သုဒိန်

ဝီကီပီးဒီးယား မှ

အရှင်သုဒိန်သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် လူသိများ ထင်ရှားသည့် ရဟန်းတော်တစ်ပါး ဖြစ်သည်။ မြတ်စွာဘုရား၏ ပထမဆုံးသော သိက္ခာပုဒ်ပညတ်ရသည့် အကြောင်းရင်းမှာလည်း အရှင်သုဒိန်ကြောင့်ပင် ဖြစ်သည်။ အရှင်သုဒိန်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဆုံးသော ပါရာဇိကအာပတ်ကို ကျူးလွန်သည့် ရဟန်းတော် ဖြစ်သည်။[၁]

တရားနာကြားခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဝေသာလီမြို့တွင် သီတင်းသုံးတော်မူနေခိုက် ဖြစ်၏။ သုဒိန်သည် ဝေသာလီမြို့၏ အနီးရှိ “ကလန္ဒ” အမည်ရသည့် ရွာရှိ သူဌေးသား ဖြစ်၏။ သုဒိန်သည် သူငယ်ချင်းဖြစ်သူတို့နှင့်အတူ မြတ်စွာဘုရားရှင်ရှိရာ ဝေသာလီမြို့သို့ ပြုဖွယ်ကိစ္စရှိသဖြင့် ရောက်လာ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ပရိသတ်တို့အား တရားဟောကြားလျက် ရှိ၏။ ထိုအခါ သုဒိန်သူဌေးသားသည် တရားနာလိုစိတ် ဖြစ်ပေါ်လာကာ တစ်နေရာတွင် ထိုင်၍ တရားတော်တို့ကို နာကြား၏။[၁]

ရဟန်းဝတ်ခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားပြီးနောက် သူဌေးသား သုဒိန်သည် သာသနာ့ဘောင်တွင် ရဟန်းပြုကာ မြတ်သောအကျင့်ကို ကျင့်လိုစိတ် ဖြစ်တော်မူ၏။ ပရိသတ်တို့သည် နေရာမှ ဖယ်ခွာသောအချိန်တွင် သုဒိန်သည် မြတ်စွာဘုရားထံ ချည်းကပ်၍ ရှိခိုး၏။ ထို့နောက် ရဟန်းပြုပေးပါရန် တောင်းဆို၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းပြုရန် မိဘတို့က ခွင့်ပြုပြီး ဖြစ်ပါသလောဟု မေး၏။ သုဒိန်သူဌေးသားလည်း ခွင့်မပြုသေးပါဟု ပြောကြား၏။ ထို့နောက် သူဌေးသားသည် မိဘတို့ထံမှ ခွင့်တောင်းမည့်အကြောင်း ပြောကြားကာ ဝေသာလီသို့ ပြန်လာ၏။ ဝေသာလီသို့ ရောက်သော် သူဌေးသားသည် အကြောင်းစုံပြောပြကာ မိဘတို့အား အခွင့်ပေးရန် တောင်းဆို၏။

ထိုအခါ မိဘတို့သည် “ချစ်သား သုဒိန်၊ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏။ နှစ်သက်အပ်၏။ ချမ်းသာစွာ ကြီးပွားစေအပ်၏။ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏။ ချစ်သား သုဒိန်၊ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ သင်သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ပဲလျက် သင်နှင့် ခွဲခွါကြကုန်အံ့။ အသက်ရှင်နေသေးသော သင်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း” ဟု ငြင်းပယ်၏။ ထိုအခါ သုဒိန်သည် နှစ်ကြိမ်မြောက် မိဘတို့ထံ ထပ်မံခွင့်တောင်း၏။ ထိုအခါလည်း မိဘတို့သည် ငြင်းပယ်ပြန်၏။ သုံးကြိမ်မြောက် မိဘတို့ထံ ခွင့်တောင်းပြန်၏။ မိဘတို့သည်လည်း သုံးကြိမ်မြောက်သည့်တိုင်အောင်ပင် ငြင်းပယ်ပြန်၏။

ထိုအခါ ရဟန်းအဖြစ် ပြုလိုစိတ်ပြင်းပြသော သုဒိန်သည် မိဘတို့ထံ ခွင့်တောင်း၍ မရသည့်အခါ ထိုနေရာ မြေကြီးပေါ်၌ပင် အိပ်၏၊ ထမင်းလည်း မစားဘဲ နေ၏။ ထိုအခါ မိဘတို့သည် သားဖြစ်သူကို “ထပါလော့၊ စားပါလော့၊ သောက်ပါလော့၊ ကာမဂုဏ်ကို ခံစားပါလော့”ဟု ဆိုကာ ခွင့်မပြုဘဲ ငြင်းပယ်နေပြန်၏။ နှစ်ကြိမ်၊ သုံးကြိမ်မြောက်လည်း “ထပါလော့၊ စားပါလော့၊ သောက်ပါလော့၊ ကာမဂုဏ်ကို ခံစားပါလော့” ဟု ဆိုကာ ခွင့်မပြုဘဲ ငြင်းပယ်နေပြန်၏။

ထို့နောက်တွင်မူ သုဒိန်၏ သူငယ်ချင်းဖြစ်သူတို့သည် မိဘတို့အား အရှင်သုဒိန်သည် ရဟန်းဖြစ်ပါမူ ရန်းအဖြစ်ဖြင့် အသက်ရှင်လျက် မြင်ကြရမည်၊ ထိုသို့မဟုတ်ပါက အသက်မျှပင် မရှင်နိုင် သုဒိန်သည် သေခြင်းသို့ ရောက်ရပေလိမ့်မည်။ သုဒိန်သည် ရဟန်းဝတ်ြဖင့် မပျော်ပိုက်ပါမူ မိဘတို့အိမ်မှတစ်ပါး သူ့တွင် သွားလာစရာမရှိပေ။ ထို့ကြောင့် ဤအိမ်သိုပင် ပြန်လာပါလိမ့်မည်ဟု ပြောဆိုကာ ရဟန်းဝတ်ခွင့်ပေလိုက်ပါရန် ပြောဆို၏။ ထိုအခါ သုဒိန်၏ မိဘတို့လည်း ခွင့်ပြု၏။ ထို့နောက် သုဒိန်သည် တစ်ရက် နှစ်ရက် အားယူ၍ မြတ်စွာဘုရားဆီသို့ သွားကာ ရဟန်းပြု၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် Text "publisher" ignored (အကူအညီ)