သုတရတနာ ဆုံးမစာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သုတရတနာ ဆုံးမစာ ကို ညောင်ပင်သာ ဦးပုည (မြန်မာ ၁၁၉၀-၁၂၆၃)က ရေးသားခဲ့သည်။

သုတရတနာသံပေါက်စာ၊ မှတ်ရာလူအမျိုး။
မှတ်သားမိသော်၊ အနှစ်ကျော်၊ ထင်ပေါ်နွမ်းမညှိုး။
မညှိုးဂုဏ်ရောင်၊ ဝင်းထိန်ပြောင်၊ လူ့ဘောင်ကဲမြင့်ဖြိုး။
မီးရောင်၊ လရောင်၊ နေအရောင်၊ ဉာဏ်ရောင်လွှမ်း၍မိုး။
ပညာသမာ၊ အာဘာနတ္ထိ၊ မြတ်မုနိ၊ ဟောရှိကျမ်းကိုကိုး။
ထို့ကြောင့်များစွာ၊ လူတကာ၊ ပညာရအောင်ကြိုး။
ပညာကောင်းမှာ၊ ဒေသနာ၊ သုံးရာမကုန်နှိုး။
မေတ္တာကောင်းမှာ၊ ရန်တကာ၊ ပယ်ကွာရေချမ်းအိုး။
သဒ္ဒါကောင်းမှာ၊ နောင်ဘို့ပါ၊ ချမ်းသာဆင့်ဆင့်တိုး။
မေထုန်၊ အိပ်၊ စား၊ ဤသုံးပါး လူနွားရှိသည်ပင်။
နွားထက်ပညာ၊ လူကသာ၊ မှတ်ပါပုံပြထင်။
ပညာမဲ့က၊ လူ့ဗာလ၊ တမျှနွားအသွင်။
နွားနှင့်တမူ၊ တမျှတူ၊ လူဖြစ်တက်တက်စင်။
တက်တက်စင်ပြုန်း၊ လူဖြစ်ရှုံး၊ လူသုံးဖော်မဝင်။
ဖော်မပြုရာ၊ လူ့ဗာလာ၊ အင်္ဂါသုံးခုတင်။
လူယုတ်လူမိုက်၊ ဒုစရိုက်၊ နှစ်ခြိုက်စုံမက်ခင်။
ပမာပုံထုတ်၊ တူစွာဟုတ်၊ အပုပ်ယင်မဲခင်။
အပုပ်ဒုစရိုက်၊ လူမိုက်ယင်မဲ၊ ပမာတွဲ၊ မလွဲတူသည်ပင်။
ကောင်းရာနှီးနှော၊ ဆုံးမပြော၊ သဘောသူမဝင်။
ဝင်အောင်သဘော၊ ထပ်ခါပြော၊ ဒေါသအများတင်။
သူမိုက်ကိုခင်၊ ချစ်ကျွမ်းဝင်၊ ကိုယ်လျှင်မိုက်မည်သာ။
အမဲသားပုပ်၊ ပဝါထုပ်၊ ထုပ်သည့်ပဝါ၊ ပုပ်လိမ့်ဧကန်ပါ။
ထို့ကြောင့်မှတ်ပိုက်၊ လူအမိုက်၊ မကြိုက်ရှောင်ကြဉ်ခွာ။
ချိုရှိကျွဲနွား၊ စွယ်ရှိများကို၊ ရှောင်ရှားတောင်တရာ။
လူမိုက်ကိုလျှင်၊ မမြင်ရာက၊ ရှောင်ကုန်ကြ၊ ကျမ်းပြမိန့်ခဲ့မှာ။
အဇာတသတ်၊ ဒေဝဒတ်၊ အမြတ်ထင်မိရှာ။
အထင်လွဲမှား၊ ပေါင်းဖော်မှား၊ လားသည်ငရဲရွာ။
ရှုံးခြင်းကြီးစွ၊ ရှုံးရှာရ၊ ဗာလတွဲတွက်တာ။
ဗာလနှင့်တွဲ၊ ဧကန်ဘဲ၊ မလွဲမိုက်တတ်စွာ။
စကားယွင်းစုတ်၊ အဆိုနုတ်မူ၊ အမိယုတ်သည့်သား။
ကိုယ်မူယွင်းစုတ်၊ အကျင့်နုတ်မူ၊ အဘယုတ်သည့်သား။
ဝါစာကာယ၊ မကောင်းကြမူ၊ မိဘယုတ်သည့်သား။
မိဘဟိနတ်၊ အကဲခတ်၊ မှတ်၍သတိထား။
အမိအဘ၊ ကဲမကျအောင်၊ သတိဆောင်၊ ကောင်းအောင်အကျင့်များ။
ပညာရှိမှ၊ ပဏ္ဍိတ၊ နာမကျော်ထင်ရှား။
ပညာရှိမှာ၊ လက္ခဏာ၊ အင်္ဂါကြောင်းသုံးပါး။
ကိုယ်နှုတ်နှလုံး၊ စောင့်စည်းသုံး၊ ကျင့်ထုံးမတိမ်းပါး။
ဖြောင့်မှန်ကောင်းမွန်၊ ပညဝန်၊ အလွန်မြတ်နိုးကြ။
မြတ်နိုးအပ်စွာ၊ ပညဝါ၊ ရှာ၍ပေါင်းဖက်မှ။
သူတော်ပဏ္ဍိ၊ ပေါင်းဖက်မိ၊ အသိဉာဏ်ပြည့်ဝ။
အသိပညာ၊ ရှိသောအခါ၊ သဒ္ဓါကြည်ဆွဆွ။
ခင်ပွန်းအပြား၊ ပေါင်းဆယ်ပါး၊ ပြစ်မှားမပြုရာ။
ပြစ်မှားမိက၊ ပစ္စက္ခ၊ တွေ့ရဒဏ်ဆယ်ဖြာ။
ခင်ပွန်းကျေးဇူး၊ မထိမ်မြူး၊ အထူးလွန်ချမ်းသာ။
ပူဇနေယျ၊ ပူဇာစ၊ ဟောပြမိန့်ခဲ့မှာ။
ရှေးကတင်ဘူး၊ သူ့ကျေးဇူး၊ အထူးဆပ်မှသား။
ကျေးဇူးသိက၊ ဖြစ်သမျှ၊ နှစ်ဝသုခိတာ။
ကျေးဇူးချေပစ်၊ တရားလစ်၊ နွမ်းညစ်စည်းစိမ်ဟာ။
ကျေးဇူးမပစ်၊ စည်းစိမ်ဖြစ်၊ ဆန်းသစ်လ-ပမာ။
တစ်နေ့ထက်ကို၊ တစ်နေ့ပို၊ မောက်မိုဘုန်းသမ္ဘာ။
ကောင်းရာရောက်လို၊ အကုသိုလ်၊ ပယ်ဖြိုစွန့်ပစ်ခွာ။



ကိုးကား[ပြင်ဆင်ရန်]

  1. (စက်တင်ဘာလ ၁၉၉၂ ခုနှစ်) ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ - အခြေခံပညာဦးစီးဌာန, ဒုတိယအကြိမ်, ၁၈၁-၁၈၃၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့: မြဝတီပုံနှိပ်တိုက်၊, ၁၃၉။