သိုက်ထွန်းသက်

ဝီကီပီးဒီးယား မှ
သိုက်ထွန်းသက်
မွေးဖွားသိန်းဇော်
(1952-05-30)မေ ၃၀၊ ၁၉၅၂
မန္တလေးမြို့
ကွယ်လွန်ဇူလိုင် ၂၈၊ ၂၀၂၁(2021-07-28) (အသက် ၆၉)
အလုပ်အကိုင်စာရေးဆရာ
မိဘဦးအေးမောင်၊ ဒေါ်တင်မေ

သိုက်ထွန်းသက် (၃၀ မေ ၁၉၅၂–၂၈ ဇူလိုင် ၂၀၂၁) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။

အမည်ရင်း ဦးသိန်းဇော်ဖြစ်ပြီး မန္တလေးမြို့၊ စိန်ပန်းရပ်၊ အဖ ဦးအေးမောင်၊ အမိ ဒေါ်တင်မေ တို့မှ ၁၉၅၂-ခုနှစ်၊ မေလ (၃၀) ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း လေးယောက်အနက် ဒုတိယသား ဖြစ်သည်။ လသားအရွယ်တွင် ဒေါ်တင်မေ၏ အစ်မဝမ်းကွဲဖြစ်သူ ဒေါ်တင်တင်ငြိမ်းက မွေးစားခဲ့သဖြင့် မွေးစားမိဘများမှာ ဦးသိန်းတန်၊ ဒေါ်တင်တင်ငြိမ်းတို့ ဖြစ်သည်။ မန္တလေးမြို့ အမှတ်(၁၇) အစိုးရအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၆၉-ခုနှစ်မှ စ၍ မန္တလေးမြို့ထုတ် (၁၉၆၉ ခုနှစ် မေလ ၂၆ရက်နေ့ထုတ်) ထူးစာစောင်တွင် "ထွဏ်းကနောင်" ကလောင်အမည်ဖြင့် ဝတ္ထုကဗျာများစတင် ရေးသားခဲ့ပြီး ရန်ကုန်မြို့ထုတ်ဂျာနယ် မဂ္ဂဇင်းများ၌လည်း ကဗျာများ ရေးသားခဲ့သည်။ ၁၉၇၉-ခုနှစ်၊ ဇူလိုင်လထုတ် မိုးဝေစာပေမဂ္ဂဇင်းတွင် “နွားခြေရာခွက်ကလေးများ” ဝတ္ထုတိုဖြင့် မဂ္ဂဇင်းဝတ္ထုတို ရေးသားခြင်း စတင်ခဲ့သည်။ ၁၉၉၀-ခုနှစ်၊ မေလမှ ၂၀၀၃-ခုနှစ်၊ မတ်လအထိ မဟေသီ မဂ္ဂဇင်းတွင် “ဇန်မြင့်” ကလောင်ခွဲဖြင့် “ ရွှေပါးစပ် ငွေပါးစပ်” ကဏ္ဍကို ပင်တိုင်ယူ၍ စာပေရေးရာ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၇-ခုနှစ်တွင် ပန်းတိုင် မဂ္ဂဇင်း အယ်ဒီတာအဖြစ်၎င်း၊ ၁၉၉၇-ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်မှ ၂၀၀၃-ခုနှစ်၊ မတ်လ (၁၇)ရက်နေ့အထိ နံနက်ခင်း သတင်းဂျာနယ်တွင် အယ်ဒီတာအဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃-ခုနှစ်၊ မတ်လ (၁၇)ရက်နေ့မှ မန္တလေးမြို့တွင် အခြေစိုက် ထုတ်ဝေသော ရွှေမန္တလေး သတင်းဂျာနယ် အယ်ဒီတာချုပ်အဖြစ် ၂၀၁၆-ခုနှစ်၊ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့သည်။ ဂျီဩမေတြီဂေါဝန် ဝတ္ထုတိုပေါင်းချုပ် (၁၉၉၀)၊ သိုက်ထွန်းသက် လက်ရွေးစင် ဝတ္ထုတိုများ(၂၀၀၂)၊ မြို့ကလေးရဲ့ ကော်ပတ်စက္ကူဝတ္ထုတိုပေါင်းချုပ် (ဆရာမခင်ခင်ထူးနှင့် တွဲဖက်၍) (၂၀၀၃)၊ ဒေါ်လီ ဂျင်နီ အင်ဒီနှင့် စိန်မေလွင်တို့အကြောင်း စာပဒေသာဝတ္ထုတွဲ (၂၀၀၆)၊ သိုက်ထွန်းသက် ဝတ္ထုတိုပေါင်းချုပ်(၂၀၁၄)၊ သိုက်ထွန်းသက်ဝတ္ထုတို (၅)ပုဒ် (၂၀၁၇)၊ ရောက်မလာသေးတဲ့ နွေဦးနှင့် အခြားဝတ္ထုတိုများ (၂၀၁၇)၊ ရွှေဘမျက်နှာ အံ့ကျော်မျက်နှာကြား ရောက်ရှိသွားတဲ့ သိုက်ထွန်းသက် စာပေဆောင်းပါးများ(၂၀၂၀) နှင့် အခြားစာရေးဆရာများနှင့် တွဲ၍ ဝတ္ထုတိုပေါင်းချုပ်များ၊ စာပေအင်တာဗျူးများ၊ စာပေဆောင်းပါးများ ထုတ်ဝေခဲ့သည်။

သင့်ဘဝ၊ တိုင်းရင်းမေ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်ပဒေသာတွင် ကဗျာများ ရေးသားခဲ့သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် သောင်းပြောင်းထွေလာ မဂ္ဂဇင်းတို့၌ ကဗျာ၊ ဝတ္ထုတိုများကို သိုက်ထွန်းသက် ကလောင်အမည်ဖြင့် ရေးသားသည်။

မန္တလေးစာပေပညာရှင်များ၊ လူမှုကူညီရေးအစီအစဉ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တိုက်(၆)၊ အခန်း-ဒီ-၅၊ ကန်တော်ကြီးအနောက်ခြမ်း၊ လူနေတိုက်တန်း၊ သံလျက်မော် တောင်ရပ်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့ တွင် နေထိုင်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၂၁-ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၆၉)နှစ် ရှိပြီဖြစ်သည်။ ဇနီးဒေါ်အေးအေးနှင့် သမီး သုံးယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရုဏ်ငှက် ဝတ္ထုတို ခရမ်းနုရောင်ပွင့်သစ် (၃၁၊ ၁၊ ၁၉၈၃)