သီးဆယု

ဝီကီပီးဒီးယား မှ

သီးဆယုသည် ဂရိထုံးဟောင်း ပုံပြင်လာ လူစွမ်းကောင်းတစ်ဦးဖြစ်၍ အက်သင်းဘုရင် အီးဂျူးနှင့်ထရီးဇင်းမင်းသမီးအီးသရာတို့တွင် မြင်သော သားတော်ဖြစ်သည်။ အီးဂျူးသည်သီးဆယုမဖွားမီပင် အက်သင်းသို့ပြန်သွားရာ သားတော်ဖွားမြင်ပါက ကျောက်တုံးအောက်တွင် သူဝှက်ထားသော ဓားလွတ် တစ်စင်းနှင့်ခြေနင်း တစ်စုံကိုယူစေ၍ လွှတ်လိုက်ရန် အက်သင်းသို့မပြန်မီ မှာခဲ့လေသည်။ သီးဆယုကားဖွားမြင်ပြီး၍ အချိန်တန်အရွယ် ရောက်လူလားမြောက်လာသောအခါ ခမည်းတော်၏အမှာစကားအတိုင်း ကျောက်တုံးကြီးကိုမ၍ ဓားလွတ်နှင့်ခြေနင်း ကိုယူကာ ခမည်းတော်စံရာ အက်သင်းသို့ထွက်သွားလေသည်။

အက်သင်းသို့အသွားလမ်းတွင် သီးဆယုသည် တိုက်ခိုက်စွန့်စားခန်း အမျိုးစုံနှင့်တွေ့ကြုံရ၏။ အက်သင်းသို့ ရောက်သောအခါ ခမည်းတော်အီးဂျူးဘုရင်သည် မီဒီးယားဆိုသော စုန်းမတစ်ဦးနှင့်ပေါင်းသင်းနေသည်ကို တွေ့ရ၏။ ထိုစုန်းမသည်သီးဆယုအား အဆိပ်ကျွေး၍ သတ်သော်လည်း သီးဆယုကရိပ်မိသွားသဖြင့် အထမမြောက်ချေ။ ခမည်း တော်ကလည်း သီးဆယု ကိုင်လာသော ဓားလွယ်ကိုမြင်သဖြင့် မှတ်မိသွားလေသည်။ ခမည်းတော် အက်ဂျူးဘုရင်ကြီးကား စွမ်းအင် ထက်မြက်သော သားတော်ကလေးရောက်လာသည့်အတွက် တစ်အားတက်လျက်ရှိလေသည်။ အကြောင်းကား ထိုအချိန်တွင် အက်သင်းသည်ကရိတန်တို့၏ဩဇာခံနေရသောကြောင့်တည်း။ နှစ်စဉ်နှစ်တိုင်း အက်သင်းမှ ယောက်ျားပျိုခုနစ်ယောက်နှင့် မိန်းမပျိုခုနစ်ယောက်တို့ကို ကရိဘုရင်မိနိုထံ ဆက်သရ၏။ ယင်းတို့ကိုမိနိုဘုရင်က လူတစ်ပိုင်း နွားတစ်ပိုင်းဖြစ်သော မိနိုတောသတ္တဝါကြီးအား အစာအဖြစ် ကျွေးလေသည်။

သီးဆယုရောက်ချိန်၌လည်း မိနိုတောကိုကျွေးရန် အက်သင်းမှ လူပို့ဖို့အချိန်ကျနေပြီဖြစ်ရာ အီဂျူးဘုရင်နှင့် တကွတစ်နယ်လုံး ကြိမ်မီးအုံးသကဲ့ သို့ပူဆွေးဒုက္ခရောက်နေကြလေသည်။ သီးဆယုသည် ယောက်ျားခုနစ်ယောက်အနက် တစ်ယောက်အဖြစ်ဖြင့် လိုက်ပါသွားရန်သဘောတူ၏။ အကြောင်းမှာ သီးဆယုသည် နွားဘီလူးကြီးကို သတ်ဖြတ်နိုင်မည်ဟုမျှော်လင့်သောကြောင့်ဖြစ်သည်။ ကရိကျွန်းသို့ ရောက်သောအခါ ဘုရင့်သမီးတော် အာရီယပ်နီသည် သီးဆယု၏ လက္ခဏာသွင်ပြင်ကိုမြင်ရ၍ မေတ္တာသက်ဝင်ကာဓားလွတ်တစ်စင်းနှင့်အပ်ချည်တစ်ခင်ကို ပေး၏။ ဓားလွတ်မှာ မိနိုတောကို ခုတ်သတ်ရန်ဖြစ်၍ အပ်ချည်ခင်မှာမိနိုတောကိုထားသော ဝင်္ကပါထဲမှ လက်ဖြင့် စမ်းကာထွက်ရန်ဖြစ်လေသည်။

