မှတ်သညာကင်း၊ သတိကင်း၊ လက်ငင်းရူးသည်သာ။

သုရာပါနဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