သီတာဝင်း (မိုးနတ်သူဇာ)

ဝီကီပီးဒီးယား မှ

သီတာဝင်း ဟူသော အငြိမ့်မင်းသမီးအမည်ဖြင့် လူသိများသော မြသက်မော် (၁၉၅၆ - ၂၀၂၁ မေ ၉) သည် မြန်မာနိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်နှင့် ကဇာတ်မင်းသမီး ဖြစ်သည်။

သီတာဝင်း (၁၉၅၆-၂၀၂၁)[ပြင်ဆင်ရန်]

နာမည်ရင်းမှာ မြသက်မော် ဖြစ်ပြီး သီတာဝင်းသည် ရန်ကုန်တက္ကသိုလ်​၊ သတ္တဗေဒ ကျောင်းသူဘဝကတည်းက အနုပညာခရီးလမ်းကို အစပျိုးခဲ့သူ ဖြစ်သည်။

သူသည် စွယ်စုံရ မင်းသားကြီး အကယ်ဒမီဝင်းဦး၏ တပြည့်တစ်ဦးဖြစ်ခဲ့ပြီး ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့ပြီးမှ အငြိမ့်လောကဘက်သို့ ခြေဆန့်လာသူတစ်ဦးဖြစ်သည်။ မင်းသမီး သီတာဝင်းသည် မိုးနတ်သူဇာအငြိမ့်အဖွဲ့၏ ​ပင်တိုင်​မင်းသမီးအဖြစ် ပရိသတ်ချစ်ခင်အား​ပေးမှုများစွာ ရရှိခဲ့သူဖြစ်သည်။ မိုးနတ်သူဇာ အငြိမ့် အဖွဲ့ကို ခေါင်းဆောင်မင်းသမီးကြီး ဒေါ်သီတာဝင်း လူရွှင်တော်များအဖြစ် ဇာဂနာ၊ စုတ်ချွန်း၊ ပိန်ပိန်၊ တက်တူ၊ အရိုင်း၊ ကင်းကောင် တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ဦးနေဝင်း၏မဆလ အစိုးရအုပ်ချုပ်စဉ်ကာလ၊ နိုင်ငံရေးအကြောင်းပြောဆိုသူများကို ပြားပြားဝပ်အောင် နှိပ်ကွပ်နေချိန်တွင် အစိုးရ၏ အလွဲများကို ပညာသားပါပါ မကြောက်မရွံ သရော်ပျက်လုံးထုတ်ခဲ့သည့် အငြိမ့်အဖွဲ့ ဖြစ်သည်။ ထိုခေတ်ထိုအခါက ဒေါ်သီတာဝင်း၏ အက အလှကလည်း နာမည်ကြီးသလို အထေ့အငေါ့ကောင်းကောင်းနှင့် အစိုးရ အုပ်ချုပ်ရေးပိုင်းကို ပျက်လုံးထုတ်ကလိတတ်သော ဇာဂနာ၊ အရိုင်း၊ ကင်းကောင်တို့ကို မွေးထုတ်ပေးလိုက်သော အငြိမ့်အဖွဲ့လည်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစတင်ကာ ပရိသတ်များ၏အား​ပေးမှုနှင့်အတူ ​အောင်မြင်လာခဲ့သည့် မိုးနတ်သူဇာအငြိမ့်နှင့်အတူ မင်းသမီးသီတာဝင်းသည် ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးခဲ့ရသည်။ [၁]


မင်းသမီးကြီး သီတာဝင်းသည် မိုးနတ်သူဇာအငြိမ့်အဖွဲ့နှင့်အတူ “ဦးသဝန်မကြောင်အငြိမ့်” နှင့် “ချစ်ပါရမီရှင်အငြိမ့်” ကက်ဆက်​ခွေများကို ကိုယ်တိုင်စီစဉ်ထုတ်​ဝေခဲ့ပြီး ပရိသတ်အား​ပေးမှုများစွာရရှိသည်။ ထို့ပြင် ဆရာ နန်းညွန့်​ဆွေစီစဉ်ပြီး မင်းသမီး သီတာဝင်းနှင့်အတူ လူရွှင်​တော် ဇာဂနာ၊ စုတ်ချွန်း၊ ပိန်ပိန်၊ တက်တူတို့၏ “မိုးနတ်သူဇာအငြိမ့်” ကက်ဆက်​ခွေအပါအဝင် ကက်ဆက်​ခွေများနှင့် အငြိမ့်ဗီဒီယိုခွေများ ထုတ်ဝေခဲ့ပြီး ပပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည်။ ယင်းအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တင်ဆက်ခဲ့သည့် မိုးနတ်သူဇာအငြိမ့်မှာလည်း ပြည်သူများအကြား ​ရေပန်းစား လူကြိုက်များ ခဲ့သည်။

မင်းသမီးကြီးသီတာဝင်းသည် မျိုးဆက်သစ် အနုပညာရှင်များစွာကို အကပညာရပ်များ သင်ကြားပေးခဲ့သူဖြစ်သည်။ ​၂၀၂၀-ခုနှစ်တွင်လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရသေးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ရုပ်ရှင်မင်းသမီး ​ဒေါ်မြသက်​မော် (ခ) မင်းသမီးကြီး မိုးနတ်သူဇာ သီတာဝင်းသည် အဆုတ်ကင်ဆာ​ရောဂါဖြင့် ရန်ကုန်မြို့ ပန်းလှိုင်​ဆေးရုံ ကြီးတွင် တက်​ရောက်​ဆေးကုသမှုခံယူ​နေစဉ် ​ ၂၀၂၁-ခုနှစ်၊ ​မေ ၉ ရက် တနင်္ဂ​နွေ​နေ့ ည ၁၁ နာရီခွဲ အချိန်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၅)နှစ်ရှိပြီ ဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 14 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2021 တွင် ပြန်စစ်ပြီး။
  2. https://news-eleven.com/article/208151