သီလရှင်ကျင့်ဝတ်

ဝီကီပီးဒီးယား မှ

ထေရဝါဒ၊ ဗုဒ္ဓဘာသာတွင် ရဟန်းသံဃာများ စောင့်ထိန်းရမည့် ရဟန်းသိက္ခာ(၂၂၇)ပါး ရှိသကဲ့သို့၊ သီလရှင်များ စောင့်ထိန်းရမည့် ဥပဒေများလည်း ရှိပြီးဖြစ်သည်။

သီလရှင်ချောင်(ကျောင်း)သို့ ရောက်လာသော ဧည့်သည်သီလရှင်ကို အလွယ်တကူ လက်မခံရ။ တိုက်အုပ်၊ တိုက်ကြပ်တို့ထံ သုံးကြိမ်တိုင်တိုင် ကျိုးနွံစွာ လျှောက်ထားခွင့်ပန်၍ ရမှသာ အာမခံသည့်အနေဖြင့် ဆုံးမသမျှကို လိုက်နာပါမည်။ ထိုက်ရာဒဏ်ကို သနားတော်မူပါဟု ဆိုပြီး ကန်တော့ရသည်။ ဆရာသမားကို နေ့စဉ်ဝတ်ဖြည့်ရသည်။ ပရိတ်ကြီး၊ မေတ္တာပို့ စသည်တို့ကို နှုတ်ငုံမရမချင်း အခြားစာကို မတက်စေရ။ အာမခံသောဆရာ၌လည်း ဝတ္တရားများရှိသည်။ သီလရှင်အသစ်သည် ဆရာ၏ ဆုံးမသမျှကို ဆင်ခြေမတက်ဘဲ ကျိုးနွံ့စွာ နာခံရသည်။

"ဆရာကိုချစ်မူ၊ နှုတ်ခမ်းစူ၊ ပြန်မူမပြောရ။ ညာလှမ်းရုပ်နာမ်၊ ဘယ်လှမ်းဖြစ်ပျက်၊ ထင်မြင်လျက်၊ မပျက်ခရီးသွား။ သွားတိုင်းသွားတိုင်း၊ စိတ်မရိုင်း၊ ကသိုဏ်းခြေမှာထား။ တရားတော်ကို လွန်ကြည်ညို၊ ပုဂ္ဂိုလ်မချစ်ရ၊ ပုဂ္ဂိုလ်ချစ်မျိုး၊ စိတ်မရိုး၊ ကိုယ်ကျိုးပျက်စီးရ။ သူငါမြင်လျှင် မေးငေါ့ချင်၊ ကိုယ်တွင် ရှက်ကြီးရ။ သာသနာဖျက် ဤအတွက်၊ နရက်ရောက်ပြန်ရ။ သီလရှင်မယ်၊ ကျင့်သုံးဆယ်၊ နှုတ်ဝယ်ရအောင် ဆောင်ရသည်ဘုရား"

ဟု တွေ့ရသည်။ ကျင့်ဝတ်သုံးဆယ်ရှိသည်။

သီလရှင် အချင်းချင်း စကားပြောသည့်အခါ တပည့်တော်မဟု ထည့်ပြော၍ ဘုရားထူးရသည်။ တရားသဖြင့် ပစ္စည်းရှာမှီးပြီး၊ ပရိယတ်၊ ပဋိပတ်အားထုတ်သူကို ဆရာဟုမှတ်ရမည်။ မတရားစီးပွားရှာပြီး ပရိယတ်၊ ပဋိပတ်ကို အားထုတ်သူအား ပစ္စည်းခင်သူဖြစ်၍ ခင်သီဟု မှတ်ရမည်။ မယ်သီလ၊ မယ်သီလောဟု ရှိသေးသည်။

  • အစားမကြမ်းရ
  • အအိပ်မကြမ်းရ
  • အသွားမကြမ်းရ
  • အထိုင်မကြမ်းရ
  • အရယ်မကြမ်းရ
  • စိတ်မကြမ်းရ
  • ကိုယ်မကြမ်းရ
  • နှုတ်မကြမ်းရ
  • အဆုံးအမ မကြမ်းရ

သီလရှင်များသည် လောကီရေးရာနှင့် ကင်းဝေးအောင် နေသူများဖြစ်၍ ပုထုဇဉ်လူသားတို့ထက် ပိုပြီး ကြည်ညိုခြင်းခံရအောင် နေထိုင်တတ်ရမည်ဟု ဆိုသည်။ သီလရှင်များသည် အဂါရဝဖြစ်စေမည့် ခြေဆင်းထိုင်ခြင်းပင် မပြုရ။ ကာမဘောဂီသူတို့ကဲ့သို့ နင်ဟယ်၊ ငါဟယ်၊ မင်း၊ ညည်း၊ အေး၊ ကျွန်မ၊ ရှင်၊ တော်စသည်တို့ကို မသုံးနှုန်းရ။ ရွာသူတို့၏ သားငယ်များကို ချီပွေ့မြှူခေါ်ခြင်း မပြုရ။ မိမိအဝတ်သည် မညစ်ညမ်းစေရ။ စိုသောအဝတ်နှင့် ရေကန်အတွင်း မဆင်းရ။ ရေမခပ်ရ။ သံဃာကျောင်းတိုက်မှ ဖျာ၊ သင်ဖြူး၊ ခင်းနှီး၊ ကော်ဇော၊ အိုးခွက်တို့ကို မငှားရ။ ရှောင်ကြဉ်ရမည်။ လူ၊ ရဟန်း၊ သာမဏေတို့ကို လက်ခံမထားရ။

ကိုးကား[ပြင်ဆင်ရန်]

  1. စောမုံညှင်း (ဇန်နဝါရီလ၊ ၁၉၉၈). "သီလရှင်ကျင့်ဝတ်". မြတ်ရတနာမဂ္ဂဇင်း.