သီးဆယုသည်အာရီယပ်နီ၏ အကူအညီဖြင့် မိနိုတောကိုသတ်၍ ခက်ခဲသောဝင်္ကပါခရီးမှ ထွက်နိုင်ခဲ့ပြီးသော် ထိုမင်းသမီးကို ခိုးယူတင်ဆောင်ကာအက်သင်းသို့ပြန်ခဲ့သည်။ အပြန်တွင်အောင်မြင်ပါက ရွက်ဖြူလွှင့်၍လာရန် ခမည်းတော်ကမှာလိုက်သော်လည်း မေ့တတ်လွန်းသော သီးဆယုသည် ရွက်နက်ကိုသာလွှင့်ခဲ့မိသည်။ ခမည်းတော်လည်း ရွက်ဖြူကိုမမြင်သော် သားတော် သေဆုံးပြီဟု ထင်မှတ်ပြီးလျှင် များစွာစိတ်မချမ်းမသာဖြစ်ကာ ပင်လယ်ထဲသို့ ခုန်ဆင်း၍နတ်ရွာစံလေသည်။ ထိုပင်လယ်ကို အီဂျူးဘုရင်ခုန်ဆင်းလေသည်ကိုအစွဲပြု၍ အီးဂျီးယန်း ပင်လယ်ဟု ယခုတိုင်ခေါ်ဝေါ်သည်။


သီးဆယုလည်း အက်သင်းဘုရင်ဖြစ်လာလေသည်။ သူ၏ရဲစွမ်း သတ္တိရှိပုံမှာ အများအပြားပင်ဖြစ်၏။ ရွှေသိုးမွှေးကိုလှည့်လည်ရှာဖွေသော အာဂိုနော့သူရဲကောင်းများထဲတွင်လည်း သီးဆယုပါဝင်ခဲ့၏။ အမ္မဇုန်လူရိုင်းမများကိုလည်း အောင်နိုင်ခဲ့ဘူး၏။ တစ်ခါ၌ သီးဆယုသည် လက်ပိသီးဘုရင်ပိုင် ရစ်သိုးအပ်နှင့် လက်ရုံးရည်ခြင်းပြိုင်ဆိုင်ရန်တွေ့ကြရာတွင် သူရဲကောင်း နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည်ညိုနှစ်သက်ကြသဖြင့် ရာသက်ပန်မိတ်ဆွေဖြစ်ရန်သစ္စာဆိုကြလေသည်။ တစ်ခါသော် ပိုင်ရစ်သိုးအပ်သည် စင်းတောသတ္တဝါများနှင့်တိုက်ခိုက်ရာ သီးဆယုက ဝင်ရောက်ကူညီခဲ့ပေ၏။ ထိုမျှသတ္တိကောင်းလှသော သီးဆယုသည် အက်သင်းနယ်သား များပုန်ကန်ထကြွကြရာတွင် သစ္စာမဲ့သူများ၏ လှည့်စားသတ်ဖြတ်ခြင်းကိုခံရလေသည်။ နောက်ဆုံး၌ လူအပေါင်း တို့သည် သီးဆယုကို များစွာရိုသေ လေးစားသတိရကြ၏။ မာရသွန်စစ်ပွဲတွင်သီးဆယု၏ ဝိညာဉ်သည် သံချပ်အင်္ကျီကို ဝတ်ဆင်လျှက် အက်သင်းနယ်သားများ၏ တပ်ဦးက တိုက်ခိုက်ပေးသည်ဟုပင် ယုံကြည်ခဲ့ကြလေသည်။ ပါးရှင်းစစ်ပွဲများ ပြီးစီးသွားသောအခါ ဒဲလဖီနတ်ကွန်းမှ အဟောအတိုင်းအက်သင်းနယ်သားများသည် သီးဆယု၏သင်းချိုင်းကိုရှာဖွေ၍ အရိုးများကိုယူဆောင်ပြီးလျှင် အက်သင်းမြို့ဘုရားကျောင်းတခုထဲ၌ထားရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)